ဂဏန်းဗေဒင်နည်းအမျိုးမျိုးရှိတဲ့အထဲမှာ ဒီနည်းစနစ်ကတော့ မွေးဖွားတဲ့ခုနှစ်ရဲ့အစွန်းဂဏန်းနှစ်လုံးကို ယူပြီး ဟောပြောတာ ဖြစ်ပါတယ်။ ဒီနည်းဟာ ယေဘုယျ ဆန်ပေမယ့် စိတ်ဝင်စားစရာတွေလည်း ရှိနေတဲ့အတွက် ဂဏန်းဗေဒင် ဝါသနာရှင်များအတွက် တင်ပြပေးလိုက်ပါတယ်။
တွက်နည်းက သိပ်လွယ်ပါတယ်။ ကိုယ့်ရဲ့မွေးနှစ်ဟာ ၁၉၉၀ ဒါမှမဟုတ် ၂၀၀၀ ပြည့်နှစ် ဖြစ်နေရင် နံပါတ်(ဝ) ဂဏန်းဟောကိန်းကို ဖတ်ရမှာ ဖြစ်ပြီး ၂၀၀၄ သို့မဟုတ် ၁၉၈၄ ခုနှစ်မှာ မွေးခဲ့ရင်တော့ နံပါတ် (၄) ဂဏန်း အဟောကို ဖတ်ရပါမယ်။ အောက်မှာ နမူနာပြ ခုနှစ်တွေနဲ့အတူ ဖတ်ရှုနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
နံပါတ် (ဝ) – ၁၉၆၀ ၊ ၁၉၇၀ ၊ ၁၉၈၀ ၊ ၁၉၉၀ ၊ ၂၀၀၀၊ ၂၀၁၀ မှာ မွေးဖွားသူများ
သုညစွန်းနှစ်မှာ မွေးဖွားသူတွေဟာ အခြေအနေနဲ့ အချိန်အခါကို လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်သူတွေ ဖြစ်ပြီး ဉာဏ်ရည်ဉာဏ်သွေးလည်း ကောင်းကြပါတယ်။ သူတို့ရဲ့ စိတ်နေစိတ်ထားအစစ်အမှန်ကို သိနိုင်သူက မရှိသလောက် နည်းပါးပြီး ဖော်ရွှေမှု ရှိသလောက် နားလည်ရခက်တဲ့သူတွေလည်း ဖြစ်နေတတ်ပါတယ်။
နံပါတ် (၁) – ၁၉၆၁ ၊ ၁၉၇၁ ၊ ၁၉၈၁ ၊ ၁၉၉၁ ၊ ၂၀၀၁ ၊ ၂၀၁၁ မှာ မွေးဖွားသူများ
တစ်ဂဏန်းစွန်းနှစ်တွေမှာ မွေးဖွားခဲ့ရင် ဘာမဆို နံပါတ်တစ် ဖြစ်ရမှ ပြိုင်ဘက်ကင်းမှ ကျေနပ်နိုင်သူတွေ ဖြစ်ပြီး ယှဉ်ပြိုင်လိုစိတ်၊ အောင်မြင်ကြီးပွားလိုစိတ်လည်း ပြင်းပြကြပါတယ်။ လွယ်လွယ်နဲ့ အလျှော့မပေးတတ်သူတွေ ဖြစ်ပြီး အောင်မြင်မှုနဲ့ ချမ်းသာကြွယ်ဝမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်တတ်ကြပါတယ်။
နံပါတ် (၂) – ၁၉၆၂ ၊ ၁၉၇၂ ၊ ၁၉၈၂ ၊ ၁၉၉၂ ၊ ၂၀၀၂ ၊ ၂၀၁၂ မှာ မွေးဖွားသူများ
