ငယ်ငယ်တုန်းက မိဘဘိုးဘွားတွေနဲ့အတူ ဘုန်းကြီးကျောင်း ရောက်ဖြစ်တဲ့အခါ လူကြီးတွေက သံဃာအရိပ်ကို မနင်းမိအောင် သတိထားခိုင်းပါတယ်။ အခုထိလည်း ရဟန်းသံဃာတော်တွေရဲ့ အရိပ်ကို တတ်နိုင်သလောက် မနင်းဖြစ်အောင် ရှောင်ကျဉ်ပါတယ်။ ရတနာသုံးပါးဆိုတဲ့ အသိနဲ့ရော ဂမ္ဘီ္ဘရအမြင်အရပါ လေးနက်တဲ့သဘောကို ဆောင်နေတဲ့အတွက် မနင်းဖြစ်အောင် သတိထားတာ ဖြစ်ပါတယ်။
ဟိုးတုန်းက ဥရောပအရှေ့ပိုင်းဒေသတွေမှာ အဆောက်အအုံကြီးတွေ ဆောက်တိုင်း လူကို စတေးပစ်တဲ့ ဓလေ့ ထွန်းကားခဲ့ပါတယ်။ (မြန်မာပြည်မှာလည်း အဲလိုတွေ ကြားဖူးပါတယ်) အဲလို လူ့အသက်ကို စတေးပစ်မှ သာလျှင် အဆောက်အဦ ဆောက်တာ အောင်မြင်တယ်၊ စတေးခံရသူရဲ့ ဝိညာဉ် (ကျွန်တော့်အထင် အောက်ဘုံသား) ဟာ အဆောက်အအုံကို သူ့လို ကံနိမ့်သူ ထပ်မပေါ်လာခင်အထိ စောင့်ရှောက်ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ခေတ်ကာလ ရွေ့လျောလာတဲ့အခါ လူကို စတေးဖို့ မဖြစ်နိုင်တော့တဲ့အတွက် လူတစ်ယောက်ယောက်ရဲ့ အရိပ်ကို ကြိုးနဲ့ တိတ်တိတ်လေး တိုင်းတာပြီး အဲဒီကြိုးကို အုတ်မြစ်ချတဲ့အထဲ ထည့်မြှုပ်ပြီးမှ အဆောက်အအုံ ဆောက်လာကြပါတယ်။ တချို့ကတော့ အဲဒီ ကံဆိုးသူမောင်ရှင်ကို အဆောက်အအုံ ရှိရာ မလိမ့်တစ်ပတ်နဲ့ ခေါ်လာပြီး အုတ်မြစ်ချမယ့် နေရာမှာ သူ့အရိပ် ကျအောင် နေရောင်အောက်မှာ ရပ်ခိုင်းတာမျိုးလည်း ရှိပါတယ်။
ဘယ်နည်းနဲ့ပဲလုပ်လုပ် အရိပ်စတေးခံရသူဟာ (၁၂) လအတွင်း သေဆုံးပြီး သူ့ဝိညာဉ်ကို မြေကြီးထဲ ချုပ်မိသလို ဖြစ်သွားစေပါတယ်။ ဒီတော့မှ မြေစောင့် ဘုမ္မစိုးတွေက ကျေနပ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းကြီး ပြီးမြောက် အောင်မြင်တယ်လို့ အစွဲအလမ်း ထားကြပါတယ်။ အခုမျက်မှောက် ခေတ်မှာတော့ ဒီအစွဲတွေ ရှိ၊ မရှိ မသိရပါဘူး။
နောက်တစ်ခု မှတ်သားဖူးတာက လက်ဝှေ့ပွဲတွေမှာ တစ်ဖက်လူရဲ့ ဦးခေါင်းအရိပ်ကို ဖနောင့်နဲ့ ဆောင့်နင်းပြီး အဟန့် လုပ်တာပါပဲ။ ပြီးတော့ မိုးပေါ်ပျံနေတဲ့ လင်းတ(လဒ) အရိပ်ကို ဖော့နဲ့ ထိအောင် ပေါက်နိုင်ရင် ပျံနေတဲ့ လင်းတက အောက်ပြုတ် ကျတယ်လို့လည်း မှတ်သားဖူးပါတယ်။ လေ့လာကြည့်ရင် အရိပ်နဲ့ ဂမ္ဘီရပညာရဲ့ ဆက်စပ်မှု လမ်းကြောင်း တစ်ခုကို ဖျတ်ခနဲ သတိထားမိကြမှာပါ။ ဘာပဲဖြစ်ဖြစ် လူရဲ့ အရိပ်ဟာ လူနဲ့ အနီးစပ်ဆုံး ဖြစ်တာမို့ လူနည်းတူပဲ ထပ်တူ ထပ်မျှ သဘောထားနိုင်တယ်လို့ ရှေးပညာရှင်တွေက ယူဆခဲ့ကြပုံ ရပါတယ်။
ဒါ့ကြောင့်လည်း ရှေးမြန်မာကြီးတွေ၊ ကျွန်တော်တို့ ဘိုးဘွားတွေက သာမန်လူတွေထက် မြင့်မြတ်တဲ့ ဘုရား သားတော် ရဟန်းသံဃာများ အရိပ်ကို မနင်းမိအောင် သတိထားခိုင်းတာ ဖြစ်မယ်လို့ တွေးကြည့်မိပါတယ်။ နဂိုတည်းက ဗုဒ္ဓဘာသာဝင်တွေပီပီ သံဃ်ာတော်တွေကို ကြည်ညိုရင်းစွဲနဲ့ ဂမ္ဘီရသဘောတရားတွေ ပေါင်းစပ်သွားတယ်လို့လည်း ကောက်ချက် ဆွဲကြည့်နိုင်ပါတယ်။
Ref: ဂန္ဒာရီအလွှာမှ မှတ်တမ်းများ (သက်လုံ)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)