ဘာကုန်ရောင်းရင် မြတ်မလဲ နှင့် လက်ဆန်းဗေဒင်ပညာ

ကုန်ရောင်းကုန်ဝယ်သမားများအတွက် ရှေးမြန်မာ့လက်ဆန်း ဗေဒင်ပညာရှင်ကြီးများ ထားရစ်ခဲ့သော အသက်ကို သိရုံဖြင့် ကုန်အရောင်းအဝယ် အမြတ်၊ အရှုံး တွက်ချက်နိုင်သောနည်းကို လက်တွေ့အသုံးချ အကျိုးများစေဖို့ ဖော်ပြပေးပါမည်။

ယဉ်ကား၊ အိုးအိမ်မှအစ အထည် ထီး၊ ဖိနပ်အဆုံး ရောင်းလိုသောကုန်ပစ္စည်း၏ နေ့နံကို သိရှိရန်တော့ လိုအပ်ပေမည်။ ကား ရောင်းလိုက တနင်္လာနံ နံသင့် ဂဏန်း ၂ စသဖြင့် သိရှိစေရန် နေ့နံအက္ခရာ အလိုက်ဖော်ပြပေးပါမည်။

နေ့နံ အက္ခရာ
၁နွေနံ(၁) အ၊ဉ၊ဩ၊ ဧ
၂င်္လာနံ (၂) က၊ခ၊ဂ၊ဃ၊င
၃င်္ဂါနံ (၃) စ၊ဆ၊ဇ၊ဈ၊ည
၄ဟူးနံ (၄) ယ၊ရ၊လ၊ဝ
ကြာသပတေးနံ (၅) ပ၊ဖ၊ဗ၊ဘ၊မ
သောကြာနံ(၆) သ၊ဟ
စနေနံ (၇) တ၊ထ၊ဒ၊ဓ၊န

အထက်ပါအတိုင်းကုန်ပစ္စည်းများအက္ခရာအလိုက် တန်ဖိုးသင့်ဂဏန်းကို သိထားရမည်။

ထို့နောက် မိမိလက်ရှိရောက်ဆဲအသက်ကို တိတိကျကျ သိရှိရန်လိုအပ်ပေမည်။ အသက် ၃၀ ပြည့်ပြီးပါက ၃၁ နှစ်၊ ၃၁ ပြည့်ပြီးက ၃၂ စသဖြင့် ပြည့်ပြီးသား အသက်ထက် တစ်နှစ် ပိုယူရပေမည်။

တွက်နည်းအစုံမှာ မိမိရောက်ဆဲအသက်နှင့် အရောင်းအဝယ်လုပ်မည့် ကုန်ပစ္စည်းနံကို ပေါင်းရမည်။ ရလာသော ရလဒ်ကို ၆ ဖြင့် စားရပေမည်။

အကြွင်းဂဏန်းသည် ၂ နှင့် ၅ ဖြစ်ပါက အမြတ်အစွန်း သိပ်မရှိတတ်။ ၁၊ ၃ ၊ ၄ ကြွင်းပါက သေချာပေါက် အမြတ်အစွန်း ကျန်ပေမည်။

ဉပမာ အနေဖြင့် အသက် ၃၉ ရှိသောသူတစ်ဦးသည် ကားအရောင်းအဝယ် လုပ်မည်ဆိုပါစို့။

အသက် ၃၉ ကို တနင်္လာနံ(ကား) ဖြစ်၍ ၂ ဂဏန်း ပေါင်းရမည်။ ၃၉+၂ = ၄၁ ရသည်။ ၎င်း ၄၁ကို ၆ဖြင့် စားရာ ၅ကြွင်းသည်။ သို့ဖြစ်၍ ကားရောင်းဝယ်ခြင်းဖြင့် အမြတ်အစွန်း သိပ်မရှိ ဖြစ်ပေမည်။

အသက် ၃၀ အရွယ်ရှိသူတစ်ဦးသည် ဆိုင်ကယ် အရောင်းအဝယ် လုပ်မည်ဆိုပါစို့။ အသက် ၃၀ တွင် ဆိုင်ကယ် (အင်္ဂါနံ) ၃ ကို ထည့်ပေါင်းရာ ပေါင်းလဒ် ၃၃ ပေမည်။  ၎င်း ၃၃ကို ၆ ဖြင့်စားပါက ၃ပြန်ကြွင်းပေမည်။ ထို့ကြောင့် သေချာပေါက် အမြတ်အစွန်းကောင်း ရပေမည်။

ဤနည်းဖြင့် လက်ရှိအသက်ပိုင်းအတွင်း ကုန်ပစ္စည်း အလဲအလှယ် အရောင်းအဝယ်သင့်မသင့်၊ လက်ရှိ အသက်ပိုင်းတွင် သက်ဆိုင်ရာလုပ်ငန်းအရောင်းအဝယ် အကျိုးမြတ်ရှိ၊ မရှိ တွက်စစ်နိုင်ပါသည်။

လက်တွေ့အသုံးချ ကောင်းကျိုးဖြစ်ထွန်းကြပါစေသတည်း…

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)