စမတ်ဖုန်းနဲ့ ဗေဒင်ဟောမယ်

စမတ်ဖုန်းတစ်လုံးမှာ ဗေဒင်ဆိုင်ရာ apps တွေ တပ်ဆင် ထည့်သွင်းပြီး ဗေဒင်ဟောလို့ ရပါပြီ။ အရင်လို လက်ပ်တော့ထဲ ဆော့ဝဲလ်ထည့်၊ ဇာတာဖွဲ့၊ ဒက်စ်တော့ကြီးကနေ ဇာတာစာရွက်တွေ ပရင့်ရိုက် ထုတ် ခေတ် မဟုတ်တော့ပါဘူး။ ဟိုးအရင်တုန်းကလိုလည်း တဲရော့ တခါဟောဖို့ ပိတ်စကြီး ခင်းဟဲ့၊ ဖဲရွက်တွေ စီဟဲ့ ဝေဟဲ့ ရွေးဟဲ့ လုပ်ရတဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။

စမတ်ဖုန်းတစ်လုံးထဲမှာ သက်ဆိုင်ရာ ဗေဒင် app တွေ ထည့်ပြီးတာနဲ့ ဖုန်းလေးကို ဟိုတို့ ဒီတို့ လုပ်ပြီး ဗေဒင်ဟောလို့ ရပါပြီ။ အော် .. ကျွန်တော့်ဖုန်းက Android OS မို့ iOS သမားတွေအဖို့တော့ အဆင်ပြေ မပြေ မသိပါဘူး။ အဲဒီတော့ Android User တွေအတွက် ဆက်ပြောပါမယ်။ iOS သမားတွေလည်း ကျွန်တော် အခု ပြောမယ့် apps တွေကို Apple Store မှာ ရှာတွေ့နိုင်မယ်လို့ ထင်ပါတယ်။

ကျွန်တော် လက်ကိုင်ဖုန်း စကိုင်တော့ အရင်ခေတ်ဟောင်း keypad ခလုပ်တွေနဲ့ ဖုန်းစုတ် ကလေး။ နောက်တော့ ချစ်သူက မနေနိုင်လို့ စင်ကာပူကနေ ရမ်းသန်း ဝယ်ပို့ပေးလိုက်တာ Samsung စမတ်ဖုန်း တစ်လုံး ရလာတယ်။ ဒါပေမယ့် Android OS မဟုတ်ဘဲ Java ပဲ ဖြစ်နေလို့ apps တွေ ကောင်းကောင်း မသုံးနိုင်ပြန်ဘူး။ နောက်ဆုံးတော့ ကိုမြင့်နိုင် (စင်ကာပူ) ရဲ့ ကျေးဇူးကြောင့် HTC စမတ်ဖုန်းတစ်လုံး ရရှိခဲ့တယ်။

အခုတော့ သွားလေရာပါတဲ့ အဲဒီ HTC ဖုန်းလေးနဲ့ပဲ ဗေဒင် apps တွေ ထည့်ပြီး ကြုံတဲ့ နေရာထိုင်၊ ရောက်တဲ့နေရာ ဟောနဲ့ ဖုန်းဗေဒင်ဆရာတစ်ပိုင်း ဖြစ်လာတယ်။ ဖုန်းထဲက apps တွေကို ဖွင့် ဟိုပွတ် ဒီပွတ်လုပ် ဟိုဒင်းဒီဒင်းတွေ ဟောနဲ့ ဒီနေ့ မျက်မှောက်ခတ် နည်းပညာဟာ ဗေဒင်ကိုပါ မြေကြောရှုံ့ပစ်လိုက်ပါတယ်။

ကောင်းပါပြီ။ ခင်ဗျားဖုန်းထဲ ဘာ ဗေဒင် apps တွေ ထည့်ထားလဲ ဆိုတော့ ကျွန်တော့်ဖုန်းထဲ ထည့်ထားတာ တဲရော့ရယ်၊ အနောက်တိုင်းဇာတာဖွဲ့တာရယ်၊ ဇီဝလည်ပတ်ပုံစနစ် ဟောကိန်းရယ်၊ အခုနောက်ဆုံး ကိုပခန်းတို့ ဆရာနျူမန်တို့ ရေးဆွဲထားတဲ့ ဇာတာဖွဲ့စနစ်ရယ် ဖြစ်ပါတယ်။ အဲတော့ အဲဒီ apps တွေ သုံးပြီး ဗေဒင် ဘယ်လို ဟောလဲ ဆိုတော့ကာ ဆိုတော့ကာ…

