ရွေးကောက်ပွဲအလွန် မြန်မာ့အနာဂတ်နှင့် မြန်မာဗေဒင်ပညာရှင်များ အမြင်

စုစည်း ရရှိသမျှ မြန်မာ့အနာဂတ် ဟောကိန်းတိုင်းတွေက အားတက်စရာလည်း ရှိသလို ၊ စိတ်ပျက်စရာတွေလည်း မနည်းဘဲ သတိထားရမှာတွေလည်း ရှိနေပါတယ်။

ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့ ခေတ်အလွန် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အလွတ်လပ်ဆုံးနဲ့ တရားအမျှတဆုံး လို့ အားလုံးက မျှော်လင့်တွက်ဆထားတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေလည်း ကျင်းပဖို့ အချိန် နီးကပ်လာပါပြီ။ သတင်းမီဒီယာတွေကို ကြည့်လိုက်တာနဲ့ NLD ခွပ်ဒေါင်းအလံတွေ ပြည်လုံးအနှံ့ ရဲရဲတောက်လို့၊ မေမေနိုင်မှ ဖြစ်မယ် သီချင်းက လွှင့်ပျံလို့။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတစ်လွှား မိုင်ထောင်ချီ မဲဆွယ်ခရီးစဉ်တိုင်းကလည်း NLD ပါတီအတွက် ရွေးကောက်ပွဲ ရလဒ်အကြို အောင်ပွဲ ခံနေသလား ထင်ရလောက်အောင် မြေကြီးလက်ခတ်မလွဲ အဖြေတစ်ခုကို ထုတ်ပြနေသလိုပါ။ဒါပေမယ့်ပေါ့။ တစ်ခုခုဆို ကောင်းတာ ဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် စွတ်ရွတ် ခံစားတတ်တဲ့ မြန်မာတွေ အကျင့်အတိုင်း အခုလည်း သိပ် အကောင်းမြင်၊ အရမ်း မျှော်လင့်နေသလို ဖြစ်နေသလားလို့ ကျွန်တော် တွေးတော မိပါတယ်။ ဒါနဲ့ပဲ ရွေးကောက်ပွဲ အလွန်နဲ့ မြန်မာ့ဇာတာ အခြေအနေကို လေ့လာ သုံးသပ် ဟောဆိုထားတဲ့ ဝေဒပညာရှင် ဆရာများရဲ့ အယူအဆနဲ့ တရားဝင် အသိပေး ပြောကြားချက်တွေကို လိုက်လံ စုစည်းခဲ့ပါတယ်။

စုစည်း ရရှိသမျှ မြန်မာ့အနာဂတ် ဟောကိန်းတိုင်းတွေက အားတက်စရာလည်း ရှိသလို ၊ စိတ်ပျက်စရာတွေလည်း မနည်းဘဲ သတိထားရမှာတွေလည်း ရှိနေပါတယ်။ ဒီနေရာမှာ ဝေဒပညာရှင် ဆရာများရဲ့ အမြင်နဲ့ ဟောကိန်းတွေကို နှစ်ပိုင်းခွဲ တင်ပြလိုပါတယ်။ ပထမတစ်ပိုင်းက ရွေးကောက်ပွဲ ရလဒ်ပိုင်း ဖြစ်ပြီး ဒုတိယပိုင်းက ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အလားအလာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အခြေအနေနှင့် ရလဒ်

ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့ဟာ လွတ်လပ်ရေး ယူတဲ့နေ့ ၄ ရက်နေ့ ဆိုတဲ့ ၄ ဂဏန်းနဲ့ မတည့်သလို အဲဒီနေ့မှာ တည်ရှိတဲ့ ကောင်းကင် ဂြိုဟ်တွေရဲ့ အနေအထား မကောင်းလို့ ငြင်းခုန်မှု၊ ပဋိပက္ခနဲ့ မငြိမ်သက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆရာစံဇာဏီဘိုက ကုမုဒြာဂျာနယ်နဲ့ အင်တာဗျူးတစ်ခုမှာ အတိအလင်း ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲ အကြိုမှာရော အကျော်မှာရော အငြင်းအခုန်တွေ၊ တိုက်ပွဲနဲ့ သွေးထွက်သံယို ပဋိပက္ခတွေ အထင်အရှား လွှမ်းမိုးနေလို့ ပြည်သူတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခိုက်ရန် ပြဿနာ မဖြစ်အောင် ထိန်းကြဖို့လည်း ဆရာစံဇာဏီဘိုက တိုက်တွန်း ပြောဆိုပါတယ်။ ရွေးကောက်ပွဲ ရလဒ်အနေနဲ့ လာမယ့် သမ္မတသစ်ဟာ လက်ရှိထဲကလည်း မဖြစ်နိုင်၊ တိုင်းရင်းသားထဲကလည်း မဖြစ်နိုင်ဘဲ အမျိုးသမီး ဦးဆောင်မှုက အားသာမယ်လို့ ဆိုပါတယ်။

