ရင်ခုန် လှုပ်ရှား ၂ဝ၁၅

ဆရာစံဇာဏီဘိုက မြန်မာနိုင်ငံအတွက် ၂ဝ၁၅ ခုနှစ်မှာ ကံအဆိုးအညံ့ ကြုံနိုင်တဲ့ ကာလသုံးခုရှိပြီး ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အတွင်း၊ ဧပြီ ၂၁ ရက်မှ မေ ၂ဝ ရက်အတွင်း၊ အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂ဝ ရက် အတွင်း ဖြစ်တယ်လို့ ဟောကိန်းထုတ်ပါတယ်။

ဘူဒိုဇာမင်းတြားကြီး၊ မိဘပြည်သူများ “ခံ” ဗျာ ..၊ တရုတ်ကြောက် အောင်မင်း၊ ပါးရိုက်အုန်းမြင့်၊ တနပ်စားမြင့်လှိုင် အစရှိတဲ့ ဝေဖန်သရော်သံတွေ ဝေစီခဲ့တဲ့ ဦးသိန်းစိန် အရပ်သားအစိုးရရဲ့ ငါးနှစ်သက်တမ်း ကတော့ ပြီးဆုံးခါနီးပါပြီ။

မကြာခင် ဖြတ်သန်းရတော့မယ့် ၂ဝ၁၅ မှာ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ဆယ့်နှစ်ပွင့်ဆိုင် .. စတဲ့ အပွင့် အငြင်းအခုံတွေ ၊ မြန်မာပြည် မြောက်ပိုင်းက ဝေနေဆဲ ယမ်းငွေ့တွေ ၊ အနောက်တံခါးက လိပ်ခဲ တည်းလည်းတွေ .. အနာဟောင်းကို တုတ်နဲ့ဆွလိုက်တဲ့ လက်ပတောင်းအရေးအခင်းတွေ… မျိုးချစ်နဲ့ လစ်ဘရယ် နောင်ဂျိန်တွေ.. စတဲ့ ပြသနာတွေနဲ့အတူ သမ္မတ ဖြစ်ချင်တယ်လို့ အပြိုင် ကြေငြာလာတဲ့ အကြီးအကဲ တွေကြောင့် မြန်မာ့အရေး ရင်မေအေးစရာတွေလည်း ရှိနေပါတယ်။

ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးရဲ့ ရင်ခုန်ဖွယ် အရွေ့တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပ အားလုံးက မျှော်ကြည့်နေကြတဲ့ ၂ဝ၁၅ နဲ့ ပတ်သက်လို့ Yangon Media Group က တွေ့ဆုံ မေးမြန်းခဲ့တဲ့ နာမည်ကျော် ဗေဒင်ဆရာ နှစ်ဦးရဲ့ အမြင်တွေကို တစ်ဆင့် ဖော်ပြလိုက်ပါတယ်။

ဆရာစံဇာဏီဘိုက မြန်မာနိုင်ငံအတွက် ၂ဝ၁၅ ခုနှစ်မှာ ကံအဆိုးအညံ့ ကြံုနိုင်တဲ့ ကာလသုံးခုရှိပြီး ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အတွင်း၊ ဧပြီ ၂၁ ရက်မှ မေ ၂ဝ ရက်အတွင်း၊ အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂ဝ ရက် အတွင်း ဖြစ်တယ်လို့ ဟောကိန်းထုတ်ပါတယ်။ ဒါ့အပြင် မှတ်သားဖွယ် ဟောချက်တွေ အဖြစ်

-၂ဝ၁၅ မှာ စစ်တပ်က အာဏာ သိမ်းတာမျိုး မဖြစ်နိုင်ဘူး

-နိုင်ငံရေးအင်အားကြီး အာဏာရပါတီကြီးအတွင်း ဖရိုဖရဲအခက်များကြားက ထိန်းသိမ်းရမှုများ ရှိပြီး အုပ်ချုပ်မှုပိုင်းမှာ အချင်းချင်းပါတီ တွင်း တိုက်ပွဲများ ဖြစ်လာနိုင်ခြေရှိတယ်

-လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ကို လုပ်ဖြစ်လိမ့်မယ်။ သေချာပေါက်ရှိတယ်။ အခြေခံအချက်အားဖြင့် ပေးထားတဲ့ ကတိစကားတစ်ခုကို ဖျက်မယ့်အနေအထား မတွေ့ရဘူး

-ကျွန်တော်တို့ အရှေ့တောင်အာရှရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဇာတာ အနေအထားအရ ပြောရရင် ကျွန်တော့်အမြင်နဲ့ ဗေဒင်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ကိုဖြစ်ရမယ်

-အာဏာလွှဲပြောင်းပေးမှုနဲ့ ပတ်သက်တဲ့ အနေအထားကတော့ ၂ဝ၁၆ခုနှစ်အတွင်းမှာ ကြန့်ကြာပြီးမှ ဖြစ်လိမ့်မယ်။ ၂ဝ၁၆ ခုနှစ်ဖေဖော်ဝါရီ ၁၉နဲ့ ဧပြီ ၂ဝအတွင်းမှာမှ ဒီကိစ္စဖြစ်လိမ့်မယ်ဆိုတာတွေကို တွေ့ရပါတယ်။

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာကြီးမင်းသိင်္ခရဲ့ တပည့်ရင်းတစ်ဦး ဖြစ်တဲ့ ဆရာဇင်ယော်နီကလည်း ၂ဝ၁၅ ဆိုတော့ ဂဏန်းဗေဒင်အရဆိုရင် ‘ရှစ်’ဂဏန်း လွှမ်းမိုးတဲ့ နှစ်ဖြစ်ပါတယ်။ ၁၉၈၈ လောက် မဆိုးရွားရင် တောင်မှပဲ တစ်ဝက်ဖြစ်စေ၊ သုံးပုံတစ်ပုံဖြစ်စေတော့ နိုင်ငံမှာ အကျပ်အတည်းကြီးတွေ ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်ပါတယ်။

ပွင့်ဆိုင် တွေ့ဆုံရေးတွေနဲ့ ပတ်သက်လို့လည်း ဆရာဇင်ယော်နီက နှစ်ဖက်စလုံးက အလျှော့မပေးကြတဲ့ အတွက် ထိပ်တိုက်ပဲ တိုးနေမယ်လို့ ဆိုထားပြီး ၂ဝ၁၅ ထဲက ၄ လပိုင်း၊ ၈ လပိုင်း၊ ၄ ရက်၊ ၈ ရက်တွေမှာ သတိထားရမယ်၊ ကောင်းသော အလားအလာနဲ့ ဆိုးသော အလားအလာဆိုရင်တော့ ဆိုးသော အလားအလာပဲ။ ၁၉၈၈ လောက် မဆိုးရွားရင်တောင်မှပဲ တစ်ဝက်ဖြစ်စေ၊ သုံးပုံ တစ်ပုံဖြစ်စေတော့ နိုင်ငံမှာ အကျပ်အတည်းကြီးတွေ ဖြစ်လာနိုင်တယ်လို့ ဟောပါတယ်။

လက်ရှိ မငြိမ်းသောမီးစသဖွယ် ဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေရဲ့ အလားအလာကိုလည်း ဆရာနှစ်ဦးက အခုလို ဟောထားပါတယ်။

၂ဝ၁၅ ဟာ ဆိတ်နှစ် ဖြစ်လို့ မြန်မာမှာတင်မကဘဲ ကမ္ဘာမှာပါ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှု များပြားလာနိုင်တယ်လို့ ဆရာစံဇာဏီဘိုက ဟောပြီး ဆရာဇင်ယော်နီကတော့ ဘာသာရေးဆိုင်ရာ ကောင်းတဲ့ဟာ ဖြစ်ရင်လဲဖြစ်မယ်။ ဆိုးတာဖြစ်ရင်လဲဖြစ် မယ်။ ဒါပေမဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား လှုပ်လှုပ် ရှားရှားတွေ ဖြစ်တတ်ပါတယ်လို့ ခန့်မှန်းထားပါတယ်။