နှစ်ဂဏန်းစွန်းနှစ်မှာ မွေးဖွားခဲ့ရင် လူတစ်ကိုယ် စိတ်နှစ်မျိုးလို ဖြစ်နေတတ်ပြီး ချစ်ခင်သံယောဇဉ် ရှိသူတွေနဲ့ဆို တစ်မျိုး၊ လူစိမ်းသူစိမ်းတွေနဲ့ဆိုရင် တစ်မျိုး ပုံစံ ကွဲသွားတတ်ကြပါတယ်။ အမြဲတမ်း လှုပ်ရှားသွားလာနေချင်ပြီး တစ်နေရာတည်းမှာ အနည်မထိုင်ချင်တဲ့၊ အမြဲတမ်းတစ်ခုခုကို လုပ်နေချင်တဲ့သူတွေလည်း ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
နံပါတ် (၃) – ၁၉၆၃ ၊ ၁၉၇၃ ၊ ၁၉၈၃ ၊ ၁၉၉၃ ၊ ၂၀၀၃ မှာ မွေးဖွားသူများ
သုံးဂဏန်းစွန်းတဲ့နှစ်မှာ မွေးဖွားလာရင် ကိုယ်ရည်ကိုယ်သွေးအမျိုးစုံလင်အောင် ပါလာတတ်သူတွေ ဖြစ်ကြပြီး ဘယ်ကိစ္စမှာမဆို အမြင်ရှုထောင့်အစုံနဲ့ ဝေဖန်သုံးသပ်နိုင်သူတွေလည်း ဖြစ်ပါတယ်။ သူတပါးနေရာမှာ ကိုယ်ပါ ဝင်ခံစားနိုင်ပြီး ကိုယ်ချင်းစာနာတတ်သူတွေ၊ အကဲခတ်ပါးနပ်ကြသူတွေလည်း ဖြစ်နေတတ်ပါတယ်။
နံပါတ် (၄) – ၁၉၆၄ ၊ ၁၉၇၄ ၊ ၁၉၈၄ ၊ ၁၉၉၄ ၊ ၂၀၀၄ မှာ မွေးဖွားသူများ
လေးဂဏန်းစွန်းတဲ့နှစ်မှာ မွေးဖွားခဲ့ရင် ဘေးနားပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ သူ့အလိုလို သတိထားတတ်ကြသူတွေ ဖြစ်ပြီး တခြားသူတွေရဲ့ လိုအပ်ချက်တွေကိုလည်း သဘောပေါက်နားလည်နိုင်စွမ်း ရှိကြသူတွေ ဖြစ်ပါတယ်။ အတွေးအခေါ်ပိုင်းမှာ ထူးခြားထက်မြက်သူတွေလည်း ဖြစ်နေတတ်ပါတယ်။
နံပါတ် (၅) – ၁၉၆၅ ၊ ၁၉၇၅ ၊ ၁၉၈၅ ၊ ၁၉၉၅ ၊ ၂၀၀၅ မှာ မွေးဖွားသူများ
ငါးဂဏန်းစွန်းတဲ့နှစ်မှာ မွေးခဲ့ရင် ဘယ်က စမ်းစမ်း၊ ညာကပဲ စမ်းစမ်း အကြမ်းရော အနုပါ ဘက်စုံထူးချွန်သူတွေ ဖြစ်နေတတ်ပါတယ်။ သူတို့ရဲ့ ဘဝမှာ အတက်အကျ၊ အနိမ့်အမြင့်မျိုးစုံကိုလည်း ဖြတ်သန်းရတတ်ပြီး ရသစုံတဲ့ ဘဝမျိုးကိုလည်း ခံစားရတတ်ပါတယ်။ လိုချင်တဲ့အရာနဲ့ ဖြစ်ချင်တဲ့ဘဝကို ကြိုးစားယူနိုင်ကြပါတယ်။
နံပါတ် (၆) – ၁၉၆၆ ၊ ၁၉၇၆ ၊ ၁၉၈၆ ၊ ၁၉၉၆ ၊ ၂၀၀၆ မှာ မွေးဖွားသူများ