ဆရာစံဇာဏီဘိုဟာ ဒီနှစ် ဒီဇင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မယ် ဆိုတဲ့ (ကွယ်လွန်သူ) ဆရာကြီးမင်းသိင်္ခရဲ့ ကြိုတင်ဟောကိန်းကို ထောက်ခံ အတည်ပြုထားသူလည်း ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး ရှေ့အလားအလာနဲ့ ပတ်သက်ရင် သူများနဲ့မတူတဲ့ အယူအဆတွေ ထူးခြားစွာ တင်ပြလေ့ ရှိတဲ့ ဆရာဘဲလားလေဘာတီကလည်း ရွေးကောက်ပွဲ ကျင်းပချိန် နိုင်ငံတော် ဇာတာ၊ သမ္မတရဲ့ ဇာတာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဇာတာက စန်းအနေအထားတွေကြောင့် ရွေးကောက်ပွဲနေ့မှာ ထင်တာတွေ မဖြစ်၊ မထင်မှတ်တာတွေ ဖြစ်လာနိုင်ပြီး ရွေးကောက်ပွဲ ရလဒ် နောက်ပိုင်းနေ့တွေမှာ လူစုလူဝေး လှုပ်ရှားမှုတွေ ရှိလာမယ်ဆိုရင် အဓိကရုဏ်း၊ သွေးထွက်သံယို၊ အဖမ်းအဆီး အနိဌာရုံတွေ ဖြစ်လာနိုင်တယ်လို့ Tomorrow ဂျာနယ်ပါ ဆောင်းပါးမှာ ဟောကြားထားပါတယ်။ တကယ်လို့ ရွေးကောက်ပွဲက အနိဌာရုံတွေနဲ့ ယှဉ်သွားရင် အနိဌာရုံနဲ့ ယှဉ်တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရဟာ တိုင်းပြည်ကို နိုင်နင်းအောင် မထိန်းသိမ်းနိုင်ဘဲ အနိဌာရုံတွေ ဆက်သွားနိုင်တယ်လို့ ဆရာဘဲလားလေဘာတီက သတိပေးထားပါတယ်။

မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့အမှုဆောင် ဦးဇေယျာကိုကလည်း ‘‘ရွေးကောက်ပွဲ ကတော့ ကျင်းပ မှာပဲ။ ရလဒ် ကတော့ ဘဝင် မကျစရာ ကွဲလွဲ မှုတွေဖြစ်နိုင် တယ်’’ လို့ 7Days News ဂျာနယ်ကို ယခုနှစ်ဆန်းပိုင်းက ပြောဆိုထားပါတယ်။ သမ္မတနေရာ ခန့်မှန်းရာမှာလည်း ဦးဇေယျာကိုက ကြာသပတေး သို့မဟုတ် စနေသားသာ သမ္မတ ဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်ဥက္ကဌ (သို့မဟုတ်) ဒုသမ္မတသာ ဖြစ်နိုင်တယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။

ဆရာကြီးမင်းသိင်္ခရဲ့ အနီးကပ် တပည့်တစ်ဦး ဖြစ်ခဲ့တဲ့ ဆရာဇင်ယော်နီက ကမာရွတ် အွန်လိုင်းမီဒီယာကို ပြောကြားရာမှာ ၁၉၈၈ ဆိုတဲ့ ၈ ဂဏန်းနှစ်၊ ၂၀၁၅ ဆိုတဲ့ ၈ ဂဏန်းနှစ် အပြင် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကလည်း ၈ ရက်နေ့ ဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ မုချ အပြတ်အသတ် အောင်မြင်နိုင်ကြောင်း၊ ဒါပေမဲ့ ၈ ဂဏန်းရဲ့ အဆိုးသဘောကြောင့် ဆယ်တန်းအောင်ပြီးကာမှ တက္ကသိုလ်တွေ ပိတ်ထားသလို အချည်းနှီး ဖြစ်တတ်ကြောင်း ဟောဆိုထားပါတယ်။

ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအလားအလာ

မြန်မာ့လွတ်လပ်ရေးရတဲ့ သက်တမ်းဟာ လာမယ့် နှစ်သစ် ဇန်နဝါရီကျော်ရင် ၆၉ နှစ် ပြည့်မှာ ဖြစ်ပြီး ရှိရင်းစွဲနဲ့ မတူတဲ့ လမ်းကြောင်း၊ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့ ရှိတယ်လို့ ဆရာစံဇာဏီဘိုက ပြောပါတယ်။ ဇန်နဝါရီနဲ့ ဧပြီကြားမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ကုန်သွယ်ရေး စီးပွားရေး ခဲယဉ်းမှုတွေ ဖြစ်လာနိုင်တယ်၊ သတိထားရမယ့်အပိုင်းတွေ ရှိတယ်လို့လည်း ဆရာစံဇာဏီဘိုက ကြိုတင် ဟောဆိုထားပါတယ်။