ဒီဆရာနှစ်ဦးရဲ့ ဟောကိန်းအမြင်တွေကို ဖော်ပြပြီးအခါ … နိုင်ငံရေးဗေဒင်ဟောကိန်းတွေကို မီဒီယာတွေကနေ ရေးသား ဖော်ပြလေ့ ရှိတဲ့ ဆရာဘဲလားလေဘာတီရဲ့ The Voice ဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်ထဲက အမြင်အချို့ကို ကောက်နုတ် ဖော်ပြချင်ပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က ကမ္ဘာနဲ့ လရဲ့ အကွာဝေး ထက်ဝက်ထက်ပင် ပိုနီးကပ်စွာ အင်္ဂါဂြိုဟ်အနားကနေ ဖြတ်သန်းသွားတဲ့ ကြယ်တံခွန်ကြောင့် မြန်မာ့နိုင်ငံရေးနဲ့ စစ်တပ်အတွက် ပဓာနကျပြီး မြန်မာနိုင်ငံ ဇာတာရဲ့ လဂ်သခင်နဲ့ ၁ဝ တန့် MC ဘာဝမှာ ရပ်တည်တဲ့ အင်္ဂါဂြိုဟ်ကို တနည်းတဖုံ လွှမ်းမိုးရိုက်ခတ်လာပါတယ်။

ကြယ်တံခွန် ဖြတ်သန်းချိန်ကို ဇာတာဖွဲ့ယူရင် အင်္ဂါဂြိုဟ်ဟာ မူလနက္ခတ်ကို စီးနေမှာ ဖြစ်ပါတယ်။ The goddess of destruction, who lives in kingdom of dead. လို့ ဖွင့်ဆိုတဲ့ ဒီနက္ခတ်ရဲ့ သဘောကြောင့် သွေးထွက် သံယိုမှုတွေ၊ အဓိကရုဏ်းတွေ၊ ပေါက်ကွဲမှုတွေ၊ မီးဟုန်းဟုန်း တောက်ရမှုတွေ စစ်မက်အင်္ဂါရပ် ကြီးထွားလာရခြင်းနဲ့ တိုင်းနိုင်ငံတွေမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ နိုင်ငံရေး လုပ်ကြံမှုတွေနဲ့ ရက်စက်မှုတွေ တို့ကိုသာ သရုပ်ဆောင်လာစေမှာ ဧကန် ဖြစ်ပါတယ်။

ပို၍စိတ်ဝင်စားဖို့ ကောင်းနေသည်က ကြယ်တံခွန်နှင့် အင်္ဂါတို့ နိုင်ငံတော်စန်း တနင်္လာ၏ ကိန်း ၄ တန့်အပြင် နိုင်ငံတော်သမ္မတကြီး၏ စန်းနှင့် အတိုက်အခံ ခေါင်းဆောင်တို့၏ စန်းရဲ ့ကိန်းလေးတန့်မှ ဖြတ်သန်းမည် ဖြစ်သလို လွှတ်တော်ဥက္ကဋ္ဌနှင့်ပါ ငြိစွန်းနေသဖြင့် ကြယ်တံခွန် ဖြတ်သန်းမည့် အောက်တိုဘာ ၁၉ ရက်မှစ၍ ၂၀၁၅ အတွင်းမှာတော့ တပ်မတော် အပါအဝင် ခေါင်းဆောင်တို့က ဘက်စုံ သတိထားစရာများက ရှိနေပါတယ်လို့ ဆရာဘဲလားလေဘာတီက ” ကြယ်တံခွန်နိမိတ်နှင့် ရွေးကောက်ပွဲမတိုင်ခင် ဆင်ခြင်စရာများ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီဆောင်းပါးမှာ ရေးသားထားပါတယ်။

