ရာစုနှစ်ရဲ့ ကြယ်တံခွန် (အိုင်ဆွန်)

နိုင်ငံတကာမှာ အခုတလော တဖြည်းဖြည်း လူသိများ လူတွင်ကျယ် ဖြစ်လာတဲ့ အိုင်ဆွန်ကြယ်တံခွန် အကြောင်း သိသမျှ စုံစမ်းမိသမျှ ဖတ်မိသမျှ ပြန်လည် မျှဝေပါရစေ။ အချိန် အခက်အခဲကြောင့် ရှည်ရှည်ဝေးဝေး ရေးဖွဲ့မနေဘဲ လိုတိုရှင်း ပြောပါမယ်။

အိုင်ဆွန်ကြယ်တံခွန်ကို ၂ဝ၁၂၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ ရုရှားနိုင်ငံက နက္ခတ္တပညာရှင် နှစ်ဦးက စတင် တွေ့ရှိခဲ့ပါတယ်။ သူတို့ ပါဝင်တဲ့ International Scientific Optical Network အဖွဲ့အစည်း နာမည် အစ စာလုံးတွေကို ယူပြီး ISON ရယ်လို့ ဖြစ်လာပါတယ်။

ဒီကြယ်တံခွန်ကို ရာစုနှစ်ရဲ့ အတောက်ပဆုံး အခမ်းနားဆုံး ကြယ်တံခွန်အဖြစ်လည်း ပညာရှင်တွေက သတ်မှတ်ကြပြီး ဒီခေတ်လူသားတွေအဖို့ ကြုံတောင့်ကြံုခဲ အာကာသအဖြစ်အပျက် တစ်ခုလို့ ရေးသားဖော်ပြ ကြပါတယ်။

အိုင်ဆွန်ကို စတွေ့တုန်းက ၂ဝ၁၃ နှစ်ကုန်ပိုင်းကျရင် ကောင်းကင်မှာ လထက်တောင် ပိုပြီး ကြီးမား တောက်ပမယ့် ကြယ်တံခွန်လို့ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးလေ့လာမှုတွေအရ အများဆုံး အနေနဲ့ သောကြာကြယ် (ဗီးနပ်စ်ဂြိုဟ်) အလင်းလောက်ပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကြယ်တံခွန်ကို ဘယ်ကနေ မြင်နိုင်မလဲ ဆိုရင် မြန်မာနိုင်ငံအတွက် နေမထွက်ခင် မနက် ၅ နာရီကျော်ကနေ ၆ နာရီကျော်ကြား အရှေ့ဘက်မိုးကောင်းကင်မှာ မြင်တွေ့ရမှာပါ။ ကြယ်တံခွန် ကြည့်ရာမှာ သာမန် မျက်စိနဲ့တင် မြင်တွေ့နိုင်ပြီး မှန်ပြောင်းအကူ မလိုဘူးလို့ ဆိုထားပါတယ်။

ကြယ်တံခွန်ဟာ နေနဲ့အနီးဆုံးကို နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဖြတ်သန်းမှာမို့ အဲဒီရက်ပိုင်းမှာ အလင်းရောင် ပိုဖြာထွက်နေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြင်တွေ့ဖို့ရာလည်း ခက်ခဲလာနိုင်ပါတယ်။

တကယ်လို့များ ကြယ်တံခွန်ဟာ အရင်သူ့နောင်တော် ကြယ်တံခွန်များလို နေနဲ့အနီးဆုံး အရောက်မှာ လွင့်စင်ပြိုကွဲသွားတာမျိုး မဖြစ်ဘူး ဆိုရင် (ပညာရှင်တွေကလည်း အဲလိုမဖြစ်ဘူး ဆိုပါတယ်) … ဒီဇင်ဘာ လဆန်းမှာ အများရဲ့ မြင်ကွင်းထဲကို တဖန် ပြန်ပေါ်လာမှာပါ။

မြင်ကွင်းထဲ ပြန်ရောက်လာမယ့် အိုင်ဆွန်ကို မနက်ရော ညနေစောင်း မှာပါ မြင်တွေ့နိုင်ပေမယ့် နေနဲ့ ပြန်လည် ဝေးကွာသွားတဲ့ အတွက် အလင်းတောက်ပမှု အားနည်း သွားနိုင် ပါတယ်။ တစ်ကမ္ဘာလုံးက ဒီမြင်ကွင်းကို မြင်ရပေမယ့် မြောက်ခြမ်းဒေသက လူတွေကတော့ အကောင်းဆုံး အနေအထားနဲ့ မြင်တွေ့မှာပါ။

