တစ်ခါတစ်ရံ သေချာပေါက် တွက်ဆထားသော အကြံအစည်များ လွဲချော်တတ်တာမျိုးတွေ ရှိတတ်သလို စိတ်ညစ်နွမ်းခြင်း ဘာမှလုပ်လိုစိတ် မရှိတတ်ခြင်းကိုလည်း ခံစားရတတ်ပါသည်။
ထိုသို့ လွဲချော်မှုများ အဆင်မပြေမှုများကို ပြေလည်စေရန် လွယ်ကူရိုးစင်း၍ အကျိုးထင်ရှားစေမည့် မြန်မာ့လက်ဆန်းဗေဒင်ပညာရပ်လာ ယတြာအစီအရင်တစ်ခုရှိပါသည်။
ရှေးခေတ်ဗေဒင်ပညာရှင်ကြီးများ ပြောခဲ့သော “နဝင်းကိုခံ ကံကိုမြှင့်” ဟူသော စကားချပ်ရှိပါသည်။ ယခုယတြာကို ဆောင်ရွက်ရာတွင်လိုအပ်သော နဝင်းဓာတ်ခံ အချို့ကိုဖော်ပြပါမည်။
လိုအပ်သောပစ္စည်းများ
– ကြွေပန်းကန် ( ၂+၅+၂ = ၉ – နဝင်း)
– လစ်ပိုပုလင်း ( ၄+၅+၅+၄ = ၁+၈ = ၉ – နဝင်း)
– လက်ဖက် ၉ ပုံ
– လိမ္မော်ရောင် ဖယောင်းတိုင် ၁ တိုင်
– မိမိမွေးနံ၏ အညွန့်ပန်း (နေ့သားအလိုက်ကွဲပြားမှုရှိပါသည်)
အထက်ပါ ပစ္စည်း ငါးမျိုးကို စုဆောင်းထားရှိရန်လိုအပ်ပါမည်။
လုပ်ဆောင်ရမည့်အချိန်မှာ မိမိမွေးနေ့ မနက် ၆း၀၀ မှ ၇;၃၀ အတွင်းအပြီးလုပ်ဆောင်ရပါမည်။
လုပ်ဆောင်ပုံအဆင့်ဆင့်မှာ – ကြွေပန်းကန်ပြားအကြီးတစ်ချပ်အတွင်း အလယ်တွင် လစ်ပိုပုလင်းကို ထားပါ။ လစ်ပိုပုလင်း ဘေးပတ်ပတ်လည်တွင် လက်ဖက်သား ၉ပုံကို အဝိုင်းပုံစံပုံပါ။
လစ်ပိုပုလင်းပေါ်တွင် လိမ္မောရောင် ဖယောင်းတိုင်အသေးကို ထွန်းညှိပါ။ ပန်းအိုးအသေး တစ်လုံးဖြင့် မိမိမွေးနံအညွန့်ပန်းကို ပန်းကန်ပြားကြီးဘေးတွင် ထားပါ။ ရတနာသုံးပါးကို ရှိခိုးပူဇော်လှူဒါန်းပြီး လိုရာဆုတောင်းပါ။
ဥပမာ – တနင်္ဂနွေနေ့သားတစ်ဉီးသည် ယတြာဆောင်ရွက်မည်ဆိုပါက တနင်္ဂနွေနေ့မနက် ၆း၀၀ မှ ၇;၃၀ အတွင်း နေအိမ် ဘုရားကျောင်းဆောင်ရှေ့တွင်ဖြစ်စေ ဘုရားကျောင်းဆောင်ပေါ်တွင် ဖြစ်စေ ပန်းကန်ပြားအကြီးတစ်ချပ်အတွင်း အထက်ပါအတိုင်း စီစဉ်ပြီး ဘေးနားတွင် ပန်းအိုးအသေး၌ ကံ့ကော် တစ်ညွန့်ကို ထိုးလှူ၍ ဆုတောင်းရပါမည်။
နေ့သားအလိုက် အညွန့်နံပန်းများကိုဖော်ပြရသော် …
-တနင်္ဂနွေ – ကံကော် ၁ညွန့်
-တနင်္လာ – ဇီး၁ညွန့် (ဆူးဖယ်)
-အင်္ဂါ – ဝါးညွန့် (သို့) ရွက်လှ ၁ညွန့်
-ဗုဒ္ဓဟူး – မေမြို့ပန်း ၁ပွင့်
-ကြာသပတေး – သီးညွန့် (သို့)သီဟိုဠ် ၁ညွန့်
-သောကြာ – ဒန်းညွန့် ၁ညွန့်
-စနေ – အုန်း ၁ညွန့်
အထက်ပါအတိုင်း နေ့သားအလိုက် ကွဲပြားသွားသောအညွန့်များကို ဆောင်ရွက်မည့်သူ၏ မွေးနံအလိုက် ကပ်လှူပူဇော်ရပါမည်။
ပြဿနာအခက်အခဲများသူများ လွဲချော်မှုများသူများအဖို့ ၃ပတ် ၃ကြိမ်ဆက်တိုက်လုပ်ဆောင်ခြင်းဖြင့် လွဲချော်မှုများ ပြန်လည် တည့်မတ်သွားခြင်း ၊ အခွင့်ကောင်းများ ပြန်လည်ပေါ်ထွန်းလာခြင်း ၊ အကျိုးစီးပွားကောင်းများပေါ်ထွန်းလာခြင်းများ ကြုံတွေ့ခံစားရရှိပေမည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)