တကယ်လို့များ ခင်ဗျားဟာ ပုတီးစိပ်နေကျ အဓိဌာန်သမားတစ်ဦး ဖြစ်မယ်ဆိုရင်၊ ဒါမှမဟုတ် ပရိတ်၊ ပဋ္ဌာန်းကို စွဲစွဲမြဲမြဲ ရွတ်ဖတ်ပူဇော်ကျ ဖြစ်မယ်ဆိုရင်၊ ဒါမှမဟုတ် စိတ်တန်ခိုး တိုးတက်ရာတိုးတက်ကြောင်း အားပေးတဲ့ ကျင့်စဉ်တစ်ခုခုကို လိုက်စားလေ့ကျင့်သူ ဖြစ်မယ်ဆိုရင် အောက်ပါ စာပိုဒ်လေးတွေကို အလေးအနက်ထား ဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ စာရေးသူကတော့ တစ်ခေတ်တစ်ခါက စာပေလောက နယ်ပယ်မှာရော၊ ဗေဒင်ဂမ္ဘီရလိုင်းမှာပါ ထွန်းတောက်အောင်မြင်ခဲ့တဲ့ ဆရာကြီးမင်းသိင်္ခ ပဲ ဖြစ်ပါတယ်။
“ဒီလိုရှိတယ် မောင်အောင်ထွန်းရဲ့ ၊ အထက်လမ်းဂိုဏ်းတွေ တော်တော်များတယ်ကွ ။ အဲဒီဂိုဏ်းတွေ အားလုံးရဲ့ ရည်ရွယ်ချက်က သိဒ္ဓိ တိုးတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြတဲ့  ဂိုဏ်းတွေချည်းပဲ။ ဒါပေမဲ့ ငါတွေ့ ဖူးတဲ့ ဂိုဏ်းသူဂိုဏ်းသားတွေဟာ သိဒ္ဓိ တိုးတက်လာတာကို မတွေ့ ရဘူး ။ စီးပွားတွေ ပျက်သွားတယ်။ အိမ်ထောင်တွေပါ ပျက်ပြီး ဘဝတွေပါ ပျက်သွားကြတယ်။ အဲဒီထက် ဆိုးတာက သိဒ္ဓိလမ်း လိုက်ရင်းနဲ့  ပုတီးစိပ် ရပါများလို့  ယောင်္ကျားတွေဆိုရင်လည်း ဒူလာစွဲသွားကြတယ် ။ မိန်းမတွေ ဆိုရင်လည်း မီးယပ်ကိုင်သွားကြတယ်။ ဆံပင်တွေ ဖြူသွားကြတယ် ။ နားထင်နားရင်းတွေ ကျကုန်တယ် ။ အရွယ်မတိုင်ဘဲ အိုရုပ်တွေ ပေါက်လာကြတယ်။
အမှန်က ဒီလိုမဖြစ်သင့်ဘူး ။ အလုပ်တစ်ခုဟာ အမြတ်မရချင်နေ အရှုံးတော့  မပေါ်စေချင်ဘူး ။ သိဒ္ဓိရတယ် ဆိုတာ အမှန်ကတော့ စိတ်တန်ခိုး တိုးတက်အောင် လုပ်တာပါပဲ ။ တစ်ကယ်နည်းမှန် လမ်းမှန်နဲ့ လုပ်ရင် အဲဒီလူရဲ့ မျက်နှာဟာ ကြည့်လိုက်ရင် ကြည်ပြီး အေးနေရတယ်။ လတ်ဆတ်နေရမယ်။ ပြီးတော့ ဘဝအဆင့်အတန်းဟာလည်း တစ်နေ့ ထက်တစ်နေ့  တိုးတက်လာရမယ် ။ ထမင်းနပ်မမှန်တဲ့ လူဟာ စိတ်လေ့ကျင့်ခန်းတွေကို အကျအန ကျင့်လိုက်ရင် နပ်မှန်လာရမယ် ။ အဲဒီကနေတစ်ဆင့် အိုးအိမ်နေရာထိုင်ခင်းတွေ ပိုင်ဆိုင်လာရမယ် ။ သူ့ဘဝဟာ တဖြည်းဖြည်း ဖူလုံသည်ထက် ဖူလုံရတယ်။
