ကုမ်ရာသီရောက် စနေဂြိုဟ်နှင့် ၁၂ ရာသီခွင်ကံကြမ္မာ

အနောက်တိုင်းသာယနစနစ်အရ စနေဂြိုဟ်ဟာ မတ်လ ၂၁ ရက်မှာ မကာရရာသီကနေ ကုမ်ရာသီကို ကူးပြောင်းသွားခဲ့ပြီး ၂၀၂၃ ၊ မတ်လ ၆ ရက်နေ့အထိ ကုမ်ရာသီမှာ တည်ရှိနေမှာပါ။ ရာသီခွင်တစ်ခုမှာ ပျမ်းမျှ ၂ နှစ်ခွဲလောက် ကြာတတ်တဲ့ စနေဂြိုဟ်ရဲ့ ရာသီခွင် အကူးအပြောင်းမှာ ၁၂ ရာသီဖွားတွေရဲ့ ကံကြမ္မာကလည်း အပြောင်းအလဲတွေ ဖြစ်လာတတ်ပါတယ်။ ကုမ်ရာသီရောက် စနေဂြိုဟ်က ၁၂ ရာသီဖွားတွေအပေါ် ဘယ်လို သက်ရောက်လာမလဲ ဆိုတာ ကြည့်ရအောင်…။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ) ဘယ်သူက မိတ်ဆွေစစ်၊ ဘယ်ဝါက မိတ်ဆွေတု ဆိုတာကို လယ်ပြင်မှာဆင်သွားသလို ထင်ရှားလာဖို့ ရှိပါတယ်။ ကိုယ့်ဘဝမှာ ဘယ်မိတ်ဆွေသူငယ်ချင်းကသာ အရေးအပါဆုံး ဖြစ်တယ်ဆိုတာကိုလည်း ပို သိ၊ ပိုမြင်လာပါမယ်။ ဒီကာလမှာ လောင်းကစား၊ အပျော်အပါးတွေကိုတော့ ဆင်ခြင် လျှော့ချရပါမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ) ကိုယ့်အတွက်တင် မဟုတ်ဘဲ အများအတွက်ပါ အလုပ်တွေ ပိုလုပ်ပေးရပါတော့မယ်။ တာဝန်ကြီးတွေ ခေါင်းပေါ် ကျလာပါလိမ့်မယ်။ လူရောစိတ်ပါ မနားမနေ ရုန်းကန်လာရပါမယ်။ ဒါပေမယ့် အောင်မြင်မှုနဲ့ စိတ်ချမ်းသာမှုကလည်း ရလဒ်အဖြစ် စောင့်ကြိုနေပါတယ်။ အလွန်အကျွံကြီးတော့ တွန်းမလုပ်ပါနဲ့။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန်ရာသီဖွား(မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ) ခရီးအသွားအလာနဲ့ အဆင့်မြင့်ပညာသင်ကြားရေးကိစ္စတွေမှာ လိုအင်ဆန္ဒ မပြည့်ဝဘဲ သည်းခံရတာ၊ စောင့်ဆိုင်းပေးရတာတွေ ဖြစ်လာပါမယ်။ ခေါင်းထဲမှာ တွေးစရာတွေ သိစရာတွေ စုပြုံပြည့်နှက်နေလို့ လိုရင်းကို မရောက်ဘဲ ဝေ့လည်လာပါမယ်။ တတ်နိုင်သမျှ လူမှုကွန်ရက် သုံးစွဲတာကို လျှော့ချပေးပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ) ငွအသုံးအစွဲနဲ့ ပတ်သက်လို့ ခြိုးခြံချွေတာရမယ့် ကာလကို ရောက်လာပါပြီ။ အရာရာမှာ စည်းကမ်းနဲ့ ထိန်းသုံးတာ၊ စာရင်းအင်းနဲ့ အလုပ်လုပ်ရတာမျိုး ဖြစ်လာပါမယ်။ ကိုယ့်သိထား၊ တတ်ထားတာတွေကို ဝေမျှရမယ့် အချိန်လည်း ဖြစ်ပါတယ်။ မိသားစုအတွက် အချိန်ပေး၊ တာဝန်ယူမှုတွေ ပိုများလာပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ) အပေါင်းအဖော် မိတ်သဟာတွေ၊ လူမှုရေးကဏ္ဍ ဆက်စပ် ပတ်သက်မှုတွေမှာ စိတ်တိုင်းမကျစရာတွေ ဖြစ်လာပါလိမ့်မယ်။ အများနဲ့ တစ်ယောက် အမြင်မတူ သဘောကွဲလွဲလို့ တစ်ယောက်တည်းလို ခံစား အထီးကျန်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေဆိုရင် အချင်းချင်း နားလည်မှုတွေ ပိုလိုအပ်ပါမယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကန်ရာသီဖွား(သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ) ကျန်းမာရေးကို ပိုဂရုစိုက်ရမယ့် နှစ်ကာလတွေ ရောက်လာပါပြီ။ အေးအေးလူလူ အနားယူသင့်တယ် ထင်ရင် နားသာ နားလိုက်ပါ။ တစ်နေရာတည်း အလုပ်တစ်ခုတည်းမှာ ပိတ်လှောင် ခံစားနေတာထက် လှုပ်ရှားသွားလာရတာ ပိုကြိုက်လာပါမယ်။ ဝင်ငွေထက် ထွက်ငွေ ပိုများလာနိုင်လို့ သတိပြုရပါမယ်။