ဒီဇင်ဘာကုန်လို့ နောက်နှစ်ကူး ၂ဝ၁၄ ဇန်နဝါရီမှာလည်း အိုင်ဆွန်ကြယ်တံခွန်ကို မြင်တွေ့ရဖို့ အလားအလာ ရှိနေပါသေးတယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာ ဓူဝံကြယ်နဲ့ အနီးဆုံးကို ရောက်လာနိုင်ပြီး ၁၄-၁၅ ရက် တွေမှာတော့ ကြယ်တံခွန် ပတ်လမ်းနဲ့ ကမ္ဘာနဲ့ နီးကပ်လာမှုကြောင့် ဥက္ကာပျံတွေ ကြယ်မိုးရွာသလို ၊ အရောင်တောက်ပတဲ့ တိမ်တွေလို မြင်တွေ့ရနိုင်ပါတယ်။

ကဲ .. အိုင်ဆွန်အကြောင်းကတော့ အတိုချုပ် ဒီလောက်ဆို လုံလောက်ပြီ ထင်ပါရဲ့။ အခု ဆက်မယ့် အကြောင်းက အဲဒီ အိုင်ဆွန်ကြယ်တံခွန်ကြောင့် ကမ္ဘာရော.. မြန်မာပြည်မှာပါ ဘာတွေ ဖြစ်ပျက်လာနိုင်သလဲ ဆိုတဲ့ အတိတ်နိမိတ် ဗေဒင်ရှုထောင့်ကို တင်ပြပါဦးမယ်။

မြန်မာ့သမိုင်းမှာ ရှေးယခင် ဘုရင်မင်းဆက်တွေတုန်းက နန်းအကျ၊ လုပ်ကြံခံရမှု စတဲ့ အဖြစ်အပျက်တွေမှာ နေကြတ်လကြတ် ၊ လကို ကြယ်ဖောက်၊ ဂြိုဟ်နောက်ပြန်သွား စတဲ့ ကောင်းကင် နိမိတ်တွေလိုပဲ ကြယ်တံခွန်က တခမ်းတနား ပါဝင်လေ့ ရှိတာ တွေ့ရပါတယ်။

လက်ရှိ အိုင်ဆွန်နဲ့ ပတ်သက်လို့ကတော့ ထုံးစံအတိုင်း ကောင်းကင်ပေါ်မှာ တစ်ခုခု မြင်တိုင်း ဖြစ်ပျက်တိုင်း ဂျာနယ်လစ်တွေ ပြေးပြေးမေးနေတဲ့ ဆရာဦးဇေယျာကိုရဲ့ ကြယ်တံခွန် ဟောကိန်းကို အရင် ထုတ်နုတ် ပြပါရစေ။ ဒီအပတ်ထုတ် The Flower News ဂျာနယ်မှာ ပါလာတဲ့ သတင်းမှာ ဦးဇေယျာကိုရဲ့ ပြောကြားချက်ကို ဟောသလို ရေးထားပါတယ်။

“အိုင်စွန်ကြယ်တံခွန်ကို မြန်မာနိုင်ငံကနေ နိုဝင်ဘာနှောင်းပိုင်းကနေ ဇန်နဝါရီလအတွင်းမှာ တွေ့မြင်နိုင်ပါတယ်။ ကြယ်တံခွန် ဖြစ်စဉ်ကြောင့် ၂ဝ၁၄ က ပြည်သူက အစိုးရကို အနိုင်ရတဲ့နှစ် ဖြစ်လာနိုင်ပါတယ်။ ဥပမာ အခြေခံဥပဒေ ပြင်တဲ့ကိစ္စတွေက အစပေါ့။ မြန်မာ့သမိုင်းကြောင်းမှာ မှန်နန်းရာဇဝင်၊ ကုန်းဘောင်ရာဇဝင်တွေမှာ ကြယ်တံခွန်နဲ့ ဥက္ကာပျံ ကြွေကျမှု၊ လကို ကြယ်ဖောက်မှု ဖြစ်စဉ်တွေနဲ့ နန်းတွင်း ထူးခြားဖြစ်စဉ်တွေကို ယှဉ်တွဲ မှတ်တမ်းပြုစုထားပါတယ်။ ၁၉၇ဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံက ဘင်းနက်ကြယ်တံခွန်ကို တွေ့မြင်ခဲ့ရပြီး စက်တင်ဘာလမှာ ရန်ကုန်မှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်″

