ကောဇာ စနေ နှင့် ၁၂ ရာသီခွင်အဟော

အနောက်တိုင်းသာယန နက္ခတ်ဗေဒင်အရ ကောဇာ စနေဂြိုဟ်ဟာ ကုမ်ရာသီကနေ မိန်ရာသီထဲကို မတ်လ ၇ ရက်နေ့မှာ ကူးပြောင်းပါတယ်။ ပြီးရင် မိန်ရာသီမှာ ၂၀၂၆ ၊ ဖေဖော်ဝါရီအထိ ဆက်လက် တည်ရှိနေမှာ ဖြစ်လို့ သုံးနှစ်နီးပါးအတွင်း မိမိတို့ ရာသီခွင်အလိုက် ကံဇာတာတွေ ဘယ်လို ပြောင်းလဲ ဖြစ်တည်လာမလဲ ဆိုတာ တင်ဆက်လိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)

အရင်အတိတ်ကာလက နောင်တရစရာတွေ လုပ်ခဲ့ရင် ဒီသုံးနှစ်အတွင်းမှာ စိတ်မချမ်းသာစရာတွေ တကျော့ပြန် ခံစားရလိမ့်မယ်။ နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေ၊ မမြင်ရတဲ့ရန်သူတွေ ပေါ်ပေါက်လာနိုင်လို့ ဘယ်သူ့ကိုမှ ကျောချ ယုံလို့မရဘဲ သတိရှိရမယ်။ ငွေကုန်ကြေးကျများမယ့်နှစ်တွေလည်း ဖြစ်လို့ အသုံးအစွဲ ထိန်းရလိမ့်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

မိတ်ဆွေအသိုင်းအဝိုင်းထဲမှာ ကိုယ့်အပေါ် တကယ်စစ်မှန်ရိုးသားသူတွေသာ ကျန်ရစ်တော့မယ့် နှစ်ကာလတွေ ဖြစ်တယ်။ လူများပြီး ပွဲမစည်တဲ့ဆက်ဆံရေးတွေကို လျှော့ချနိုင်လိမ့်မယ်။ စိတ်ကူးတွေ၊ အစီအစဉ်တွေကိုလည်း အလုပ်ဖြစ်မယ့်ဟာပဲ ရွေးပြီး ဦးစားပေး အကောင်အထည်ဖော်ဖြစ်မယ်။ တချို့အရာတွေကို လက်လျှော့ရမယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)

သုံးနှစ်တာခရီးစဉ်မှာ အလုပ်တွေ၊ တာဝန်တွေက တန်းစီ စောင့်ကြိုနေတယ်။ ရည်မှန်းချက်ကို သွားမယ့်ခရီးက မနိုင်ဝန်တွေ ထမ်းရသလို ခက်ခဲကြမ်းတမ်းလိမ့်မယ်။ ဇွဲသန်မှ လမ်းမှန်ရောက်မယ့်ကာလ ဖြစ်လို့ ကြိုးစားမှုတွေ အများကြီး လိုအပ်လာမယ်။ ဘဝမှာ နေရာတစ်ခု အခိုင်အမာရဖို့ အကောင်းဆုံးရုန်းကန်ရမယ့်ကာလ ဖြစ်တယ်။ (ယခု ဆောင်းပါးကို ပြန်လည် ကူးယူဖော်ပြခြင်း၊ တစ်ဆင့် အသံလွှင့် တင်ဆက်ခြင်းတို့ကို လုံး၀ ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)

ရုပ်ပိုင်းအောင်မြင်မှုတွေထက် စိတ်ကူးဉာဏ်နဲ့ အတွေးအခေါ်ပိုင်းမှာ လေးနက်မြင့်မားမှုတွေကို တွေ့ကြုံရမယ်။ အဆင့်မြင့်ပညာရေးဘက် ဆက်သွားမယ့်သူတွေ ခရီးလမ်း ပွင့်မယ်။ နိုင်ငံရပ်ခြား ကူးသန်းသွားလာလိုသူတွေ လိုအင်ဆန္ဒ ပြည့်တတ်တယ်။ ဘာသာရေးပိုင်း လိုက်စားသူတွေလည်း ထူးခြားတဲ့အတွေ့အကြုံတွေ ရရှိမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

ဖော်ပြပါသုံးနှစ်အတွင်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ၊ အမွေအနှစ်ကိစ္စတွေမှာ ဆုံးရှုံးနစ်နာမှု ကြုံရတတ်တယ်။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံရပြီး ဖောက်ပြန်မှု၊ သစ္စာမဲ့မှုတွေလည်း ရင်ဆိုင်ရတတ်တယ်။ ကိုယ့်ဘက်က တရားနည်းလမ်းတကျ မကိုင်တွယ်၊ မဖြေရှင်းနိုင်ရင် တစ်ပူပေါ် နှစ်ပူဆင့်သလို သောကတွေ များရနိုင်တယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)