နောက်ဆုံး စိတ်ဝင်စားစရာ ဗေဒင်အမြင်တစ်ခုအဖြစ် MOTAA အဖွဲ့က ဆရာနျူမန်ရဲ့ ဗြိစ္ဆာရာသီရောက် စနေဂြိုဟ် ဆောင်းပါးမှာ ပါဝင်တဲ့ အချက်တစ်ခုကို ကောက်နုတ် ဖော်ပြချင်ပါသေးတယ်။

မြန်မာပြည်အတွက် ၂ဝ၁၅ ၊ ဒီဇင်ဘာ ၃ ရက်ကနေ ၂ဝ၁၆၊ မတ်လ ၁၄ ရက်အတွင်းမှာ သတိထားရမယ်။ ဒီကာလအတွင်းမှာ မထင်မှတ်တဲ့ အပြောင်းအလဲ၊ အဓိကရုဏ်း၊ သွေးထွက်သံယို ကိစ္စတွေ ပေါ်ပေါက်လာနိုင် ပါတယ်လို့ နိုင်ငံရေးဗေဒင်မျိုးကို ဟောပြောလေ့ မရှိတဲ့ ဆရာနျူမန်က အသိပေး တင်ပြထားပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ဗေဒင်ပညာမှာ သူငယ်တော်အကတောင် မကနိုင်သေးတဲ့အတွက် မင်းသားကြီးဖိုးစိန် တို့လို ကျွမ်းကျင်ထိမိတဲ့ ဟောကိန်းမျိုးတွေ မထုတ်နိုင်သေးပါဘူး။ မြန်မာနိုင်ငံရဲ့ မနက် ၄ နာရီ မိနစ် ၂ဝ ကို ဖွဲ့ယူ တွက်ချက်တဲ့ ဇာတာရဲ့ အရေးအပါဆုံး ပွိုင့်ကို ဖြတ်သန်းနေတဲ ့စနေဂြိုဟ်ကြောင့် အစိုးရမင်းများ၊ အတိုက်အခံပါတီများရဲ့ ကြံစည် လုပ်ဆောင်မှုတွေနဲ့ နိုင်ငံရဲ့ လက်ရှိ ဖော်ဆောင်နေတဲ့ အပြောင်းအလဲ တွေဟာ နှေးကွေး ကြန့်ကြာတော့မယ်၊ လိုရာပန်းတိုင်ကို လွယ်လွယ်နဲ့ မရောက်တော့ဘဲ ခက်ခဲတော့မယ်လို့တော့ အကြမ်းဖျဉ်း ယူဆမိပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ အရေးအကြီးဆုံး အလှည့်အပြောင်းတွေ မျှော်လင့်ချက်တွေ အရောင်လက် အကောင်အထည် ပေါ်လာနိုင်မယ့် ၂ဝ၁၅ မှာမှ စနေဂြိုဟ်က ဖြတ်သန်းစီးနင်းတယ် ဆိုတာ တရားမျှတရဲ့လား လောကပါလတရားရယ်လို့ စိတ်ထဲ ထင့်မိပါရဲ့။ ခါးသီးတဲ့ အတိတ်တွေကို ကြံုဖူးတဲ့ လူရွယ်တစ်ဦးအတွက် နောက်ထပ် ခါးသက်မှုတွေ ကြံုလာလည်း ရင်ဆိုင်ဖို့ ပြင်ထားရုံမှတစ်ပါး အခြား မရှိပါပဲ။ အဆိုးထဲက အကောင်း၊ အမှောင်ထဲက အလင်းတွေ ဖြာထွက် စီးဆင်းလာမယ် ဆိုရင်တော့ စနေဂြိုဟ်ကို လက်ကမ်းကြိုဆိုရမှာပါ။၂ဝ၁၅ မှာ ကျွန်တော်အပါအဝင် မြန်မာပြည်သူတွေအားလုံး ဆန္ဒနဲ့ အိပ်မက်တွေ လက်တွေ့ ပီပြင် ပေါ်ပေါက်လာပါစေလို့ …

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)