နိုင်ငံရပ်ခြားကံနှင့် ဗေဒင်ပညာ

ဗေဒင်ပညာနဲ့ နိုင်ငံခြားသွားရကိန်း၊ နိုင်ငံရပ်ခြားမှာ အခြေချ နေထိုင်ရကိန်း စတာတွေကို တွက်ချက်စစ်ဆေးတဲ့ နည်းလမ်းများစွာ ရှိပေမယ့် ဒီနေရာမှာတော့ ဂဏန်းဗေဒင်၊ ရာသီခွင်ဗေဒင် ဆိုတဲ့ လူတိုင်း သိနားလည်လွယ်တဲ့ ဗေဒင်နည်းလေးတွေနဲ့ နိုင်ငံခြားကံ ရှိ၊ မရှိကို အလွယ်သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံခြားကံကို ဂဏန်းဗေဒင်နဲ့ တွက်ဆနည်း

ဂဏန်းဗေဒင်နည်းတစ်ခုအရ ကိုယ့်မွေးခုနှစ်မှာ တစ်ဂဏန်း အကြိမ်ကြိမ် ပါနေတယ်ဆိုရင် နိုင်ငံခြားသွားရကိန်း သေချာသလောက် ရှိတယ်လို့ ဆိုပါတယ်။ ဥပမာ … ကိုယ့်မွေးနှစ်က ၁၁ ရက်၊ ၁ လပိုင်း၊ ၁၉၉၁ ဆိုရင် အဲဒီမှာ တစ်ဂဏန်း လေးကြိမ်တောင် ပါဝင်နေလို့ နိုင်ငံခြားသွားဖို့ ကြိုးစားရင် အောင်မြင်လွယ်တတ်ပါတယ်။

နောက်ထပ် ဂဏန်းဗေဒင်နည်းအရ ကိုယ့်မွေးရက်ဟာ (၆) ဂဏန်း ဖြစ်မယ် .. ဥပမာ ၆ ၊ ၁၅ ၊ ၂၄ ရက်တွေမှာ မွေးဖွားတယ်ဆိုရင်လည်း နိုင်ငံရပ်ခြား သွားရကိန်း ရှိနေပါတယ်။ ပြည်ပနိုင်ငံမှာတောင် အခြေချနေထိုင်ခွင့်ပါ ရတတ်ပါတယ်။ မွေးရက်ဂဏန်းက (၆) မဟုတ်ရင်တောင် မွေးရက်၊ မွေးလ၊ မွေးနှစ် အားလုံးပေါင်းခြင်းဂဏန်း (၆) ရမယ်ဆိုရင်လည်း ဒီကံကို မျှော်လင့်လို့ ရပါတယ်။

အလားတူ မွေးရက် (၅) ဂဏန်းသမား … ဥပမာ ၅ ၊ ၁၄ ၊ ၂၃ ရက်တွေမှာ မွေးဖွားခဲ့သူတွေကလည်း နိုင်ငံခြား ကံဇာတာ ပါလာသူတွေ ဖြစ်ပါတယ်။ မွေးရက်ဂဏန်းက (၅) မဟုတ်ရင်လည်း မွေးရက်၊မွေးလ၊ မွေးနှစ်အားလုံး ပေါင်းခြင်း (၅) ရမယ်ဆိုရင် နိုင်ငံခြားသွားရကိန်း ရှိနေပါတယ်။

ထိုနည်းတူပဲ (၄) ဂဏန်းရှင် .. ၄ ၊ ၁၃ ၊ ၂၂ မှာ မွေးဖွားသူတွေနဲ့  မွေးရက်၊ မွေးလ၊ မွေးနှစ် အားလုံးပေါင်းခြင်း (၄) ဂဏန်း ရသူတွေဟာလည်း နိုင်ငံခြားသွားရကိန်း ရှိပါတယ်။ (၄) ဂဏန်းသမားတွေ သွားရပြီဆိုရင်တော့ မမျှော်လင့်ဘဲ ၊ စီစဉ်မထားဘဲ ရုတ်တရက် သွားရတတ်ပါတယ်။

ဒါက ဂဏန်းဗေဒင်အရ နိုင်ငံရပ်ခြားသွားရကိန်းနဲ့ ပြည်ပမှာ အခြေစိုက်နေထိုင်ခွင့်ကံတွေကို အကြမ်းဖျင်း ယူဆ ဟောကိန်း ထုတ်တာဖြစ်ပါတယ်။ ဒီနေ့ ခေတ်ကြီးမှာ လူတိုင်း ကြိုးစားရင် နိုင်ငံခြား သွားလာခွင့် ရလွယ်ပေမယ့်  ဖော်ပြပါ (၄) ၊ (၅) ၊ (၆) ဂဏန်းသမားတွေနဲ့ (၁) ဂဏန်း အကြိမ်ကြိမ် ပါသူတွေကတော့ သူများတကာထက် နိုင်ငံခြားကံ ပိုအားကောင်းသူတွေ ဖြစ်နေတတ်ပါတယ်။

၁၂ ရာသီခွင်ဗေဒင်အရ တွက်ဆရရင်တော့ … စရရာသီဖွားတွေ ဖြစ်တဲ့

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)
ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)

လေးမျိုးဟာ မွေးရာပါ ခရီးနီး၊ ခရီးဝေး သွားလာရကိန်း သူများထက် ရှိနေတတ်ကြပြီး

ဒုတိယအနေနဲ့ ဒွေးဒဟရာသီဖွားတွေ ဖြစ်တဲ့

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)
ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)

လေးမျိုးကလည်း အသွားအလာ များတတ်တဲ့ ၊ တစ်နေရာတည်းမှာ အထိုင်မကျတတ်တဲ့ ရာသီဖွားတွေ ဖြစ်လို့ ခရီးကံ ပိုအားကောင်းသူတွေ ဖြစ်နေတတ်ပါတယ်။

ကျန်တဲ့ ရာသီဖွားတွေကတော့ နိုင်ငံရပ်ခြားကံ မပါဘူးလို့ မဆိုနိုင်ပေမယ့် သွားလာဖို့ ကြိုးစားတိုင်း သူများထက် ပို ပင်ပန်းရ၊ ကြိုးစားရတာမျိုး ဖြစ်တတ်ပြီး သွားရပြီဟေ့ဆိုရင်လည်း တော်တော်နဲ့ ပြန်မလာဖြစ်တတ်ကြပါဘူး။

ဒါဆိုရင် ဂဏန်းဗေဒင်အရ ၊ ရာသီခွင်ဗေဒင်အရ ကိုယ့်မှာ နိုင်ငံခြားကံ ပါလာသလား၊ သွားရင် လွယ်ကူပါ့မလား ၊ ပြည်ပမှာ အခြေချခွင့် ရှိနေသလား စတာတွေကို ကိုယ်တိုင် အလွယ်တကူ သိနိုင်ပြီလို့ မျှော်လင့်ပါတယ်။ ဘေးကင်းကျန်းမာချမ်းသာကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)