အယူတော်မင်္ဂလာ ပြန်လာပြီ

ဆရာမင်းသိင်္ခ မကွယ်လွန်ခင် ၂၀၀၈ မတိုင်မီက လူပေါင်းရာနဲ့ချီ ကြိတ်ကြိတ်တိုး စည်ကားခဲ့တဲ့ မှော်ဘီက အယူတော်မင်္ဂလာခြံကြီးဟာ ကွယ်လွန်ပြီး ၂၀၀၉ နောက်ပိုင်းက စလို့ လူသူ အရောက်အပေါက် နည်းပါးပြီး ခြုံနွယ်ပိတ်ပေါင်းတွေချည်း ဖြစ်လာလို့ တံခါးတောင် ပိတ်ထားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အဘရဲ့ အမျိုးသမီး ဖြစ်ခဲ့သူ ဒေါ်ကျင်ဖုံက ဒီခြံကြီးကို ပြန်လည် ပြုပြင်မွမ်းမံဖို့အတွက် တပည့် တစ်ဦး ဖြစ်တဲ့ ဆရာအုန်းချစ်မြိုင်ကို ၂၀၁၅ မှာ အာဏာကုန် လွှဲအပ်ပြီး လုပ်ကိုင်စေခဲ့ပါတယ်။ ဒေါ်ကျင်ဖုံအနေနဲ့ ဒီခြံကို အရင်အတိုင်း ပြန်လည်ပတ်စေချင်ပြီး မင်းသိင်္ခ မတော့ရှိလို့ မရမ်းတလင်းခြံ နာမည်ကျသွားတာမျိုးကို မလိုလားတဲ့အတွက် သူ့ကို ခေါင်းခံ လုပ်ကိုင်စေခဲ့တယ်လို့ ဆရာအုန်းချစ်မြိုင်က ပြောပါတယ်။

သူမတိုင်ခင်က ဆရာမင်းသိင်္ခရဲ့ စီနီယာတပည့်တွေက ဒီခြံကို ဦးစီးခဲ့ပေမယ့် အနှောင့်အယှက်တွေ အမျိုးမျိုး ကြံုရလို့ သူတို့လည်း စိတ်ညစ်ပြီး ခြံကို မဦးဆောင်ကြတော့ဘူးလို့ ဆရာအုန်းချစ်မြိုင်က ထပ်ပြောပါတယ်။

၂၀၁၅ စက်တင်ဘာမှာ စတင်ခဲ့တဲ့ ခြံပြန်လည် ရှင်းလင်းရေးဟာ ဒီနှစ် ၂၀၁၇ မှာဆို ၂ နှစ် ပြည့်ခဲ့ပါပြီ။

ခြံကို ပြန်လည် မွမ်းမံနေသလိုပဲ အရင် ဆရာမင်းသိင်္ခ ရှိစဉ်ကအတိုင်း ဗေဒင် သင်တန်းပေးတာ၊ ယတြာတွေ ချေပေးတာကိုလည်း ခြံထဲမှာ ပြန်လုပ်ပေးနေပါတယ်။ ဗေဒင်သင်တန်းဆိုရင် အပတ်စဉ် ၂၄ အထိတောင် ရောက်လာပြီလို့ သိရပါတယ်။

လတ်တလော ခြံထဲမှာ ဆရာမင်းသိင်္ခ စီရင် ထားရှိခဲ့တဲ့ ဂမ္ဘီရရုပ်တုတွေနဲ့ သူရေးခဲ့တဲ့ ဝထ္ထုတွေထဲက နာမည်ကျော် ဇာတ်ဆောင် ရုပ်တုတွေ ဆက်ရှိနေပြီး တချို့ အရုပ်တွေကတော့ ပျက်စီးတာတွေ၊ ခြံု ပိတ်နေလို့ အောက်ခြေ မမြင်နိုင်တော့တာတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် ဆရာမင်းသိခ် သုံးခဲ့တဲ့ ပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ ဆုတံဆိပ်တွေနဲ့ ချီးမြှင့်ခံခဲ့ရတဲ့ ဘွဲ့တွေ ကိုတော့ ပြတိုက်သဖွယ် ထားရှိမှာ ဖြစ်ပြီး ဆရာမင်းသိင်္ခနဲ့ တစ်ပုံစံတည်းတူတဲ့ ရုပ်တုလည်း ထုလုပ်နေတယ်လို့ သိရပါတယ်။

အယူတော်မင်္ဂလာခြံကြီးကို ပြန်လည်ပတ်အောင် ကြိုးပမ်းနေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆရာကြီး မင်းသိင်္ခ ရေးခဲ့တဲ့ ဝထ္ထုတွေကို ဒီဘက်ခေတ် ရုပ်ရှင်ဇာတ်ကားတွေအဖြစ် ပြန်လည် ရိုက်ကူး ရုံတင်ပြသနေကြတာကို မြင်တွေ့နေရပါတယ်။ အရင်ကတည်းက ခေတ်အဆက်ဆက် ဘယ်တောမှ မရိုးနိုင်အောင် အကြိမ်ကြိမ် ပြန်ရိုက်နေရတဲ့ ဒီဇာတ်ကားတွေဟာ ခုထိလည်း ရိုးရာမပျက် အောင်ပွဲခံနေဆဲပါပဲ။

ဒါဟာ လူသာ သေပေမယ့် နာမည် မသေ၊ အရှိန်အဝါ မပျောက်တဲ့ အဘ ဆရာကြီး ဒေါက်တာ မင်းသိင်္ခရဲ့ အောင်မြင်မှုကို သက်သေ သာဓက ထူပြနေတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာကြီး မင်းသိင်္ခရဲ့ အယူတော် မင်္ဂလာခြံကြီး ပြန်သက်ဝင်လှုပ်ရှားမယ့် သတင်းကို ၂ နှစ်လောက် စာ မရေးဖြစ်ဘဲ ငြိမ်သက် တိတ်ဆိတ်နေတဲ့ ကျွန်တော့်ဘလော့ဂ်ကနေ ပထမဆုံး တကျော့ပြန် ပို့စ်အဖြစ် တင်ပြခွင့် ရလိုက်တာကို ပီတိဖြစ်မိပါတယ်။

မရမ်းတလင်းက အယူတော်မင်္ဂလာ ပြန်လာပါပြီဗျာ။

ကိုးကား သတင်း – ကုမုဒြာဂျာနယ်၊ 7Day TV
သတင်းဓာတ်ပုံ – ကုမုဒြာ

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)