စံဇာဏီဘို ပြောသော မင်းသိင်္ခအကြောင်း

ကိုဇာဏီ သူ့ပညာ တိုးသထက်တိုးအောင် ဖြည့်ဆည်းပုံ၊ ဆရာမင်းသိင်္ခ ခရားရေလွှတ် ပြောနိုင်လောက်အောင် တော်ပုံတွေကို ကျွန်တော်က မျက်မြင်သက်သေ ဖြစ်နေတယ်။

ဟိုးလွန်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ကုန်ပိုင်းလောက်က ကျွန်တော့် ဘလော့ဂ်မှာ ဟိုတုန်းက သူတို့နှစ်ယောက် ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ သူတို့ နှစ်ယောက် ဆိုတာကတော့ ဒီကနေ့ နာမည်ကျော် ဗေဒင်ဆရာ စံဇာဏီဘိုနဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အဘ ဆရာကြီးမင်းသိင်္ခတို့ပဲ ဖြစ်ပါတယ်။ အဘမင်းသိင်္ခ ကွယ်လွန်ပြီး လပိုင်းအကြာမှာ ထုတ်ဝေလာတဲ့ မှတ်မှတ်ရရမင်းသိင်္ခ ဆိုတဲ့ စာအုပ်မှာ သတင်းစာဆရာကြီးမောင်ဝံသက စာရေးဆရာ၊ ဗေဒင်ဆရာ၊ သတင်းစာဆရာ စတဲ့ အသိပညာရှင် အတတ် ပညာရှင်တွေ အကျဉ်းစံနေရတုန်းအခိုက်မှာ စံဇာဏီဘိုက ဆရာကြီးမင်းသိင်္ခဆီကနေ ပညာသင်ယူပုံ အကြောင်းလေး ရေးသားထားတာကို ကျွန်တော်က အမှတ်တရအဖြစ် ထုတ်နုတ် တင်ပြခဲ့တာပါ။

ဆရာမောင်ဝံသရဲ့ စာက ဟောသလိုပါ။

ဆရာစံဇာဏီဘိုက အဲဒီတုန်းက ပိန်ပိန်လေး၊ သူရေချိုးထွက်ရင် ဆရာမင်းသိင်္ခက သူနဲ့အတူ ရေချိုးတယ်။ ကိုဇာဏီက ဘယ်လောက်တော်သလဲဆိုရင် ဆရာမင်းသိင်္ခကို ရေခပ်လောင်းပေးတယ်။ ဆရာခက သမံတလင်းပေါ်မှာ ဖင်ချထိုင် ခြေဆင်းနေပြီး ကိုဇာဏိီက အုတ်ရေကန်ထဲက ရေခပ်လောင်းပေး၊ ဆပ်ပြာတိုက်ပေး၊ ချေးတွန်းပေးတယ်။ အဲဒီတစ်ချိန်လုံးမှာ သူသိချင်တာတွေ၊ ဗေဒင်လက္ခဏာ သဘော တရားတွေ၊ အယူအဆတွေကို မေးနေတော့တာပဲ။ ကျွန်တော့် အခန်းတံခါးနဲ့က ငါးကိုက်လောက်ပဲ ကွာတော့ အဲဒီမြင်ကွင်းကို နေ့တိုင်းလိုလိုမြင်နေရတယ်။ ကိုဇာဏီ သူ့ပညာ တိုးသထက် တိုးအောင် ဖြည့်ဆည်းပုံ၊ ဆရာမင်းသိင်္ခ ခရားရေလွှတ် ပြောနိုင်လောက်အောင် တော်ပုံတွေကို ကျွန်တော်က မျက်မြင် သက်သေ ဖြစ်နေတယ်။ ရေချိုးပြီးရင် ကိုဇာဏီက ရေလဲခံယူပေး၊ ရေစိုပုဆိုးကို လျှော်ပြီး ရေညှစ် လှန်းပေးတယ်။ ပြီးမှ ကိုယ့်အခန်း ကိုယ် ပြန်ကြတာကိုး။

ဆရာမောင်ဝံသရဲ့ စာကို ဖတ်အပြီး မင်းသိင်္ခ – စံဇာဏီဘိုအကြားက ဆရာတပည့် ဆက်ဆံရေးကို ကျွန်တော် အမြဲ အမှတ်ရနေမိပါတယ်။ အခက်အခဲပေါင်းစုံ ဖြတ်သန်း ခဲ့ရတဲ့ ထောင်တွင်းကာလတွေမှာ ဗေဒင်ပညာ သင်ပြ၊ သင်ယူပုံကလည်း ကျွန်တော်တို့လို ဝါသနာရှင်တွေ အဖို့ အတုယူစရာ ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်ဖတ်ချင်သေးတဲ့ ဆန္ဒတွေ ပြင်းပြလာလိုက်တာ ဒီနှစ် ၂ဝ၁၃ ဇန်နဝါရီလဆန်းမှာတော့ ကျွန်တော် ဆန္ဒတွေ အတော်လေး ပြည့်ဝသွားပြီလို့ ဆိုနိုင်ပါတယ်။

