စနေ လကြတ် သွေးရောင်ထွက်

ကျွန်တော့်အနေနဲ့ကတော့ လကြတ်တာကို မျက်မြင်ဒိဌ မြင်တွေ့ရတဲ့ နိုင်ငံတွေမှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိမယ် ဆိုတဲ့ ရှေဟောင်းနက္ခတ်ဗေဒင် ယူဆချက်ကိုပဲ ပြန်တွေးမိပါတယ်။

စနေ၊ လကြတ်၊ သွေးရောင်ထွက်လို့ လိုတိုရှင်း ခေါင်းစဉ် ပေးလိုက်ရတာက ဒီနေ့ စနေနေ့ ညနေမှာ မြင်တွေ့ရမယ့် အနီရောင်လွှမ်းတဲ့ လကြတ်မှုဖြစ်စဉ်ကို အကျဉ်းချုပ် တပ်လိုက်တာပါ။ မကြာသေးခင်က နေကြတ်အပြီး တစ်လအတွင်းမှာ လကြတ်တာက နက္ခတ္တဗေဒအရ မထူးဆန်းပေမယ့် ဒီနေ့ည လကြတ်မှုဖြစ်စဉ်ကတော့ နည်းနည်း ဆန်းတယ်လို့ ပြောရမှာပါ။ ဘာ့ကြောင့် ထူးခြားသလဲ ဆိုတဲ့ အဓိက အကြောင်းသုံးရပ် ရှိပါတယ်။နံပါတ်တစ် ထူးခြားချက်ကို နှစ်ပေါင်းနှစ်ထောင်ကျော်အတွင်း လကို အနီရောင် ဆန်ဆန် မြင်တွေ့ရမှာ ဖြစ်တယ်။ နံပါတ်နှစ်က လအပြည့်အဝ ကြတ်ချိန် (အမှောင်ဖုံးသွားချိန်) ဟာ ဒီရာစုနှစ်မှာ အချိန်အတိုဆုံး ၅ မိနစ်ကနေ အများဆုံး ရှိကာမှ ၁၂ မိနစ်ပဲ ကြာမြင့်မှာ ဖြစ်တယ်။ နံပါတ်သုံးက ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနေ့ Easter Day နဲ့ တိုက်တိုက်ဆိုင်ဆိုင် လကြတ်မှု ဖြစ်တယ်။

အနောက်နိုင်ငံက သတင်းတွေမှာတော့ ဒီသုံးချက်ကို ထူးခြားမှုအဖြစ် ခေါင်းစဉ်တပ် ဖော်ပြကြပါတယ်။ ခရစ်ယာန် သင်းအုပ်ဆရာများက ဒါဟာ ဘုရားက အချက်ပြခြင်းလို့ ယူဆကြပြီး လူသားတွေကို ထူးခြားဆန်းကျယ်တဲ့ နည်းလမ်းနဲ့ ဆက်သွယ်လာတာလို့လည်း ပြောပါတယ်။ ဒါတင်မကဘဲ ဒီအနီရောင်လကို မြင်တွေ့ရတဲ့အတွက် အရှေ့အလယ်ပိုင်းဒေသမှာ သမိုင်းလမ်းကြောင်းကို အချိုးအကွေ့ ဖြစ်စေမယ့် ဖြစ်ရပ်တွေ ပေါ်လာမယ်၊ ကမ္ဘာပေါ်ကိုလည်း သက်ရောက်မှု ရှိလာမယ်လို့ ဆိုပါတယ်။

တကယ်တော့ ဒီသုံးချက်ထဲမှာ ထူးခြားတယ် ဆိုတဲ့ လကို အနီရောင်ပါးပါး မြင်ရတာဟာ ကမ္ဘာ့လေထုလွှာထဲ နေရောင်ထိုးကျမှုကြောင့် ဖြစ်ပြီး ဒီအရောင်တွေက လပေါ် ထင်ဟပ်တာပဲ ဖြစ်ပါတယ်။ လကြတ်တယ် ဆိုတာကလည်း နေ၊ကမ္ဘာ၊ လတွေ တစ်တန်းတည်း ဖြစ်ချိန်မှာ ကမ္ဘာအရိပ်က လပေါ် ကျတာပါပဲ။ ဒီလို အနီရောင်သန်းတဲ့ လကြတ်မှုကို မြောက်အမေရိက၊ သြစတြေးလျနဲ့ အာရှဒေသတွေမှာ မြင်တွေ့ရပါမယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ညနေ သုံးနာရီကျော်မှာ လစ ကြတ်ပြီး ညနေ ၆ နာရီခွဲမှာ အပြည့်အဝ ကြတ် (အမှောင်ဖုံး) တာကို မြင်တွေ့ရနိုင်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ လကြတ်တာကို မျက်မြင်ဒိဌ မြင်တွေ့ရတဲ့ နိုင်ငံတွေမှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိမယ် ဆိုတဲ့ ရှေဟောင်းနက္ခတ်ဗေဒင် ယူဆချက်ကိုပဲ ပြန်တွေး မိပါတယ်။ မြန်မာပြည်ကလည်း လကြတ်တာကို မြင်ရမယ့် နိုင်ငံတွေစာရင်းထဲ ပါနေပြီး ဒီနှစ်မှာလည်း ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတဲ့ ဟောကိန်းတွေ ရှိနေလို့ စိတ်ဝင်တစား သတိထား စောင့်ကြည့်ရတော့မှာပါ။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)