ဆရာစံဇာဏီဘိုရဲ့ ဒေါ်စု သမ္မတ ဖြစ်မယ် ဆိုတဲ့ အယူအဆနဲ့ လုံးဝ ဆန့်ကျင်ကွဲလွဲနေတဲ့ ဆရာဘဲလားလေဘာတီကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မူလဇာတာ အင်အားအရ သမ္မတ မဖြစ်နိုင်၊ တကယ်လို့များ ဖြစ်လာမယ် ဆိုရင်တောင် ၅ နှစ်သက်တမ်း လုံးဝ မပြည့်နိုင်ဘဲ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်လို ဇာတ်သိမ်း မလှ ဖြစ်သွားနိုင်တယ်၊ ဒါ့ကြောင့် ဒေါ်စုအနေနဲ့ သမ္မတ ဖြစ်ဖို့ မကြိုးစားဘဲ ဆိုနီယာဂန္ဒီလိုပဲ နေထိုင်သင့်တယ်လို့ အကြံပြု ဟောဆိုထားပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲက စစ်တပ် ကိုယ်စားလှယ် ၂၅ % ကို ဖယ်ထုတ်ဖို့ ကြိုးစားရင် ၁၀ နှစ်အတွင်း မြန်မာ့ထီးနန်းကို ဘိန်းဘုရင်တွေက ဝယ်သွားပြီး အစိုးရအဖွဲ့ကိုလည်း သူတို့ကပဲ ခြယ်လှယ်နိုင်လိမ့်မယ်လို့ ဆရာဘဲလားလေဘာတီက သူ့ရဲ့ Facebook မှာ ရေးသား သတိပေး ထားပါတယ်။ ဒါ့အပြင် Tomorrow ဂျာနယ်ပါ ဆရာဘဲလားလေဘာတီရဲ့ ဆောင်းပါးမှာလည်း ဒေါ်စုရဲ့ ဇာတာဟာ ဒီနှစ်ကနေ နောင် ၃ နှစ်အထိ အလွန် ညံ့နေလို့ NLD နိုင်ခဲ့ရင် တိုင်းပြည်မှာ ပြဿနာပေါင်းစုံ ဖြစ်လာနိုင်တယ်လို့လည်း အတိအလင်း ဟောဆို ရေးသားပြပါတယ်။

မြန်မာ့နက္ခတ်ပညာရှင်တစ်ဦး ဖြစ်တဲ့ ဆရာနျူမန် (မိုးတား) ကတော့ ရွေးကောက်ပွဲအလွန် ၂၀၁၅ နှစ်ကုန်ပိုင်းမှာ သွေးသံ အနေအထား၊ တိုင်းသူပြည်သားအချို့ အသက်အန္တရာယ် ဖြစ်နိုင်မယ့် အနေအထားတွေကို သတိပေးလိုကြောင်း သူ့ရဲ့ မြန်မာ့ကံကြမ္မာ နှစ် (၁၀၀) အပိုင်း (၃) မှာ ရေးသား တင်ပြထားပါတယ်။ အထူးသဖြင့် ၃၊ ၁၂၊ ၂၀၁၅ ကနေ ၁၄၊ ၃၊ ၂၀၁၆ အတွင်းမှာ မြန်မာပြည်အတွက် သတိထားရမှာ ဖြစ်ပြီး မထင်မှတ်တဲ့ အပြောင်းအလဲ၊ အဓိကရုဏ်း၊ သွေးထွက်သံယို ကိစ္စတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ဆရာနျူမန်က ဗြိစ္ဆာရာသီရောက် စနေဂြိုဟ် ဆောင်းပါးမှာ ထပ်လောင်း သတိပေးထားပါတယ်။

ရွေးကောက်ပွဲကာလ အခြေအနေ၊ ရလဒ်တွေနဲ့ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အလားအလာ ဟောကိန်းတွေကို ခြုံငုံကြည့်ရင် မြန်မာပြည် အနာဂတ်ဟာ သိပ် အကောင်းမြင် မျှော်လင့်ထားလို့ မရသေးဘူးဆိုတာ အထင်အရှား တွေ့မြင်နိုင်ပြီး ပြည်သူတွေအနေနဲ့ ရလဒ် ဘယ်လို ထွက်လာလာ၊ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့၊ စိတ်ခံစားချက် ဦးစားမပေးကြဖို့ သတိထားရမှာလည်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာ့ခေတ်သစ်ရဲ့ နိဒါန်းလို့ ဆိုရမယ့် ဒီရွေးကောက်ပွဲကြီး ငြိမ်းချမ်းစွာ ကျင်းပပြီးစီးပါစေ၊ တိုင်းသူပြည်သားတွေ မျှော်လင့်တောင့်တတဲ့ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်ပါစေလို့သာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မရဲတရဲ ဆန္ဒပြု ဆုတောင်းမိပါတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)