လက္ခဏာ ပြောင်းလို့ ကံကောင်းစေမလား

ကိုယ့်လက်ဝါးပြင်ပေါ်က လက္ခဏာလမ်းကြောင်းတွေကို လိုသလို ခွဲစိတ်ပြုပြင်ပြီးတော့ ကံကောင်းအောင် လုပ်ယူတယ် ဆိုတာ နည်းနည်း ကြောင်စီစီနိုင်တဲ့ လုပ်ရပ်လို့ ဆိုရမလားပဲ။ ဒါပေမယ့် ဂျပန်နဲ့ ကိုရီးယား မှာတော့ ဘဝမှာ ပိုပြီး အောင်မြင်ကျော်ကြားဖို့ ချမ်းသာကြွယ်ဝဖို့ အသက်ရှည်ကျန်းမာဖို့ လက္ခဏာ လမ်းကြောင်းတွေ ပြုပြင်ယူလိုက်ရင် ရတယ်ဆိုတဲ့ အယူအဆဟာ ခေတ်စားနေပါပြီ။

ရှေးပဝေသဏီတည်းက တည်ရှိခဲ့ပြီး ကိုင်ရိုတို့လို ကမ္ဘာကျော်ပညာရှင်တွေကြောင့် တခမ်းတနား ထွန်းလင်းတောက်ပလာခဲ့တဲ့ လက္ခဏာပညာရပ်ဟာ လက်ဝါးပြင်ပေါ်က လမ်းကြောင်းတွေ၊ လက်ချောင်း အနေအထား၊ ပုံသဏ္ဍာန်တွေ၊ အစိတ်အကျဲတွေ၊ လက်ရေစာတွေ အစရှိတဲ့ အသွင်အပြင်တွေကို တိုင်းထွာ လေ့လာပြီး ဟောကိန်းထုတ်တဲ့ ရှေ့ဖြစ်ဟောပညာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း လက္ခဏာနဲ့ ပတ်သက်ရင် ဆရာစန္ဒြ၊ ဆရာဦးစံတင်အောင် (ရွှေဘို) အပါအဝင် ဆရာအတော်များများပဲ နာမည်ကျော် လူသိများခဲ့ကြပါတယ်။

ထိုနည်းတူ ဂျပန်မှာဆိုရင်လည်း လက္ခဏာ တစ်ခါဖတ်ခဟာ စတာလင်ပေါင် ၅ဝ အထိ ရှိနေပြီး အတော်လေး လူကြိုက်များ ခေတ်စားတယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် အခုချိန်မှာတော့ ခေတ် ပြောင်းသွားပါပြီ။ လက္ခဏာဝါသနာရှင်တွေဟာ အရင်လို သာမန် လက္ခဏာဖတ် အဟောခံရုံနဲ့ အားမရတော့ဘဲ သူတို့ လက်ဝါးပြင်ပေါ်က လမ်းကြောင်းတွေကို လိုချင်တဲ့ အနေအထား ပြောင်းပြီး ကုသိုလ်ကံကောင်းအောင် ဖန်တီးယူလာကြပြီလို့ ဗြိတိန် ဒေးလီးမေးလ် သတင်းစာနဲ့ အမေရိကန်ဒေးလီးဘိစ်သတင်းတွေမှာမှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံက ဆေးခန်းတစ်ခုမှာဆိုရင် ၂ဝ၁၁၊ ဇန်နဝါရီကနေ ၂ဝ၁၃ မေလအထိ လက္ခဏာ ခွဲစိတ်ပြုပြင် လိုသူ အရေအတွက်ဟာ ၃၇ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။ ဆေးခန်းမှာ တခါ ခွဲစိတ်ခဟာ ဒေါ်လာ တစ်ထောင်ကျော် အထိ ကျသင့်ပေမယ့် ခွဲစိတ်လိုသူတွေ များလွန်းလို့ ဆေးခန်းကြော်ငြာကိုတောင် ရပ်ထားရပါသတဲ့။

များသောအားဖြင့် ခွဲစိတ်ချိန်ဟာ ၁ဝ-၁၅ မိနစ်လောက် ကြာပြီး လက္ခဏာလမ်းကြောင်း ၅ ခုကနေ ၁ဝ ခုထိ ပြုပြင်ခွဲစိတ်နိုင်ပါတယ်။ တချို့ ခွဲစိတ်လိုသူတွေက ဘယ်လမ်းကြောင်းကို ဘယ်ထိ ဆွဲဆန့်ချင်တယ်လို့ ဆရာဝန်ကို ကြိုပြောပြတတ်ပါတယ်။ ခွဲစိတ်တာ မကြာပေမယ့် အနာကျက်ဖို့ လမ်းကြောင်း သစ် ပေါ်လာဖို့က တစ်လလောက် အချိန်ယူရပါတယ်။

ခွဲစိတ်ဆရာဝန်ရဲ့ ပြောပြချက်အရဆို လက္ခဏာလမ်းကြောင်း ခွဲစိတ်ပြုပြင်လိုသူအများစုဟာ အသက် ၃ဝ ဝန်းကျင်တွေ ဖြစ်ပြီး လက္ခဏာဖတ် ဗေဒင်ဟော အတတ်ပညာကို နှစ်သက်သဘောကျသူတွေလို့ ဆိုပါတယ်။