တူရာသီဖွား(စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ) လူငယ်ဆိုရင် နှလုံးသားရေးရာနဲ့ ပတ်သက်လို့ ခံစားနာကျင်ရတဲ့ ကာလကို ဖြတ်သန်းရပါတော့မယ်။ အတူနေရင်းနဲ့ ဝေးဝေးသွားသလို ခံစားရပါလိမ့်မယ်။ လူကြီးပိုင်းဆိုရင်တော့ ငွေရေးကြေးရေးပိုင်းမှာ စိတ်ညစ်စရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ လုပ်သလောက် အကျိုးမခံစားရတာတွေ ဖြစ်တတ်ပါတယ်။

ဗြိစ္ဆာရာသီဖွား(အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) လုပ်ငန်းရှင်တွေ၊ အလုပ်လုပ်နေသူတွေဆိုရင် ကိုယ့်အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးမှာ အားနည်း၊ နှေးကွေး အရှိန်လျော့လာတာကို မြင်တွေ့ရနိုင်ပါတယ်။ ဆန္ဒနဲ့ ဘဝ ထပ်တူမကျဘဲ သည်းခံလုပ်ရတာ စိတ်ပင်ပန်းမှုများတာတွေကို ခံစားရတတ်ပါတယ်။ ကြိုးစားရုန်းကန်ရမယ့် နှစ်ကာလတွေ  ဖြစ်ပါတယ်။

ဓနုရာသီဖွား(နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) ကိုယ်စိတ်နှစ်ပါး အနားမရအောင်ကို လှုပ်ရှားရုန်းကန်မှုတွေ ပြည့်နှက်လာတတ်ပါတယ်။ ခဏတဖြုတ် အနားယူဖို့ မလွယ်အောင်ကို အလုပ်တွေ ရှုပ်လာနိုင်ပါတယ်။ အပန်းဖြေခရီးတောင် ဝေးဝေးလံလံထိ မသွားနိုင်ဘဲ နီးနီးနားနားမှာပဲ အဆင်ပြေသလို နားရပါလိမ့်မယ်။ နိုင်ငံရပ်ခြားခရီး ခက်ခဲပါလိမ့်မယ်။

မကာရရာသီဖွား(ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ) ကျန်းမာရေးနဲ့ ငွေကြေးဥစ္စာပိုင်းမှာ အားနည်းချက် ရှိလာနိုင်ပါတယ်။ ပုံမှန်ထက် အားနည်း ချူချာနိုင်ပြီး ဆေးမှား၊ အစာမှားတာတွေ ဖြစ်တတ်ပါတယ်။ မိသားစုအတွင်းမှာ အဆင်မပြေမှုနဲ့ စိတ်ညစ်စရာတွေ လွှမ်းမိုးလာနိုင်ပါတယ်။ ငွေကြေးကိစ္စ ဖြေရှင်းရတတ်ပါတယ်။ အချေးအငှားတွေ ရှောင်ကျဉ်ရပါမယ်။

ကုမ်ရာသီဖွား(ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ) အများနဲ့ ရောရောနှောနှောတွေ မနေချင်တော့ဘဲ တစ်ကိုယ်ရေတစ်ကာယ လွတ်လပ်ပျော်ရွှင်မှုကို ပို ခုံခင်လာပါလိမ့်မယ်။ ဝါသနာ ပါတာတွေ၊ စိတ်ဝင်စားတဲ့အရာတွေကို စနစ်တကျ လုပ်မိလာပါမယ်။ ကိုယ့်မှာ ရှိပြီးသား အရည်အချင်း၊ အစွမ်းအစတွေကို ထုတ်ဖော် အသုံးချနိုင်မယ့် နှစ်တွေ ဖြစ်ပါတယ်။

မိန်ရာသီဖွား(ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ) ရန်ငြိုးရန်စဟောင်းနဲ့ ပြဿနာဟောင်းတွေ ပြန်ပေါ်လာတတ်တဲ့ ကာလ ဖြစ်ပါတယ်။ မိတ်ဆွေတွေလို့ ထင်ထားရသူတွေက မထင်မှတ်ဘဲ ရန်သူ၊ အတိုက်အခံတွေ ဖြစ်လာတတ်ပါတယ်။ ငွေရေးကြေးရေး အခက်အခဲလေးတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ရှာဖွေသမျှ အဖတ်မတင် ဖြစ်လာနိုင်ပါတယ်။

ရာသီဖွားအားလုံး ကံကောင်းကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)