ကိုယ်စောင့်နတ်တွေ ဘယ်မှာနေ

မြန်မာ့လောကီပညာမှာရော၊ ရာဇဝင် ဇာတ်တော်တွေထဲမှာပါ ကိုယ်စောင့်နတ်တွေ အကြောင်းက အနည်းနဲ့ အများ ပါဝင်လေ့ ရှိပါတယ်။ ကိုယ်စောင့်နတ်တွေဟာ ယုတ်မာ ရိုင်းစိုင်းသူတွေဆီကနေ ဖယ်ခွာသွားတတ်သလိုပဲ ကိုယ့်ကျင့်တရား ကောင်းမွန်သူတွေကိုလည်း တနည်းနည်းနဲ့ ပြန်စောင့်ရှောက်တတ်တယ်လို့ ဆိုရိုးရှိပါတယ်။

လူတွေကို စောင့်ရှောက်တဲ့ ကိုယ်စောင့်နတ် (၁၄) ပါး ရှိပေမယ့် ဒီနေရာမှာ အဓိက အကျဆုံး ပထမ (၃) ပါး အကြောင်းကို မသိသေးသူများအတွက် မိတ်ဆက်ပေး မျှဝေချင်ပါတယ်။ ဒီ ကိုယ်စောင့်နတ် (၃) ပါးဟာ ဦးခေါင်း၊ ကိုယ်နဲ့ ခြေပိုင်းကို နေရာခွဲ စောင့်တယ်လို့ ရှေးကျမ်းတွေကနေ မှတ်သားရပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

၁။ ဦးခေါင်းကို စောင့်သော နတ် – ဦးခေါင်းကို စောင့်တဲ့ နတ် ဖြစ်လို့ ကိုယ့်ဦးခေါင်းကို သန့်ရှင်း စင်ကြယ်အောင်၊ တင့်တယ် ကျက်သရေ ရှိအောင် ပြုလုပ်သူတွေကို ပိုပြီး စောင့်ရှောက်တတ်ပါတယ်။ အထူးသဖြင့် မနက်ပိုင်းအချိန်အခါတွေမှာ ကူညီမစပါတယ်။ ဒါပေမယ့် ဘာမှန်း မသိရတဲ့ ကြိုးတန်းတွေအောက်၊ လှေကားနဲ့ တံတားတွေအောက် စွတ်ရွတ် ဝင်တာတွေကို ဒီနတ်က သဘောမကျပါဘူး။

အဓိကက ဘောင်းဘီ၊ လုံခြည်တွေ လှန်းတဲ့ ကြိုးတန်းတွေအောက် ဝင်တာမျိုးတွေကို ရှောင်သင့်ပါတယ်။ ပြီးတော့ ပုဆိုး ၊ ထဘီတွေကိုလည်း ခေါင်းပေါ်ကနေ စွပ်ချ ဝတ်တာမျိုးကို ရှောင်ရပါမယ်။ ဒီအပြုအမူတွေကို ရှောင်ကျဉ်ပြီး ကိုယ့်ဦးခေါင်းကို သန့်ရှင်း ကျက်သရေ ရှိအောင် ထားမှ ဒီကိုယ်စောင့်နတ်က စောင့်ရှောက်မှာ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

၂။ ကိုယ်ကို စောင့်သော နတ် – ကိုယ့်ခန္ဒာကိုယ်ကို သန့်ရှင်းအောင် မနေတတ်သူတွေ၊ ရေမချိုးဘဲ ချေး (ဂျီး) အထပ်ထပ်နဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိသူတွေကို ဒီနတ်က စောင့်ရှောက်လေ့ မရှိပါဘူး။ ဒီကိုယ်စောင့်နတ်ရဲ့ စောင့်ရှောက်မှုကို ခံယူချင်ရင် ဝတ်ပြီးသား အကျီတွေကို ထပ်ခါတလဲလဲ ပြန် ဝတ်တာ၊ ညစ်ပေနံစော်တဲ့ အဝတ်အစားတွေ ဖြစ်ကတတ်ဆန်း ဝတ်ဆင်တာကိုလည်း ရှောင်ရမှာ ဖြစ်ပါတယ်။ အဓိက လိုရင်းကတော့ ကိုယ်ဝတ်တဲ့ အဝတ်အစား သန့်ရှင်း သပ်ရပ်ပြီး ချေးညော် ကင်းစင်တဲ့သူ ဖြစ်နေဖို့ပါပဲ။

၃။ ခြေကို စောင့်သော နတ် – ညဘက် အိပ်ရာဝင်ခါနီးတိုင်း ခြေဆေးပြီးမှ အိပ်တတ်ပါသလား၊ ဒါဆိုရင်တော့ ဒီကိုယ်စောင့်နတ်ရဲ့ ကြည့်ရှု စောင့်ရှောက်မှုကို ရရှိထားပါတယ်။ တနေကုန် သွားချင်ရာသွား၊ လည်ချင်ရာ လည်ပြီး ကိုယ့်ခြေထောက်ကို မဆေး မကြောဘဲ အိပ်ရာဝင်တတ်သူတွေကို ဒီနတ်က သဘော မကျပါဘူး။ ခြေထောက်မှာ ခြေသည်းတွေ ရှည်လျား ညစ်ပတ်နေတာ၊ ချေးအထပ်ထပ် ဖြစ်နေတာတွေကိုလည်း သတိပြု ဆင်ခြင် သန့်ရှင်းသင့်ပါတယ်။

အခု ပြောခဲ့တဲ့ ကိုယ်စောင့်နတ် (၃) ပါးကို ပြန်လေ့လာကြည့်ရင် ဂမ္ဘီရအမြင်ကို ခဏထားပြီး တကိုယ်ရေတကာယ သန့်ရှင်း စင်ကြယ်မှုနဲ့ ကျန်းမာရေး ရှုထောင့်အရပါ ကိုယ့်အတွက် အကျိုးရှိစေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရှေးအစဉ်အလာရယ်မို့ ခပ်ကြောင်ကြောင် အယူအဆတွေလို့ သဘောမထားဘဲ ယူတတ်တဲ့သူတွေ၊ မြင်တတ်သူတွေ မှတ်သား အသုံးချနိုင်ကြပါစေ။ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)