ကျက်သရေ ထွန်းတောက်၊ ကံကောင်းခြင်းတွေ ရောက်စေဖို့

အလုပ်အကိုင်တွေ အဆင်မပြေဘဲ ထစ်ငေါ့ လွဲချော်မှုတွေ များနေတာ၊ ဝင်ငွေထက် ထွက်ငွေက ပိုများနေပြီး ကြွေးပူ ပတ်နေတာ၊ အိမ်တွင်းမှာလည်း မိသားစုဝင်တွေ အချင်းချင်း အမြင် မကြည်လင် ဖြစ်နေတာ အစရှိတဲ့ လူမှု စီးပွားအခြေအနေအရပ်ရပ်မှာ အားနည်းချက်တွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ .ဘယ်ဗေဒင်ဆရာဆီကိုမှ မသွားသေးခင် ဒီအချက်တွေကို အရင်ဆုံး တိုက်ဆိုင် စစ်ဆေး ပြင်ဆင်ကြည့်ပါ။ ပြီးမှ ဗေဒင်ဆရာနဲ့ တိုင်ပင်ပါ။ အောက်ဖော်ပြပါ အချက်အလက်တွေဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သတိမမူ၊ မေ့လျော့နေတတ်တဲ့ ဆင်ခြင်ပြုပြင်စရာတွေပဲ ဖြစ်ပါတယ်။

၁။ ဘုရားကျောင်းဆောင် – အများစုက ဘုရားစင်လို့ အလွယ် ခေါ်ကြပေမယ့် ဘုရားကျောင်းဆောင်လို့ ခေါ်တာ ပိုသင့်တော်ပါတယ်။ အဲဒီ ဘုရားကျောင်းဆောင်ကို စတိုခန်းလို သဘောထားပြီး တိုလီမိုလီ ပစ္စည်းတွေ ရှုပ်ပွနေအောင် မထားသင့်ပါဘူး။ ပြီးတော့  ပင့်ကူမျှင်တွေ ရှုပ်ခတ်ပြီး ဖုန်တလုံးလုံး ဖြစ်နေတာမျိုးလည်း မသင့်ပါဘူး။ ဘုရားကျောင်းဆောင်ဟာ ပန်း၊ ရေချမ်း၊ အလင်းတိုင်တွေနဲ့ ဝေဆာနေမှသာ ကျက်သရေမင်္ဂလာ ဖြစ်စေမှာပါ။ လိုတိုရှင်း ပြောရရင်တော့ ဘုရားကျောင်းဆောင်မှာ အမှိုက်ပေါင်းစုံ ရှုပ်ပွမနေဘဲ သန့်ရှင်းသပ်ယပ် ကြည်ညိုဖွယ်ရာ ဖြစ်နေဖို့ပါပဲ။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၂။ ဘုရားပန်းတွေ လဲတဲ့အခါ – ဘုရား ကပ်တဲ့ ပန်းတွေ ညိုးနွမ်းလို့ အသစ်လဲတဲ့အခါ ပန်းအိုးတွေကို ခြေရင်းဘက်တို့ ကြမ်းပြင်ပေါ် တို့မှာ ချမထားသင့်ပါဘူး။ အမြင့်တစ်နေရာမှာ တင်ပြီးမှသာ လဲလှယ်ရပါမယ်။ ဘုရားပန်းဟောင်းတွေ စွန့်တဲ့အခါ ခေါင်းရင်းဘက်ကိုသာ စွန့်ပါ။ တိုက်ခန်းမို့ အဆင်မပြေရင် ဘုရားကျောင်းဆောင်က ထွက်လာတဲ့ အမှိုက်ကို အထုပ်သပ်သပ် ထားပြီး စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ ခြေရင်းနဲ့ အိမ်သာဘက်တွေမှာ မစွန့်သင့်ပါဘူး။

၃။ အိမ်တွင်းထဲမှာ ဆင်ခြင်ရာ – အိမ်ထဲ၊ အခန်းထဲမှာ ပုဆိုး၊ ထဘီ၊ ဘောင်းဘီတွေ လှမ်းတဲ့ ကြိုးတွေအောက် တတ်နိုင်သလောက် မဝင်မိဖို့ သတိထားပါ။ ဖြတ်သန်း ဝင်မိရင် ဘုန်းကံ နိမ့်ပါးတတ်ပါတယ်။ နောက်တစ်ခုက ဖိနပ်ချွတ်နေရာပါ။ ဖိနပ်ချွတ်က  ဖိနပ်တွေဟာ ညီညီညာညာ ဖြစ်နေသင့်ပါတယ်။ ပြီးတော့ မိဘအကြီးအကဲတွေရဲ့ ဖိနပ်တွေကို သားသမီးတွေက နင်းမိ၊ ဖိမိတာ၊ ဖိနပ်တွေ ပက်လက်မှောက်ခုံ ဖြစ်နေတာမျိုး ရှောင်ရပါမယ်။ အကြီးအကဲ ဖိနပ်တွေကို အပေါ်က ထားပြီး ငယ်သားတွေက အောက်ကနေ အဆင့်ဆင့် နေရာချသင့်ပါတယ်။