ဒီထဲကမှ အမျိုးသားတွေဟာ အောင်မြင်ရေး ကြီးပွားချမ်းသာရေးဆိုင်ရာ လမ်းကြောင်းတွေကို ခွဲစိတ်ပြုပြင်ယူကြပြီး အမျိုးသမီးတွေကတော့ အချစ်ရေး အိမ်ထောင်ရေး ကံကောင်းစေမယ့် လမ်းကြောင်းတွေကို ခွဲစိတ် ပြုပြင်ယူကြပါတယ်။ တချို့ အမျိုးသမီးတွေဆို အိမ်ထောင်ရေး လမ်းကြောင်း မပါ၊ မထင်ရှားလို့ အချစ်ရေး ကံမကောင်းဘူးလို့တောင် ကိုယ့်ဖာသာ အယူသီးနေကြပါတယ်။

အဲသလို လက္ခဏာလမ်းကြောင်းတွေ ခွဲစိတ် ပြုပြင်ယူလိုက်လို့ ကံကြမ္မာကို တကယ်တမ်း ပြောင်းလဲစေပါသလား ဆိုတာကိုတော့ လန်ဒန်က အိန္ဒိယနိုင်ငံသား လက္ခဏာ ဆရာတစ်ဦးက ဒီလို သုံးသပ်ထားပါတယ်။

“လက္ခဏာလမ်းကြောင်းတွေ ခွဲစိတ်ပြင်ယူတဲ့ သတင်းကို ကျွန်တော် ဖတ်ရတဲ့အခါ အံ့အားသင့်မိပါတယ်။ ဘယ်လိုပဲ ခွဲစိတ်ပြင်ယူယူ ကံတရားကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကိုယ့်ကြမ္မာ ကိုယ် မြှင့်တင်ချင်ရင် လက်တွေ့ကျကျ လုပ်ရပါမယ်။ ဥပမာ ကျန်းမာရေး ကောင်းချင်တယ် ဆိုရင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ယူရပါမယ်။ တချို့ ယောဂလေကျင့်သူတွေဆိုရင် ၆ လအတွင်းမှာ သူတို့ ကျန်းမာရေးလမ်းကြောင်း ပြောင်းလဲသွားတာ တွေ့ရပါတယ်”

လက္ခဏာ ခွဲစိတ်ပြုပြင်တဲ့ ဂျပန်ဆရာဝန်ကတော့ ဒါကို စိတ်စွဲလန်းမှုအရ ရောဂါတစ်ခုခု စွဲကပ်နေတယ် ထင်သူကို နှစ်သိမ့် ဆေးတိုက်တဲ့သဘောနဲ့ ဆင်တယ်လို့ ပြောပါတယ်။ ဒီကြားထဲ ထူးထူးခြားခြား လက္ခဏာ လမ်းကြောင်းကို ခွဲစိတ်ပြင်ဆင်ပြီးမှ လက်ထပ်ထိမ်းမြားကိန်း ကြုံရတဲ့ အမျိုးသမီးတစ်ဦးနဲ့ လမ်းကြောင်းတွေ ခွဲစိတ်ပြီးမှ ထီပေါက်တယ်ဆိုတဲ့ အမျိုးသားနှစ်ဦးရဲ့ ထောက်ခံချက်တွေကိုလည်း ဆရာဝန်က ရရှိထား ပါတယ်။

မြန်မာပြည်မှာရော အဲဒီလို လက္ခဏာလမ်းကြောင်းကို ခွဲစိတ် ပြင်ယူတယ်ဆိုတာ ရှိခဲ့သလား မသိပါဘူး။ သိသလောက်တော့ ဆရာစန္ဒြရဲ့ သား နာမည်ကျော်လက္ခဏာဆရာဒေဝဟာ အဲဒီလို လမ်းကြောင်းတွေ ပြုပြင်ဖို့ နေနေသာ ဘယ်လို ယတြာ ဓာတ်ရိုက်ဓာတ်ဆင်ကိုမှ မပေးဘူး၊ အယုံအကြည်လည်း မရှိဘူးလို့ ကြွေးကြော်ထားပါတယ်။

ဒါပေမယ့် ကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာ၊ ဗေဒင်ဆရာကြီးမင်းသိင်္ခကတော့ လက်ဝါးပြင်ပေါ်က ကံမကောင်းတဲ့ လမ်းကြောင်းတွေ၊ အမှတ်အသားတွေအပေါ် ခရုပတ်ဗွေပါတဲ့ လက်ချောင်းနဲ့ ပွတ်သပ်ရင်း ဖုဌဿ လောကဓမ္မေဟိ ဆိုတဲ့ မင်္ဂလသုတ်တော်ထဲက တစ်ပိုဒ်ကို ရွတ်ဆို ယတြာပြုတဲ့နည်းကို သင်ပြပေးခဲ့ဖူးပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ လက္ခဏာလမ်းကြောင်းတွေ လိုသလို ပုံသွင်း ခွဲစိတ်ပြင်ယူတာဟာ စိတ်ပညာ သဘောအရ ကိုယ့်ဖာသာ Autosuggestion လုပ်ခြင်းတစ်မျိုးလို့ပဲ ယူဆပါတယ်။ ယုံကြည်မှုကို အားကောင်း သန်မာစေတဲ့ လက်ဖွဲ့အဆောင် ဆောင်ခြင်းတစ်မျိုးလို့လည်း သဘောထားမိပါတယ်။

ဒါပေမယ့် လမ်းကြောင်းပြင်ပြီးနောက် ကံပိုကောင်းလာမယ်လို့ ယုံကြည်သူတွေ ရှိနေသမျှတော့ ဂျပန်က ခွဲစိတ်ကုသခန်းဟာ ဝင်ငွေကောင်းနေဦးမှာပါ။ မိတ်ဆွေတို့ရော လက္ခဏာလမ်းကြောင်း ပြုပြင်ပြီး ကံစမ်း မကြည့်ချင်ဘူးလား။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)