အကြောင်းကတော့ လွတ်လပ်ပွင့်လင်းလာတဲ့ ဒီမိုခေတ်မှာ နိုင်ကျဉ်းဟောင်းတွေက စာအုပ်တွေ ထုတ်ဝေလာတဲ့အတွက် ဆရာစံဇာဏီဘိုကလည်း ( ၁ ထောင် ၅/ည ပုံပြင်များ ) ဆိုတဲ့ စာအုပ်ကို နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ် ရန်ပုံငွေအဖြစ် ထုတ်ဝေလာရာမှာ မင်းသိင်္ခ-စံဇာဏီဘိုတို့ရဲ့ ထောင်တွင်း ပညာသင်ကာလ အတွေ့အကြုံတွေကို တွေ့ရှိလိုက်ရလို့ပါပဲ။

“ဆရာကြီးမင်းသိင်္ခကို အားလုံးက (ဆရာခ) (ဗိုလ်ခ) ဟူ၍ ချစ်စနိုး ခေါ်ကြ၏။ တစ်ပါးသူတို့က နွားတံဆိပ် သနပ်ပင် မကျင်လှတံဆိပ် ဆေးပေါ့လိပ်ကို ဖင်စီခံလောင်သည်အထိ ရှားရှားပါးပါး သောက်သုံးနေ ရချိန်တွင် ဒူးယားဆေးလိပ်ကို လက်ဖျားက မချ၊ ဒူးယားခေတ်ကုန်သော် ဇင်ဇင်းဆေးလိပ်ကို သောက်၏။ ဇင်ဇင်းခေတ် ကုန်သော် မွန်ထရီ၊ မွန်ထရီ ခေတ် ကုန်သော် လပ်ကီးစထွိုက်၊ နောက်ဆုံးတွင်ကား ဤသို့ စီးကရက်မျိုးကို မသောက်သုံးတော့။ ထောင်တွင်း၌ ထရစ်ပယ် 5 မည်သော (555) စီးကရက်ကို သောက်သုံးသည်။”

“စင်စစ်တွင် ထိုဒေသ၌ နွားတံဆိပ် မကျင်လှ ဆေးလိပ်မှတစ်ပါး အခြားသော ဆေးလိပ်တို့ကို သွင်းခွင့် မရှိ။ မီးခြစ်ကိုင်ခွင့် မရှိ။ ဆရာခအတွက်က အာပေးဆာပေး ဤစကားသည်ကား ထိုကာလ ထောင်တွင်း ဘန်းစကား အေးအေးဆေးဆေးပါ ဟူသော စကား ဖြစ်၏။ လွန်စွာ ဘုန်းတန်ခိုး ကြီးသည်။ ပြောမည့် ဆိုမည့်သူ ဟူ၍ မရှိ။ ဝါဒါကိုပင် ကုန်းပိုးစီး၍ ရေချိုးဆင်းသူ ဖြစ်သည်။”

“ဆရာခသည် စကားအပြော ကောင်း၏။ ဗဟုသုတ ကြွယ်၏။ စာရွက်ပေါ်တွင်မက ပါးစပ်နှင့်ပင် ဝထ္ထု ရေးနိုင်စွမ်း ရှိ၏။ အလံနီသခင်စိုးက ပြန်ဆိုသော ကားလ်မခ်စ်၏ အရင်းကျမ်း ဒတ်စ်ကာပီတယ်လ် (Das-Capital) ကို အာဂုံဆောင်သူ ဖြစ်သည်။ ဗေဒင် တတ်၏။ ရေကသိုဏ်းအတတ်ကို ထောင်တွင်း၌ ကျင့်၍ အောင်မြင်၏။ ရေခွက်တွင် ဖြည့်ထားသော ရေကို ကြည့်၍ ထောင်ဝင်စာ လာတွေ့သူသည် ဘာအရောင် ဝတ်လာသည်၊ အဘယ်သို့သော ပစ္စည်း ယူဆောင်လာသည်၊ မည်သို့သော အစားအသောက် ပါသည်ကို အတပ်ဟောနိုင်သည်သာမက အိမ်တွင် မင်္ဂလာဆောင် ရှိသည်၊ ကြမ်းကျိုးနေသည်မှ အစ ပြောနိုင်စွမ်း ရှိသည်။ မျက်လှည့်အတတ်ကို မှော်ဆရာတစ်ဦးအလား တတ်ကျွမ်းသည်။ အိပ်မွေ့ချတတ်သည်။ စိတ်ညို့တတ်သည်။”

“ကဲ ကိုယ့်လူ လောကကြီးဟာ သူ့နေရာနဲ့သူ တန်ဖိုး ရှိတယ်။ ကေသရာဇာ ခြင်္သေ့မင်းရဲ့ အဆီအသွေးဟာ သိင်္ဂီရွှေခွက်နဲ့သာ ထိုက်တန်တယ်။ ဒီလို ထောင်ကျတဲ့ နေရာမျိုးမှာ မောရသုတ်နဲ့ ဂျင်းသုပ်ဟာ ဘယ်ဟာက လက်တွေ့ဆန် ပိုအရေးကြီးလဲ မင်းဖြေစမ်းကွာ” (မောရသုတ်နှင့် ဂျင်းသုပ် ဆောင်းပါးမှ)