နောက်ဆုံးမှာ သိဒ္ဓိ လိုချင်တယ်ဆိုရင်လည်း သူလိုချင်တဲ့  သိဒ္ဓိကို ရသွားရမယ်။ ရှေ့တုန်းက ထွက်ရပ်လမ်း မသွားမီစပ်ကြားမှာ စားလမ်းဆိုတဲ့ လမ်းတစ်ခုရှိတယ်။ အဂ္ဂိရတ်သမားများဆိုရင် ပိုသိပါတယ် ။ သူ့ ရဲ့ ဓါတ်လုံးဟာ သိဒ္ဓိမရခင်မှာ ရွှေဖြစ်စေတဲ့  စားလမ်းတစ်ခုကို ဖြတ်သန်းရတယ်။
အဂ္ဂိရတ်နည်းနဲ့ မဟုတ်ဘဲနဲ့  ထွက်ရပ်လမ်းကို မန္တန်နဲ့ ပဲလိုက်လိုက် အင်းနဲ့ ပဲလိုက်လိုက် ပုတီးနဲ့ ပဲ လိုက်လိုက်ပေါ့ ။ အဲဒီလူတွေဟာလည်း ထွက်ရပ်လမ်း မရောက်ခင်မှာ ရသေ့ရိက္ခာထောက်ဆိုတာ လမ်းတစ်ခုရှိတယ် ။ အဲဒါဟာလည်း စီးပွားဖွံ့ ဖြိုးတဲ့ နည်းလမ်းတစ်ခုရှိတာကို ပြောတာပါ။
အခုအခါမှာ ဂိုဏ်းအသီးသီးက သိဒ္ဓိလမ်းကို လိုက်နေတဲ့ သူ အတော်များများ စားလမ်းလည်း မရှိ ။ အဲဒီ ရသေ့  ရိက္ခာ ထောက်လမ်းလည်း မရှိ ။ စွတ်ရွတ်ပြီး လုပ်နေကြတော့  စီးပွားရေးတွေပျက် အိမ်ထောင်တွေပျက် ဘဝတွေပျက် နောက်ဆုံးမှာ သိဒ္ဓိလမ်းကို မရောက်တော့ဘဲ ငတ်ငတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲ ဆေးဖိုးလည်းမရှိ ဝါးခလည်း မတတ်နိုင် ဘဝမှာ ငြိုငြင်စွာနဲ့ပဲ သေဆုံးသွားရတာချည်းပဲ ။
အခုငါ မင်းကို ပြောပြတဲ့ နည်းတွေဟာ အဲ့ ဒီလို မှားယွင်းတဲ့  နည်းတွေ မဟုတ်ဘူး ။ စိတ်လေ့ကျင့်ခန်းတွေ လုပ်တဲ့သူ လွယ်လွယ်ပြောရရင် သိဒ္ဓိလမ်းကို လိုက်တဲ့ သူဟာ တစ်နေ့ တစ်ခြား မျက်နှာ ကြည်လာရမယ်။ တစ်နေ့တခြား လူ့ ဘဝမှာ လိုအပ်တဲ့ လိုအပ်ချက်တွေ ပြည့် စုံလာရမယ်။ အလုပ်မရှိတဲ့ သူက အလုပ်ရ ရမယ်။ နေစရာမရှိတဲ့ သူက နေစရာ အိုးအိမ် ရရမယ် ။ စီးစရာ မရှိတဲ့ သူဟာ စီးဖို့ မော်တော်ကားတွေ ရလာရမယ်။ ပြည့်စုံကုံလုံခြင်းကို ရရှိလာရမယ် ။ ဒါမှ အဲဒီလေ့ကျင့်ခန်းဟာ မှန်တယ်။ တစ်နေ့ထက်တစ်နေ့  စုတ်ပြတ်သတ်သွားပြီ ဆိုရင်တော့  အဲဒီနည်းကို ရပ်လိုက်ပေတော့။”
ပုတီးစိပ်၊ အဓိဌာန်ဝင်နေကြသူများ၊ စိတ်တန်ခိုးသမထလမ်းစဉ်ကို လျှောက်လှမ်းနေသူများအတွက် ဗဟုသုတ မှတ်သားစရာအဖြစ် ဆရာကြီးမင်းသိင်္ခ၏ ဂမ္ဘီရဝထ္ထုတစ်ပုဒ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)