ဦးဇေယျာကိုကတော့ အဲသလို ဟောချလိုက်ပါပြီ။ နောက်ထပ် ဂျာနယ်လစ်တွေရဲ့ အသည်းကျော် လက်စွဲတော် နာမည်ကျော် ဆရာစံဇာဏီဘို ကျန်ပါသေးတယ်။ ဆရာစံကရော ဘာတွေ ဟောဦးမလဲ မသိသေးပါဘူး။ သတင်းစာ ဂျာနယ်တွေမှာများ သူက တရားဝင် ဟောဆိုပြလာရင် တစ်ဆင့် ဖောက်သည်ချ ပြန်တင်ပေးပါ့မယ်။

လောလောဆယ် နိုင်ငံတကာက နက္ခတ်ဗေဒင်ပညာရှင်တချို့ရဲ့ အယူအဆနဲ့ ကောက်ချက်ဆွဲပုံတွေကို တတ်နိုင်သလောက် စုဆောင်း ပြန်ဖော်ပြပါမယ်။

ထုံးစံအားဖြင့် ကြယ်တံခွန်တွေကို သူတို့ စတင် ပေါ်ထွက်ရာ ကြယ်တာရာ၊ ရာသီခွင်တွေနဲ့ သူတို့ရဲ့ အရောင်အဆင်း အနေအထားတွေပေါ် မူတည်ပြီး ဟောကိန်းထုတ်လေ့ ရှိပါတယ်။ ပြီးတော့ သူတို့ကို စတင် တွေ့ရှိတဲ့ နေ့ရက် အချိန်ကိုလည်း ဇာတာဖွဲ့လို့ ဟောကိန်း ထုတ်ကြပါတယ်။

ကြယ်တံခွန်ပေါ်လို့ မင်းပြောင်းမင်းလွဲတွေ၊ စစ်ပွဲတွေ၊ နိုင်ငံတစ်နိုင်ငံရဲ့ ကြမ္မာအတက်အကျတွေ၊ ရာသီဥတု အပြောင်းအလဲတွေ၊ ငလျင်၊ မီးတောင် ပေါက်ကွဲ လှုပ်ခတ်မှုတွေ ဖြစ်ပွား တတ်တယ်လို့ ရှေးဟောင်း နက္ခတ်ဗေဒင်မှာ ဖွင့်ဆိုပါတယ်။ ကြယ်တံခွန်တွေဟာ လူ့သမိုင်းမှာ ကသောင်း ကနင်း ဖြစ်မှု၊ ထူးခြားတဲ့ ဘာသာရေး သို့မဟုတ် စစ်မက်ခေါင်းဆောင် ပေါ်ထွန်းလာမှုတွေ ကိုလည်း ရှေ့ပြေးနိမိတ်သဖွယ် ဖော်ပြလေ့ ရှိပါတယ်။

လက်ရှိ ပေါ်ပေါက်နေတဲ့ အိုင်ဆွန်ကြယ်တံခွန်ကလည်း အလားတူပဲ အပြောင်းအလဲတွေ (အနှစ်သာရ ရှိတဲ့ တော်လှန်ပြောင်းလဲမှုတွေ) ကို ဖော်ဆောင်မယ်လို့ ယူဆကြပါတယ်။ ပြီးတော့ လူအများစုကို လွှမ်းမိုး ရိုက်ခတ်မယ့် အဖြစ်အပျက်တွေ တစ်သီတစ်တန်းကြီး ပေါ်ပေါက်လာမယ်။ ဆိုးရွားတာာ မကြံစဖူး ထူးကဲတဲ့ ကံဆိုးမိုးမှောင် နှစ်ထပ်ကွမ်းတွေ ပေါ်ပေါက်လာမယ်လို့ အနုတ်လက္ခဏာဆောင် ဟောကိန်းတွေကို အနောက်တိုင်း နက္ခတ်ဆရာတွေက ဟောဆိုထားပါပြီ။

ဟောကိန်းတွေကို ဘိုလို အပြည်အစုံ ဖတ်ချင်ရင်တော့ comment ကနေတစ်ဆင့် ကျွန်တော့်ဆီမှာ Link များ တောင်းယူနိုင်ပါတယ်။ အနှစ်ချုပ်ကတော့ အပြောင်းအလဲနဲ့ ကံဆိုးမှုတွေပါပဲ။ ဒါတွေက ဘယ်နိုင်ငံမှာ ဖြစ်ပျက်မယ်။ ဘယ်လိုတွေ ဖြစ်ပျက်မယ် ဆိုတာကိုတော့ အသေးစိတ် ဟောမထားသေးပါဘူး။ ခြံုပြောရရင်တော့ တစ်ကမ္ဘာလုံးအတွက် ကြယ်တံခွန်က လာခြင်းကောင်းသော ဧည့်သည် မဟုတ်တာတော့ သေချာပါတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)