“ဒီမှာ ကိုယ့်လူ မှားလို့ကတော့ အင်မတန် ထက်ရှတဲ့ စိန်ဓားမောက်သင်တုန်းဓားနဲ့ ကိုယ့်လျှာကိုယ် ဖြတ်ပြီး ဂိုဘီသဲကန္တာရထဲသာ ပစ်လိုက်…ဤကား ဆရာခ၏ စိန်ခေါ်ကြွေးကြော်သံ ဖြစ်သည်။ ဒီလွတ်လပ်ရေးနေ့ အားလုံး လွတ်မယ်၊ နိုင်ငံတော် လာမယ်၊ မှားရင် လျှာကိုဖြတ်၊ ဂိုဘီသဲကန္တရထဲ ပစ် ဟူသော ဆရာခ၏ ဟောကိန်းသည်ကား တိုက်ဝင်းအတွင်းသာမက တစ်ထောင်လုံး၊ ထုမှသည် နယ်အသီးသီးတွင် ရှိသော ရဲဘက် စခန်းများသို့ ပျံ့နှံ့ကုန်သည်။”

“ကိုယ့်လူ မြဂေါင်၊ မင်းမသေဘူး မနက်ဖြန် လွတ်မှာ အလွန် ပီသရှင်းလင်း၍ ရင်ခေါင်းထဲမှ ထွက်ပေါ်လာသော သြဇာကြီးမားလှသော အသံနှင့် ဆရာမင်းသိင်္ခ အော်ဟစ် ပြောသံ ကြားသော်… စင်စစ် မြဂေါင်သည် လူမိုက်လူဆိုးတစ်ဦး မဟုတ်။ အိမ်တစ်ခုလုံးရှိ မိသားစု တစ်ယောက်မကျန် အသက် ၈ဝ ကျော် အဘွားမှအစ ပုခက်အတွင်း ရှိကုန်သော လူတို့ကို တစ်ယောက်မကျန် သတ်ဖြတ်သော သေဒဏ်ပေးခံရမှုသည်ကား … ” (စားစား အားမနာနဲ့စား ဆောင်းပါးမှ)

“ဆရာကြီးမင်းသိင်္ခ၏ ဗေဒင်သိုင်းကျမ်းသည်ကား လွန်စွာ နက်နဲလှ၏။ သိုင်းအတတ်ကို လွန်စွာ စိတ်ဝင်စားသည့် ပီသုံးလုံးခေါင်းဆောင် ဦးလှရွှေမှပင် လွန်စွာ ချီးကျူး၏။ ဟာ .. ဒါတွေက ဒီလို၊ ၁၉၅ဝ က အမေရိကမှာ အလွန်ခေတ်စားခဲ့တဲ့ စာအုပ်ထဲက အကွက်တွေပဲ။ စာအုပ်နာမည်က I Ching or Book of Changes ။ ဒီယီချင်းလို့ ခေါ်တဲ့ အပြောင်းအလဲတွေအကြောင်း တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်က ချီးကျူးထားတယ်။ မော်စီတုန်းကလည်း အတော် သဘောကျတယ် ဆိုပဲ။ ၁၉၃၄၊ အောက်တိုဘာ ၁၆ ရက်မှာ မော်စီတုန်းက Long March ဆိုတဲ့ ခရီးရှည်ကို လျှောက်ခဲ့တာ ဒီရီချင်းကွက်တွေနဲ့ လျှောက်ခဲ့တာ မင်းတို့ ဆရာခက တယ်သိပါလား” (အုတ်ရိုးနောက်ကွယ်မှ ဗေဒင်သိုင်းဂိုဏ်းသားများ ဆောင်းပါးမှ)

ကဲ .. စာမြည်းလေးတွေ ဖတ်ပြီးရင် ဆရာစံဇာဏီဘိုရဲ့ အဲဒီ ၁ ထောင် ၅/ည ပုံပြင်များ စာအုပ်ကို ဝယ်ဖတ်ကြည့်ပါဦးဗျာ။ ခင်ဗျားဟာ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊ ပုဏ္ဍားဘကွန်း၊ ဦးဂွမ်တီ ဆိုတဲ့ လူထူး လူဆန်းကြီးတွေရဲ့ ဖန်တီးရှင် စာရေးဆရာ၊ ဗေဒင်ဆရာ ဒေါက်တာမင်းသိင်္ခကို သတိတရ ရှိနေသေးရင်၊ ဒီနေ့ နာမည်ကျော် ဗေဒင်ဆရာ စံဇာဏီဘိုနဲ့ မင်းသိင်္ခတို့ရဲ့ အတိတ်တခါက ဘဝတစ်ခုအကြောင်း စိတ်ဝင်စားတယ် ဒီနေ့ နာမည်ကျော် အနုပညာရှင်၊ စာရေးဆရာ သတင်းစာဆရာတွေ လူ့ငရဲကို ဘယ်လို ဖြတ်သန်းခဲ့တယ်ဆိုတာ သိချင်တယ် ဆိုရင်ပေါ့။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)