ဘီလျံနာ၊ မီလျံနာတွေရဲ့ ဇာတာ

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးကြီးတွေဟာ ဘယ်လိုဇာတာရှင်တွေလဲ။ သူတို့ ဇာတာမှာ ဘယ်ဂြိုဟ်၊ နက္ခတ်တွေက ဘယ်လို ရပ်တည်နေသလဲ။ သူတို့ ဇာတာလို အနေအထားတွေက ခင်ဗျားတို့ ကျွန်တော်တို့ဆီမှာရော ပါနေမလား။

သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားပါနဲ့။ ခက်ခက်ခဲဲခဲ မတွေးလိုက်ပါနဲ့။ ခင်ဗျားဟာ သြဂုတ်လ ၂၃ ရက်ကနေ စက်တင်ဘာ ၂၂ ကြားမှာ မွေးတဲ့ ကန်ရာသီဖွားသာ ဖြစ်မယ် ဆိုရင် ခင်ဗျားမှာ ဘီလျံနာ သူဌေးကြီး ဖြစ်ဖို့ Chance ပိုများပြီလို့ ယုံကြည်လိုက်ပါ။ ဟုတ်ပါ့မလားလို့ သံသယ မဖြစ်ပါနဲ့။ ကမ္ဘာကျော် ဘီလျံနာကြီးတွေ အကြောင်း၊ သူတို့ ဘယ်ရွေ့ဘယ်မျှ ချမ်းသာကြောင်း အမြဲ သုတေသန လုပ်နေတဲ့ Forbes မဂ္ဂဇင်းရဲ့ စစ်တမ်းလေ့လာချက်တစ်ခုမှာ အတိအကျ ဖော်ပြထားတာ ဖြစ်ပါတယ်။
Forbes မဂ္ဂဇင်းဟာ ကမ္ဘာတစ်လွှားက ဘီလျံနာပေါင်း ရ၉၃ ဦးထဲက ၆၁၃ ယောက်ရဲ့ မွေးခုနှစ်ဒေတာတွေကို ပြုစု စစ်တမ်းယူရာမှာ အဲဒီဘီလျံနာ ခြောက်ရာကျော်ထဲက ၁၂ ရာခိုင်နှုန်း ဖြစ်တဲ့ ဘီလျံနာအယောက် ရ၀ ကျော်ဟာ ကန်ရာသီမှာ မွေးဖွားခဲ့ကြောင်း တွေ့ရပါတယ်။ ကန်ရာသီဖွား ဘီလျံနာသူဌေးကြီးတွေထဲက လူသိများတဲ့ နှစ်ဦးကတော့ ကမ္ဘာ့အဆင့်သုံး အချမ်းသာဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်တဲ့ ဝါရင်းဘတ်ဖတ်နဲ့ Oracle ရဲ့ CEO လာရီအယ်လဆင်တို့ပဲ ဖြစ်ပါတယ်။
ကန်ရာသီဖွားတွေဟာ အလုပ် ကြိုးစားတယ်၊ စိတ်ဓာတ် ပြတ်သားခိုင်မာတယ်၊ အသေးစိတ်က အစ တိကျတယ်၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိတယ် ဆိုတဲ့ နက္ခတ်ဗေဒ ယူဆချက်တွေဟာလည်း ဒီလူတွေ ဘီလျံနာ ဖြစ်ဖို့ အာမခံနေသလိုပါပဲ။

ဒါပေမဲ့ ကန်ရာသီဖွား မဖြစ်လို့ စိတ်ပျက်စရာ မလိုပါဘူး။ ဘီလျံနာ အားလုံးဟာ ၁၂ ရာသီဖွားတွေ အကုန်လုံးထဲမှာ ပါဝင်နေဆဲပါ။ ကန်ရာသီနောက်က ၈ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး လိုက်တဲ့ ဘီလျံနာရာသီဖွားကတော့ မိဿရာသီပါ။အလားတူပဲ ကုမ်ရာသီဖွားတွေကလည်း ၈ ရာခိုင်နှုန်းနဲ့ပဲ ဒုတိယအဆင့်ကနေ လိုက်နေပါတယ်။ ဥပမာအားဖြင့် ကမ္ဘာပေါ်မှာ ကျော်ကြားလှတဲ့ ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေးဟာ ကုမ်ရာသီဖွားပါ။

ဘီလျံနာရာသီဖွားတွေထဲမှာ ၆ ရာခိုင်နှုန်းနဲ့ နောက်ဆုံးက ဖြစ်လာတာက ဓနုရာသီဖွားပဲ ဖြစ်ပါတယ်။ ဓနုရာသီဖွားထဲက ထင်ရှားသူတစ်ဦးက နာမည်ကျော် ဟောလိဝုဒ် ဒါရိုက်တာ စတီဗင် စပီးဘတ် ဖြစ်ပါတယ်။

အထက်ပါ ဖော်ပြခဲ့တဲ့ ဘီလျံနာအများစု မွေးဖွားရာ ရာသီခွင်တွေနဲ့ မတူဘဲ ကမ္ဘာ့အချမ်းသာဆုံး အဆင့်ကို ရောက်ခဲ့တဲ့ ဘီလ်ဂိတ်ကတော့ ဗြိစ္ဆာရာသီဖွား ဖြစ်ပါတယ်။ ဗြိစ္ဆာရာသီဖွား ဖြစ်တဲ့ ဘီလ်ရဲ့ ပြင်းပြထက်သန်တဲ့ စိတ်ဓာတ်စွမ်းအားကြောင့် သူ့ရဲ့ Windows ကွန်ပျူတာတွေဟာ လူမုန်းများတဲ့ကြားက အရောင်းရဆုံး ဖြစ်လာတာ သက်သေပါပဲ။

ဘီလျံနာတွေနဲ့မတူပေမယ့် ဒေါ်လာသန်းချီ ကြွယ်ဝတဲ့ တခြားသော ရာသီဖွားအများစုလည်း ရှိပါတယ်။ ဒီထဲမှာ ထင်ရှားတာက ပြိဿရာသီဖွားပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်တွေမှာ ဝယ်အားကောင်း၊ ဈေးကောင်း ချိန်ကို ပမာပြုတတ်တဲ့ နွားထီး သင်္ကေတနဲ့လည်း တိုက်ဆိုင်သလို ဇွဲကောင်း၊ ခေါင်းမာ၊ အပင်ပန်းခံတတ်တဲ့ ဉာဉ်တွေနဲ့ ကိုယ်ပိုင်စည်းမျဉ်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်လေ့ ရှိတဲ့ ပြိဿရာသီဖွားတွေဟာ မီလျံနာအဆင့် ကြွယ်ဝသူတွေ ဖြစ်လာပါတယ်။

မိတ်ဆွေရော ဘီလျံနာ၊ မီလျံနာတွေ ကြီးစိုးတဲ့ ရာသီခွင်တစ်ခုခုမှာ မွေးဖွားခဲ့ပါသလား။ တကယ်လို့ ခင်ဗျားလည်း အဲဒီရာသီခွင်တစ်ခုခုမှာ မွေးဖွားခဲ့တယ်ဆိုရင် သူတို့လို ကြီးပွားချမ်းသာဖို့ အခွင့်အလမ်းက တခြားရာသီခွင်တွေထက် ပိုများနေမှာ အသေချာပါပဲ၊ ကြယ်တာရာတွေက ပေးတဲ့ ဆုလာဘ်ကို အမိအရ ဖမ်းဆုပ်လိုက်စမ်းပါဗျာ။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)