တိမ်ဖုံးတဲ့လပမာ သုံးနှစ်တာကို ဖြတ်သန်းရတတ်လို့ ဒီကာလရှည်အတွင်း စိတ်လက်မကြည်မသာ ဖြစ်လွယ်ပြီး လူမှုဆက်ဆံရေးသာမက အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာပါ ပြဿနာမျိုးစုံ ဖြစ်လာတတ်တယ်။ ဆက်ဆံရေး ပြတ်တောက်သွားတာ၊ လက်တွဲဖြုတ်၊ တစ်ခန်းရပ်ရတာ၊ အဆုံးသတ်လမ်းခွဲရတာတွေနဲ့ ကြုံတွေ့ရတတ်တယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)

ဝန်ထမ်းဆိုရင် ဒီသုံးနှစ်အတွင်း ခက်ခက်ခဲခဲ ဖြတ်သန်းရတတ်တယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ တာဝန် ပိုများလာပြီး စိတ်ရောလူပါ ထိခိုက်ပင်ပန်းစရာတွေ ဖြစ်လာလိမ့်မယ်။ ကျန်းမာရေးလည်း ချူချာပြီး ရောဂါဘယ ဝင်လွယ်တတ်တယ်။ ကျန်းမာရေးကို ပိုဂရုစိုက်ရမယ့်နှစ်တွေ ဖြစ်တယ်။ အလုပ်အပြောင်းအလဲ ရှိလာနိုင်တယ်။ (ယခု ဆောင်းပါးကို ပြန်လည် ကူးယူဖော်ပြခြင်း၊ တစ်ဆင့် အသံလွှင့် တင်ဆက်ခြင်းတို့ကို လုံး၀ ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

လူငယ်တွေဆိုရင် နှလုံးသားရေးမှာ အဆင်မပြေမှုတွေ များလာပြီး လူကြီးတွေဆိုရင် သားသမီးနဲ့ ပတ်သက်လို့ စိတ်ဆင်းရဲစရာတွေ ကြုံတွေ့ခံစားရမယ့်နှစ်တွေ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်တွေ၊ ရင်သွေး လိုချင်သူတွေအဖို့ ခက်ခဲတဲ့နှစ်တွေလည်း ဖြစ်တယ်။ ကိုယ်ဝါသနာပါရာ လုပ်ခွင့်မရဘဲ လမ်းပျောက်သလို ခံစားနေရတတ်တယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)

အိုးအိမ်မြေရာကိစ္စတွေမှာ ပြဿနာ ကြီး၊ငယ် ပေါ်လာတတ်တဲ့နှစ်တွေ ဖြစ်တယ်။ ပြီးတော့ မိသားစုအရေးတွေ၊ မိဘအကြီးအကဲတွေနဲ့ ပတ်သက်လို့ စိတ်မကောင်းစရာတွေ ခံစားရတတ်တယ်။ စိတ်ထဲ ထိခိုက်တုန်လှုပ်စရာ အဖြစ်အပျက်တွေ ပေါ်ပေါက်လာနိုင်တယ်။ ဘာမဆို ရင်ဆိုင်နိုင်တဲ့စိတ်ထားမျိုးသာ ကြိုတင်မွေးမြူထားရမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)

ကိုယ့်အနီးနားပတ်ဝန်းကျင်မှာ ဘယ်သူက ဘာဆိုတာ သိသာထင်ရှားလာမယ့်နှစ်တွေ ဖြစ်တယ်။ ပတ်ဝန်းကျင် နဲ့ ကိုယ်နဲ့ကြားမှာ နားလည်မှုတွေ မကြာခဏ လွဲတတ်တယ်။ ပုံမှန်ဆက်သွယ်နေကျသူတွေနဲ့ အဆက်အသွယ် ပြတ်သွားတတ်တယ်။ ခရီးနီး၊ခရီးဝေး သွားလာရာမှာ သတိထားရမယ်။ စီစဉ်သလို မဖြစ်ဘဲ ကြန့်ကြာလိမ့်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)

ဒီသုံးနှစ်တာအတွင်းမှာ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု၊ ငွေကြေးဥစ္စာနဲ့ ပတ်သက်လို့ အလေးထားစရာ ဖြစ်လာတော့မယ်။ အရင်လို အသုံးအဖြုန်း မကြီးတော့ဘဲ ချွေတာစုဆောင်း၊ သူဌေးလောင်းလို စိတ်ကို မွေးမြူရမယ်။ မဟုတ်ရင် ငွေကြေး ကျပ်တည်းပြီး ကြွေးနွံထဲ သက်ဆင်းရတတ်တယ်။ အပေးအယူ ၊အချေးအငှားတွေ သတိထားရမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)

မည်းမှောင်ပြီး မုန်တိုင်းထန်တဲ့ပင်လယ်ထဲမှာ ရုန်းကန်ကူးခတ်ရသလို အသက်ရှူကြပ် ၊ မောပန်းစေတတ်တဲ့ နှစ်တွေကို စတင်ဖြတ်သန်းရပါလိမ့်မယ်။ မူလဇာတာအလိုက် ကံအဆိုးအကောင်း ကွဲပြားသွားမှာ ဖြစ်ပေမယ့် စနေ ဂြိုဟ်စီးတဲ့နှစ်တွေ ဖြစ်လို့ ဘဝဆိုတာ တိုက်ပွဲလို့ ညည်းယူရလောက်အောင် ရုန်းကန်ရှင်သန်ရပါလိမ့်မယ်။

ကောဇာစနေ အစီးအနင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)