၂၀၂၄ မှာ ချစ်မေတ္တာရေးရာ ကံကောင်းမယ့် ရာသီခွင်များ

၂၀၂၄ ခုနှစ်မှာ ရာသီခွင်အလိုက် ကံကောင်းအောင်မြင်မယ့် ကဏ္ဍတွေ ရှိနေပါတယ်။ ဥပမာ တချို့ ရာသီခွင်တွေက ငွေကြေး ကံကောင်းမယ်၊ တချို့က အလုပ်အကိုင်တွေ ပိုကောင်းလာမယ်၊ တချို့ကတော့ မေတ္တာရေးမှာ စန်းပွင့်ပြီး စိတ်ချမ်းသာရတာမျိုး ဖြစ်တတ်ပါတယ်။

ဒီထဲမှာ လူပျိုလူလွတ်တွေရော ချစ်သူစုံတွဲ အိမ်ထောင်ရှင်တွေအနေနဲ့ပါ မေတ္တာရေး ကံကောင်းမယ့် ရာသီခွင်တွေ ရှိနေပါတယ်။ သူတို့ကတော့ …

ဓနုရာသီဖွား နဲ့ ဗြိစ္ဆာရာသီဖွား

ဗြိစ္ဆာရာသီဖွားတွေဟာ ဒီနှစ်အလယ်လောက်အထိ ချစ်ရေးချစ်ရာကံဇာတာတွေ အားကောင်းနေမှာ ဖြစ်ပြီး ဓနုရာသီဖွားတွေကတော့ နှစ်လယ်ကနေ နှစ်ကုန်အထိ နှလုံးသားရေးပိုင်းမှာ ကံဇာတာတွေ ထူးခြားလာတတ်ပါတယ်။

ဒီရာသီဖွားနှစ်မျိုးဟာ ၂၀၂၄ တစ်နှစ်တာအတွင်း ချစ်သူရည်းစား ရသွားတာ၊ ရည်ရွယ်ထားသူရှိရင် မင်္ဂလာပွဲ ကျင်းပရတာ၊ လူပျိုဘဝကနေ အိမ်ထောင်ရှင်ဘဝကို ကူးပြောင်းတာ ၊ ချစ်သူတွေကြားမှာ ပျော်ရွှင်ကြည်နူးချိန်တွေ ပိုများလာတာ စတဲ့ ကောင်းသော အပြောင်းအလဲတွေ ဖြစ်ပေါ်တတ်ပါတယ်။

မကာရရာသီဖွား နဲ့ ကုမ်ရာသီဖွား

ဒီနှစ် ၂၀၂၄ အတွင်း လူငယ်ဆန်ဆန် ရင်ခုန်သံတွေကိစ္စတွေ ပိုများလာနိုင်တာက မကာရရာသီဖွားနဲ့ ကုမ်ရာသီဖွားတွေ ဖြစ်ပြီး လူငယ်သဘာဝ အပျော်အပါးတွေ များလာတာ၊ စိတ်ကူးယဉ်သာယာမှုကို ပိုမို လိုလားနှစ်သက်လာတာ၊ ပျော်ပွဲရွှင်ပွဲတွေဘက် အာရုံ ကျလာတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကတော့ ၂၀၂၄ ခုနှစ်မှာ ချစ်မေတ္တာရေးနဲ့ ပတ်သက်လို့ လိုအင်ဆန္ဒ ပြည့်မယ့် ရာသီဖွားတွေ ဖြစ်ပြီး အောက်ဖော်ပြပါ ရာသီဖွားတွေကတော့ အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ အချိန်ပေး အလေးထားမှု လိုအပ်လာမယ့်သူတွေ ဖြစ်ပါတယ်။

သိဟ်ရာသီဖွား နဲ့ ကန်ရာသီဖွား

ချစ်သူ၊ အိမ်ထောင်ဖက်ရှိတဲ့ သိဟ်ရာသီဖွားတွေအဖို့ ၂၀၂၄ တစ်နှစ်တာအတွင်းမှာ သံယောဇဉ်တွေ သစ္စာတရားတွေကို စိန်ခေါ်ထိုးနှက်မယ့်အကြောင်းကိစ္စတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အချင်းချင်း သည်းခံမှုတွေ၊ စိတ်ရှည်မှုတွေ လိုအပ်ပြီး စည်းကျော်ဘောင်ကျော်တွေ မလုပ်မိဖို့ သတိပြုရပါမယ်။

ကန်ရာသီဖွားတွေကတော့ ချစ်သူ၊ အိမ်ထောင်နဲ့ ကိုယ့်ကြားမှာ အပြန်အလှန် ညှိနှိုင်းမှုတွေ လိုလာပြီး အချင်းချင်း တစ်ယောက်ခံစားချက်ကို တစ်ယောက် နားလည်မျှဝေတတ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ အတ္တကြီး၊ တစ်ကိုယ်ကောင်း ဆန်မိရင် မလိုလားအပ်တာတွေ ဖြစ်လာတတ်ပါတယ်။

အားလုံးသော ၁၂ ရာသီဖွားများ ကံကောင်းပျော်ရွှင်ကြပါစေ
ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)