ကောဇာစနေ ရွေ့လျားမှုနဲ့ ရာသီခွင်ဗေဒင်အဟော

သဘာဝပါပဂြိုဟ် ဖြစ်သလို လူသားတွေကို သင်ခန်းစာလည်း ကောင်းကောင်းကြီး ပေးတတ်တဲ့ စနေဂြိုဟ်ဟာ  ဇွန် ၃၀ ကနေ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ပုံမှန်အတိုင်း မသွားဘဲ နောက်ပြန်လှည့်ပါတော့မယ်။ ဗေဒင်အရ ပုံမှန်မဟုတ်ဘဲ ဂြိုဟ်တွေ နောက်ပြန်ရွေ့လျားတာကို (ဝကြ) သွားတယ်လို့ ခေါ်ပါတယ်။

သာယန နက္ခတ်ဗေဒင်အရ မိန်ရာသီမှာ ကောဇာစီးနင်းနေတဲ့ စနေဂြိုဟ်ကြီး အသွားမမှန် နောက်ပြန်လှည့်မယ့် လေးလခွဲကျော်ကာလအတွင်း ဘယ်ရာသီခွင်တွေအပေါ် အများဆုံး ရိုက်ခတ်လာမလဲဆိုတာ ကြည့်ရအောင်ပါ။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)
ဖော်ပြပါကာလအတွင်း မေထုန်ရာသီဖွားတွေဟာ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်လို့ ကိုယ် ကြိုးစားသလောက် ဖြစ်မလာတာတွေ ကြုံရပါမယ်။ အလုပ်တွေ များ၊ တာဝန်တွေ စုပြုံကျလာလို့ လုပ်ငန်းခွင်မှာ အမှားအယွင်းတွေ လုပ်မိတတ်ပါတယ်။ အလုပ်တာဝန်တိုင်းကို ဖြည်းဖြည်းမှန်မှန်နဲ့ အာရုံစိုက် လုပ်ပေးရပါမယ်။ အခု ကြိုးစားအားထုတ်နေတာတွေက ချက်ချင်း ရလဒ် မပေါ်ပေမယ့် နောက်ပိုင်းမှာ ပြန်အကျိုးပေးပါလိမ့်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)
မိန်ရာသီဖွားတွေက ဒီကာလမှာ စိတ်ကူးထက် လက်တွေ့ကို ဦးစားပေးလာရပြီး ကိုယ့်အထင်အမြင်တွေထက် လက်တွေ့က ပိုခက်ခဲကြမ်းတမ်းတယ်ဆိုတာကို နဖူးတွေ့ဒူးတွေ့ ကြုံရပါလိမ့်မယ်။ တစ်နေ့တာ အလုပ်တွေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ခါတိုင်းထက် ခက်ခဲရုန်းကန်ရတာတွေ များလာပါမယ်။ လူရောစိတ်ပါ မွန်းကြပ် ပင်ပန်းမှုတွေ များတတ်ပြီး ဒါကိုသာ သည်းခံဖြတ်ကျော်နိုင်ရင်တော့ သင်ခန်းစာကောင်းတွေ ရသွားပါလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)
ပျိုရွယ်တဲ့ ကန်ရာသီဖွား လူငယ်တွေအဖို့ ဒီကာလမှာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ အစစ်အမှန် ဆိုတာတွေကို နားလည်သဘောပေါက်လာပါလိမ့်မယ်။ အတုအယောင်၊ ဟန်ဆောင်ပန်ဆောင်တွေကို အမှန်အတိုင်း သိမြင်ပြီး ကိုယ်နဲ့ အဆင်အပြေဆုံး လက်တွဲဖော်ကို ရှာဖွေတွေ့ရှိတတ်ပါတယ်။ ချစ်သူစုံတွဲ၊ အိမ်ထောင်ရှင်တွေကတော့ ဒီကာလမှာ အချင်းချင်း ပွင့်ပွင့်လင်းလင်းနဲ့ အရှိကို အရှိအတိုင်း ချပြပြီး ဆွေးနွေးညှိနှိုင်းတာ အကောင်းဆုံးပါပဲ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)
ဓနုရာသီဖွားတွေဟာ ဖော်ပြပါကာလအတွင်း မိသားစုနဲ့ကိုယ့်ရဲ့အကြား နားလည်မှုတွေ အပြန်အလှန် ရှိနေဖို့ အရေးတကြီး လိုအပ်လာပါမယ်။ မိသားစုထဲမှာ ပြဿနာတစ်ခုခု ဖြစ်လာရင် မကြာခဏ သဘော ကွဲလွဲတာ၊ အမြင်မတူနိုင်ဘဲ တင်းမာမှုတွေ ပြင်းထန်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဒီကာလမှာ အိုးအိမ်နေရာ ပြုပြင်တာ၊ တည်ဆောက်တာတွေ လုပ်ရင် လက်စမသတ်ဘဲ ဖြစ်တတ်ပြီး စိတ်တိုင်းမကျတာတွေလည်း များပါလိမ့်မယ်။

စနေဂြိုဟ် အသွားမမှန်တဲ့ လေးလခွဲခန့်ကာလအတွင်း ဖော်ပြပါရာသီဖွား လေးခုဟာ အကျိုးသက်ရောက်မှုတွေ အများဆုံး ခံစားရတတ်ပြီး ကျန်ရာသီဖွားတွေကတော့ အနည်းနဲ့အများဆိုသလို စိတ်မောလူမော ဖြစ်ရတာတွေ၊ သည်းခံစိတ်ရှည်ပေးရတာတွေ၊ ပင်ပန်းနွမ်းနယ်ရတာတွေ ဖြစ်တတ်ကြောင်း အသိပေးအပ်ပါတယ်။

နက္ခတ်ဗေဒင်သုတ တိုးပွားရရှိကြပါစေ
ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)