၂၀၂၄ ခုနှစ်အတွက် ဂဏန်းဗေဒင် သုံးသပ်ချက်

၂၀၂၄ ခုနှစ်မှာ ဘာတွေဘယ်လို ဖြစ်ပျက်လာနိုင်သလဲဆိုတာကို ဂဏန်းဗေဒင်ပညာရပ် ရှုထောင့်ကနေ သုံးသပ်တင်ပြလိုက်ပါတယ်။

၂၀၂၄ ခုနှစ်ကို တစ်ခုချင်း ပေါင်းကြည့်ရင် (၂+ဝ+၂+၄ = ၈) ဂဏန်း ရပါတယ်။ ဂဏန်းဗေဒင်အရ (၈) ဂဏန်းကို စနေဂြိုဟ် စိုးမိုးပါတယ်။ စနေ ဆိုတာနဲ့ တန်းကြောက်ပါနဲ့၊ ဆက်ဖတ်ကြည့်ပါ။

သဘာဝပါပဂြိုဟ်ဖြစ်တဲ့ စနေဟာ အထစ်အငေါ့အဟန့်အတားတွေ၊ နှောင့်နှေးကြန့်ကြာမှုတွေကို ကိုယ်စားပြုတယ်ဆိုပေမယ့် ကမ္မ ဆိုတဲ့ ကံတရားဂြိုဟ်လည်း ဖြစ်တဲ့အတွက် မိမိတို့ ပြုလုပ်ခဲ့သမျှ ကံအကြောင်းတရားအလိုက် ဆုပေး၊ ဒဏ်ပေး စီရင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ရိုးရာသင်္ချာဗေဒင်အရ (၈) ဂဏန်းဟာ စည်းစိမ်ဥစ္စာကိုလည်း ဖော်ညွှန်းနေတဲ့အတွက် အရင်က မှန်မှန်ကန်ကန် ကြိုးစားအားထုတ်ခဲ့သူတွေ ဆုလာဘ်ကောင်းကို ပိုင်ဆိုင်ခွင့်ရလာမှာ ဖြစ်ပြီး အကြံအဖန် လုပ်ခဲ့သူတွေကတော့ စနေရဲ့ဒဏ်ခတ်ခြင်းကို ခံစားရမှာပါ။

၂၀၂၄ နဲ့ ကမ္ဘာ့အခင်းအကျင်း

(၈) ဂဏန်းနှစ် ဖြစ်တဲ့ ၂၀၂၄ ထဲမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပါဝါချိန်ခွင်လျှာ အကူးအပြောင်း ဖြစ်လာနိုင်ပြီး ထင်ရှားမြင်သာတဲ့ မူဝါဒ အပြောင်းအလဲကြီးတွေကိုလည်း မြင်တွေ့ရဖွယ် ရှိပါတယ်။

ပြီးတော့ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ လမ်းစ ပေါ်လာနိုင်ပြီး ကမ္ဘာကြီးကို လမ်းကြောင်းသစ်တစ်ခုဆီ ဆွဲခေါ်သွားနိုင်တဲ့ရွေးကောက်ပွဲရလဒ်တွေလည်း ဖြစ်ပေါ်လာဖို့ ရှိပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ၂၀၂၄ မှာ ရွှေ၊ အိမ်ခြံမြေ၊ တွင်းထွက်သတ္တုနဲ့ ရေနံလောင်စာဆီဈေးနှုန်းတွေ မြင့်မားလာနိုင်ပါတယ်။ တူးဖော်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတွေ အောင်မြင်မှု ရတတ်ပြီး ဘာသာရေး၊ ဗေဒင်၊ လောကီပညာတွေဘက်ကိုလည်း လူအများ အလေးထားလာနိုင်ပါတယ်။

၂၀၂၄ နဲ့ ဂဏန်းဗေဒင်

စနေဂြိုဟ် စိုးမိုးတဲ့ ၂၀၂၄ ခုနှစ်အတွင်း အင်္ဂလိပ်လို (၈၊ ၁၇၊ ၂၆) ရက်မှာ မွေးဖွားတဲ့ (၈) ဂဏန်းသမား အားလုံးရယ်၊

၂၀၂၄ ထဲမှာ ရောက်ဆဲအသက်ပေါင်းခြင်း (၈) ဂဏန်း ရလာတဲ့ သူတွေရယ် (ဥပမာ – ၂၀၂၄ မှာ အသက် ၁၇ နှစ်ပြည့်သူ၊ ၂၆ နှစ် ပြည့်သူ၊ ၄၄ နှစ်ပြည့်သူ စသဖြင့်)

အဲဒီလို လူနှစ်မျိုးဟာ ထင်ရှားတဲ့ ဘဝအခြေအနေ အတက်အကျ၊ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပြီး

အင်္ဂလိပ်လို (၄၊ ၁၃ ၊ ၂၂ ၊ ၃၁) ရက်မှာ မွေးဖွားတဲ့ (၄) ဂဏန်းသမားတွေရယ် ၊ အင်္ဂလိပ်လို (၆ ၊ ၁၅ ၊ ၂၄) ရက်မှာ မွေးဖွားတဲ့ (၆) ဂဏန်းသမားတွေရယ်ကတော့ …

မိမိတို့ ပြုခဲ့သမျှ ကံအကြောင်းတရားပေါ် မူတည်ပြီး အဆိုးအကောင်းလေးတွေ ထင်ရှား ဖြစ်ပေါ်လာနိုင်တယ် လို့ ဆိုရပါမယ်။

ဒီတော့ ခြုံငုံ ပြောရမယ်ဆိုရင် …
၈ ဂဏန်းသမား (၈ ၊ ၁၈ ၊ ၂၆ မွေးဖွားသူများ)
၄ ဂဏန်းသမား (၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ မွေးဖွားသူများ)
၆ ဂဏန်းသမား (၆ ၊ ၁၅ ၊ ၂၄ မွေးဖွားသူများ)
အသက်ပိုင်းအရ ပေါင်းခြင်း (၈) ဂဏန်း ရနေသူများ

အားလုံးဟာ ၂၀၂၄ ခုနှစ်မှာ တခြားဂဏန်းသမားတွေထက် ကံကြမ္မာ အချိုးအကွေ့ အပြောင်းအလဲ သိသာမြင်သာ ဖြစ်ပွားလာနိုင်ကြောင်း ၂၀၂၄ ဟောကိန်းအဖြစ် ဖော်ပြလိုက်ပါတယ်။

ဘေးရန်ကင်းကွာပြီး လိုရာဆန္ဒ ပြည့်ဝကြပါစေ
ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)