ခြောက်ဂဏန်းစွန်းနှစ်တွေမှာ မွေးလာခဲ့ရင် အရာရာကို အဆိုးဘက်က မြင်တတ်သူတွေ ဖြစ်ကြပြီး မကောင်းမှု အကုသိုလ်ကို စွဲလန်းမိတတ်သူတွေ ဖြစ်နေတတ်ပါတယ်။ သူတပါးကိုလည်း ရန်လိုတိုက်ခိုက်တတ်သူမျိုးဖြစ်ပြီး သူ့ကို (ဒါမှမဟုတ်) ချစ်ရသူတွေကို ထိလာရင် လက်တုံ့ပြန်ဖို့ ဝန်မလေးတတ်သူလည်း ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
နံပါတ် (၇) – ၁၉၆၇ ၊ ၁၉၇၇ ၊ ၁၉၈၇ ၊ ၁၉၉၇ ၊ ၂၀၀၇ မှာ မွေးဖွားသူများ
ခုနှစ်ဂဏန်းစွန်းတဲ့နှစ်မှာ မွေးလာခဲ့ရင် နားလည်ရ ခက်တဲ့၊ လျှို့ဝှက်သိပ်သည်းတဲ့လူမျိုးလို့ သတ်မှတ်ပါတယ်။ ဖော်ရွှေပြီး ပျော်ပျော်နေတတ်တဲ့၊ ဆက်ဆံရ လွယ်ကူတဲ့သူလို့ ထင်ရပေမယ့် တကယ်တမ်းမှာ ကြီးကျယ်တဲ့ လျှို့ဝှက်ချက်တွေ သိမ်းဆည်းထားသူ၊ ပဟေဠိဆန်တဲ့ကိစ္စတွေ ရှိနေတတ်သူတွေလည်း ဖြစ်ပါတယ်။
နံပါတ် (၈) – ၁၉၆၈ ၊ ၁၉၇၈ ၊ ၁၉၈၈ ၊ ၁၉၉၈ ၊ ၂၀၀၈ မှာ မွေးဖွားသူများ
ရှစ်ဂဏန်းစွန်းနှစ်တွေမှာ မွေးဖွားရင် အတွေးအခေါ်ကောင်းသူ၊ အရာရာကို ဖြန့်ထွက်တွေးနိုင်သူတွေ ဖြစ်ကြပြီး အတွေးသစ်အမြင်သစ်တွေ ရှာဖွေနိုင်စွမ်း ရှိသူတွေလည်း ဖြစ်နေတတ်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့ စကားဝိုင်းမျိုးကို နှစ်သက်သဘောကျပြီး မိတ်ဆွေတွေ၊ မိသားစုတွေကိုလည်း အလေးအနက်ထားတတ်ကြသူ ဖြစ်ပါတယ်။
နံပါတ် (၉) – ၁၉၆၉ ၊ ၁၉၇၉ ၊ ၁၉၈၉ ၊ ၂၀၀၉ မှာ မွေးဖွားသူများ
ကိုးဂဏန်းစွန်းတဲ့နှစ်တွေမှာ မွေးဖွားခဲ့ရင် စစ်စစ်ပေါက်ပေါက် မြင်တတ်သူ၊ အရမ်းကို အသေးစိတ်လွန်းသူတွေ ဖြစ်တတ်ကြပြီး အသေးအဖွဲကအစ ဂရုစိုက်ကြည့်တတ်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိစ္စတင်မဟုတ်ဘဲ သူများ အရေးကိစ္စတွေမှာလည်း အသေးစိတ်ကျပြီး ကိုယ်လုပ်သမျှ ပြီးပြည့်စုံမှ ကြိုက်တတ်သူမျိုး ဖြစ်ပါတယ်။
ဂဏန်းဗေဒင်သုတ တိုးပွားရရှိကြပါစေ – ဧက (ဗေဒင်သုတ)