တခါတလေ လွယ်ကူ မြန်ဆန်တဲ့ တဲရော့ app ကို သုံးပြီး ဒိုးဒေါက် ဘိုးဘောက် ဟောထုတ်နိုင်ပါတယ်။ တဲရော့ဟာ မထင်မှတ်ဘဲ ကြောက်ခမန်းလိလိ ဟောကွက်တွေ ထုတ်နိုင်တာ လေ့လာဖူးသူတိုင်း သိကြပါတယ်။ အဲဒီတော့ တဲရော့သည်လည်း စမတ်ဖုန်းထဲမှာ ထည့်သုံး အားထုတ်အပ်တဲ့ ဗေဒင် app တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ဖာသာလည်း တဲရော့မှော်အောင်, အောင် ကြိုးစားထားပေါ့နော။

တခါတရံတော့ ကမ္ဘာနဲ့ချီတဲ့ စစ်မက်ရေးရာ၊ ပေါက်ကွဲမှုတွေ၊ သဘာဘေးတွေကို လေ့လာရာမှာ အနောက်တိုင်းသားတွေရဲ့ သာယနစနစ်က အတော်လေးအသုံးတည့် ပြန်ပါတယ်။ အဲဒီတော့ အနောက်တိုင်း ဇာတာကို ကျကျနန ဖွဲ့ပြတတ်တဲ့ app တစ်မျိုးကို ထည့်ထားရပါတယ်။ အဲဒီ app ဟာ ကျွန်တော ်ဟိုမွှေဒီမွှေနဲ့ လျှောက်လုပ်ရင်း မတော်တဆ သွားတွေ့မိတဲ့ ဇာတာဖွဲ့ဆော့ဝဲလ်လေးပါပဲ။

နောက်တစ်ခါ သဘောကျနှစ်ခြိုက်ရတဲ့ ဗေဒင် app က ဆရာကိုပခန်းနဲ့ ဆရာနျူမန်တို့ရဲ့ MOTAA ကနေ ထုတ်လုပ်လိုက်တဲ့ ဇာတာဖွဲ့ app လေးပဲ ဖြစ်ပါတယ်။ အများသူငါ လူပြိန်းတွေအထိ အလွယ်တကူ ဇာတာဖွဲ့ တွက်ချက်လို့ ရအောင် လုပ်ပေးထားတဲ့ app အတွက် MOTAA အဖွဲ့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေ၊ လေ့လာတင်ဆက်မှုတွေကိုတော့ (ကျွန်တော့်အနေနဲ့ ပညာရပ်ဆိုင်ရာ သဘောထားချင်း ကွဲလွဲရင်တောင်) အားကျ လေးစားမိပါတယ်။ ချီးကျူး ဂုဏ်ယူမိပါတယ်။

ဒီ app ဟာ ဟူးရားစနစ်နဲ့ ဗေဒင်ဟောချင်တဲ့အခါ၊ ဇာတာတွေ တစ်ထိုင်တည်း ဖွဲ့၊ တခါတည်း သုံးသပ် ဟောပြောတဲ့အခါ ကျွန်တော့်အဖို့ အင်မတန်မှကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ဲအဲဒီအတွက် MOTAA ကိုလည်း ကျေးဇူးအထူး တင်မိပါတယ်။ ပြီးတော့ အနောက်တိုင်းစနစ် ဇာတာဖွဲ့ app ကိုသာ ရရှိထားပြီး အရှေ့တိုင်းစနစ်နဲ့ ပတ်သက်လို့ ဘယ် apps ကိုမှ ဘဝင်မကျ ဖြစ်နေတဲ့ ကျွန်တော့်အဖို့ MOTAA ရဲ့ app ဟာ နောက်ဆုံး လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ကွက်တိ ဖြည့်ဆည်း လိုက်တာလည်း ဖြစ်ပါတယ်။

