၂၀၂၂ ခုနှစ်အတွက် ဂဏန်းဗေဒင် လမ်းညွှန်ချက်

ဂဏန်းဗေဒင်ပညာအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဟာ (၂+ဝ+၂+၁ = ၅) ငါးဂဏန်း ရတဲ့နှစ် ဖြစ်လို့ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ၊ ကသောင်းကနင်း အပြောင်းအလဲတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုရောက်ရှိလာတဲ့ ၂၀၂၂ နှစ်သစ်ကတော့ (၂+ဝ+၂+၂ = ၆) ခြောက်ဂဏန်း ရတဲ့နှစ် ဖြစ်လို့ ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ သဟဇာတ ဖြစ်ရေးတွေကို ဖော်ဆောင်လာမှာ ဖြစ်ပါတယ်။

ဒီနှစ်သစ် ၂၀၂၂ အတွင်းမှာ တစ်ဦးနဲ့ တစ်ဦး မေတ္တာထားတာ၊ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ပေးတာ၊ အပေးအယူ ညီမျှအောင် ညှိနှိုင်းယူတာ၊ မိမိကိုယ်ကို (သို့) အိုးအိမ်နေရာလေးကို ပြန်လည် မွမ်းမံအလှဆင်တာ၊ လူမှုအသိုက်အဝန်းကို အာရုံစိုက်ပြီး မိတ်ဆွေအဆက်အသွယ် ပေါများအောင် လုပ်တာ၊ ကိုယ့်ကိုကိုယ် ဂရုစိုက် အလေးထားတာ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် သနားကြင်နာ တွဲကူတာတွေ လုပ်ပေးမယ်ဆိုရင် ဒီတစ်နှစ်တာမှာ ကံကောင်းခြင်းတွေ ဖြစ်ပေါ်လာမှာ အသေချာပါပဲ။

တစ်ဦးချင်းကံဇာတာအရဆိုရင် မိမိရဲ့ မွေးရက်၊မွေးလနဲ့ ဒီနှစ်ရဲ့ပေါင်းခြင်းဂဏန်း (၆) နဲ့ တစ်လုံးတည်းရအောင် ပေါင်းပြီး ရလာတဲ့ဂဏန်းကို ဟောကိန်းထုတ်ယူပါတယ်။ ဥပမာ ကိုယ့်မွေးရက်၊ မွေးလက ဒီဇင်ဘာ ၁၁ ရက်နေ့ ဆိုရင် ၁၂ လပိုင်း ဖြစ်လို့ ၁၂ နဲ့ ၁၁ ရက် ဖြစ်လို့ ၁၂+၁၁ = ၂၃ ရပါမယ်။ ဒါကို ဒီနှစ်ဂဏန်း ၆ နဲ့ထပ်ပေါင်းရင် ၂၃ + ၆ = ၂၉ ရပါမယ်။ ၂ နဲ့ ၉ ကို ထပ်ပေါင်းရင် ၁၁ ရပြီး ၁၁ ကို ထပ်ပေါင်းရင် ၁+၁ = ၂ ဂဏန်း ရပါမယ်။ ဒါဆိုရင် ဒီနှစ်သစ် ၂၀၂၂ အတွက် (၂) ဂဏန်းရဲ့ အကြံပြုချက်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၁) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၂ မှာ အဟောင်းတွေ ကုန်ဆုံးလို့ အသစ်တွေချည်း စတင်မယ့်ကာလ ဖြစ်တယ်။ ပင်ပန်းရုန်းကန်မှုတွေ အဆုံးသတ်ပြီး ဘဝသစ် စတင်ရမယ်။ ဦးဆောင်ခွင့်ရရင် ပိုကောင်းလိမ့်မယ်။

(၂) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၂ မှာ အစစအရာရာ သည်းခံစိတ်ရှည်ပေးရမယ်။ အလျင်စလိုဖြစ်ရင် အမှား များလိမ့်မယ်။ တစ်ယောက်အားနဲ့ မအောင်မြင်နိုင်လို့ စပ်တူစပ်ဖက်ကောင်း ရှာပါ။ တွဲဖက် လုပ်ကိုင်ပါ။

(၃) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၂ မှာ ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ အရည်အချင်းကို ထုတ်သုံးပေးရပါမယ်။ အရင်နဲ့မတူတဲ့ ဖန်တီးမှုအသစ်တွေ လုပ်ကြည့်ပါ။ သူများထက် ဆန်းသစ်တီထွင်နိုင်လေ အောင်မြင်လေပါပဲ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၄) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၂ မှာ ကြံတိုင်း မပေါက်၊ လုပ်တိုင်း မဖြစ်တာတွေ ကြုံလာရတတ်ပြီး ဇွဲ လုံ့လများများ စိုက်ထုတ်ရလိမ့်မယ်။ မမျှော်လင့်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားပါ။

(၅) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၂ မှာ အပြောင်းအလဲကောင်းတွေ မြင်တွေ့ရတတ်သလို လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေလည်း အရင်ထက် ပိုရလာမယ်။ ပြောင်းလဲမှုနဲ့ အလိုက်သင့်ရွေ့လျားနိုင်ရင် အကောင်းဆုံးပါပဲ။

(၆) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၂ မှာ လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်လာနိုင်လို့ မိတ်ဆွေသစ်နဲ့ (လူပျိုလူလွတ်ဆို) လက်တွဲဖော် ရှာတွေ့တာမျိုး ဖြစ်လာမယ်။ မိသားစု၊ သံယောဇဉ်အတွက် အချိန်ပေးရမယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၇) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၂ မှာ အားစိုက် မကြိုးစားရဘဲနဲ့ အရာတိုင်းက အဆင်ပြေလွယ်ကူပြီး သက်တောင့်သက်သာ ဖြစ်လာမယ်။ စီးပွားရေးထက် ဘာသာရေးနဲ့ အသိဉာဏ်ဘက်ကို အားစိုက်သင့်တယ်။

(၈) ဂဏန်းအတွက် အကြံပြုချက် -၂၀၂၂ မှာ အရင်က ကြိုးစားအားထုတ်မှုရဲ့အသီးအပွင့်ကို ပြန်ခံစားရမယ်။ နေရာအပေး၊ အသိအမှတ်ပြုတာတွေ ခံရမယ်။ တစ်ဖက်မှာ ကျန်းမာရေးကိုလည်း ပြန်ဂရုစိုက်ပေးရလိမ့်မယ်။

(၉) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၂ မှာ လမ်းဟောင်းတွေ၊ နည်းဟောင်းတွေ အားလုံးကို စွန့်ခွာရမယ့် အချိန် ဖြစ်တယ်။ ပတ်ဝန်းကျင်ဟောင်း၊ လူဟောင်းတွေနဲ့ အဆက်ပြတ်မယ်။ အားလုံးကို ပြန်စရတော့မယ်။

၂၀၂၂ မှာ အားလုံး ဘေးရန်ကင်းကွာ လိုရာပြည့်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)