ကျွန်တော့် စမတ်ဖုန်းလေးထဲမှာ ထင်ရှားတဲ့ အမှတ်အသားအဖြစ် ရှိနေပြီး ဖွင့်ပြလိုက်တိုင်း မြင်သမျှ လူတွေ အံ့သြတကြီး ဖြစ်သွားစေတဲ့ app ကတော့ Stellarium ပဲ ဖြစ်ပါတယ်။

ကောင်းကင် အမြင်နက္ခတ်တွေ၊ ရာသီခွင်ရုပ်တွေ၊ ကြယ်စုတွေကို ကိုယ်နေထိုင်ရာဒေသနဲ့ ကိုက်ညှိပြီး ကြည့်ရှုနိုင်အောင် ဖန်တီးထားတဲ့ app ပါ။ Google Play မှာ ငွေပေး ဝယ်ရပေမယ့် ဒီမြန်မာပြည်ကနေ ဝယ်ရခက်တဲ့အတွက် အင်တာနက်ကို တူးဖော်ရာမှာ မထင်မှတ်ဘဲ ကော်ပေါက်တွေ့ ဒေါင်းယူနိုင်ခဲ့ပါတယ်။

အော် ကျန်သေးလို့ဗျ။ Biorythum တဲ့။ ဆရာဒဂုန်ကတော့ ဇီဝသံသရာစနစ်လို့ ဘာသာပြန် ရေးသားဖူးပါတယ်။ လူတွေမှာ ရုပ်၊ စိတ်၊ ဉာဏ်ရယ်လို့ သုံးမျိုး ခွဲခြားပြီး အဲဒီ သုံးခုရဲ့ အတက် အကျတွေကို ဗေဒင်သဘောလို ယူဆ ရှုမြင်နိုင်တဲ့ နည်းစနစ် ဖြစ်ပါတယ်။ သူ့နည်းသူ့ဟန် သူ့အတိုင်း အတာနဲ့သူ အတော်လေး မှန်ကန်မှု ရှိတဲ့ စနစ်ပါလို့ ကျွန်တော် ထောက်ခံပါတယ်။ မွေးရက်၊ လ၊ နှစ်တွေ ထည့်လိုက်ရုံနဲ့ လှိုင်းအတက် အကျတွေကို တွက်ချက်ပြမှာ ဖြစ်ပါတယ်။

ကဲ … မိတ်ဆွေတို့လည်း ဗေဒင် ဝါသနာပါရင် ကျွန်တော် အခု ဖော်ပြထားတဲ့ apps လေးတွေ ထည့်ထား မယ်လို့ ယုံကြည်ပါတယ်။ မထည့်ရသေးရင်လည်း အနည်းဆုံး တဲရော့ ဖြစ်ဖြစ် Biorythum ကိုပဲ ဖြစ်ဖြစ် ဆွဲထည့်ပြီး သုံးစေချင်ပါတယ်။ ဇာတာဖွဲ့ apps တွေကတော့ နက္ခတ်ဗေဒင် လိုက်စားသူတွေ အတွက် မြင်းကို ဂျိုတပ်ပေးမယ့်၊ ကျားကို အတောင် တပ်ပေးမယ့် ချောဆီ apps တွေပါပဲဗျာ။

ဒီ apps တွေ ရေးဆွဲပြီး အများသုံးဖို့ ချပေးလိုက်တဲ့ ဆရာ့ဆရာအပေါင်း ပညာရှင်အပေါင်းကိုလည်း ဒီစာစုလေးကနေ ကျေးဇူး အထူးတင်ရှိပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။ ပြီးတော့ ဟောဒီ စာစုလေးနဲ့ပဲ ဒီကနေ့ ထွက်ပေါ်လာတဲ့ ၁၅ဝဝ တန် ဆင်းကဒ်တွေ ထွက်ရှိတော့မယ် ဆိုတဲ့ ကြေငြာချက်ကို ကြိုဆိုလိုက်ပါတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)