၎။ နံနက်ချိန်ခါ မင်္ဂလာ – မနက် အရုဏ်ဦးမှာ အိမ်သူအိမ်သားတွေ နိုးထလို့ ဘုရားဝတ်ပြုပြီးတဲ့အခါ ဆရာတော်ဘုရားကြီးတွေရဲ့ တရားခွေ ဖွင့်လှစ် နာယူတာ၊ ကျက်သရေ မင်္ဂလာ ရှိတဲ့ သီချင်းတွေ ဖွင့်တာမျိုးတွေ လုပ်ရပါမယ်။ မနက်လင်း မိုးသောက်ချိန်မှာ ဆူဆဲ၊ အော်ဟစ်နေတာ၊ ကြိမ်းမောင်းပြစ်တင်တာတွေ ရှောင်ရပါမယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၅။ သတိထားရမယ့် အဝတ်အစားကိစ္စ – လုံချည်၊ ထဘီတွေ ဝတ်ဆင်တဲ့အခါ ခေါင်းပေါ်ကနေ မစွပ်သင့်ပါဘူး။ အောက်ကနေသာ ဆွဲယူ ဝတ်ဆင်ပါ။ ပြန်ချွတ်တဲ့ အခါမှာလည်း ခေါင်းပေါ်ကနေ မချွတ်ရပါဘူး။ ခြေထောက်ကနေပဲ ပြန်ဆွဲချွတ်ယူပါ။ စနစ်တကျ ပြန်ခေါက်သိမ်းပါ။ လုံခြည်ကို ခေါင်းကနေ စွပ်ပြီး ဝတ်မိရင် တနေ့တာ လုပ်ကိုင်သမျှ အလွဲအချော်တွေ များတတ်ပါတယ်။ အိမ်ဦးနတ် မိသားစုအကြီးအကဲရဲ့ ခေါင်းအုံး၊ အဝတ်အထည်တွေပေါ် ကျော်လွှားနင်းမိတာမျိုးကို ကျပ်ကျပ် ရှောင်ကျဉ်ရပါမယ်။

၆။ အချိန်မှန်ရမယ့် နာရီတွေ – အိမ်က နာရီတွေ ရပ်နေရင် အမြန်ဆုံး ပြန်ပြင်ပါ။ အချိန်နာရီမှန်ကို ပြသနိုင်အောင်လည်း သေချာ ညှိယူပါ။ တိုင်ကပ်နာရီမျိုး ထားရင် ခြေရင်းဘက်မှာ မထားပါနဲ့။ ခေါင်းရင်းဘက်မှာသာ ထားသင့်ပါတယ်။ လုံးဝ သုံးမရ ဖြစ်နေရင်တော့ စွန့်ပစ်ပါ။ ရပ်နေတဲ့ နာရီ၊ သုံးမရတော့တဲ့ နာရီတွေကို ဆက်သိမ်းမထားပါနဲ့။

၇။ နေရာမှန်ရမယ့် ပုံတော် စာစောင်တွေ – ဘာသာရေးဆိုင်ရာ ပုံတော်တွေ၊ စာစောင်တွေကို ခြေရင်းဘက်တွေ၊ ကြမ်းပြင်ပေါ်တွေမှာ ပစ်စလတ်ခတ် မထားသင့်ပါဘူး။ အမြင့်တစ်နေရာမှာ ဒါမှမဟုတ် သပ်ယပ်သန့်ရှင်းရာမှာသာ ထားပါ။ ခြေနဲ့ နင်းမိ၊ ထိမိနိုင်တဲ့ အလွယ်နေရာတွေမှာ မထားပါနဲ့။ အဲဒီလိုပဲ အိမ်ရဲ့ မိသားစုအကြီးအကဲတွေ ပုံကိုလည်း ခြေရင်းဘက် မထားသင့်ပါ။

၈။ အရေးကြီးတဲ့ သောက်ရေအိုး – သောက်ရေအိုး (ဒါမှမဟုတ်) ခုခေတ် လူသုံးများတဲ့ သောက်ရေသန့်ဗူးကြီးတွေကို အိမ်ခြေရင်းဘက်မှာ မထားပါနဲ့။ ခေါင်းရင်းဘက်မှာ ထားရပါမယ်။ ထားလို့ အဆင်မပြေရင်တောင် ခြေရင်းဘက် ဖိနပ်ချွတ်နဲ့ နီးရာမှာ မထားသင့်ပါဘူး။ သောက်ရေအိုးကိုလည်း ရေမပြတ်အောင်နဲ့ သန့်ရှင်းတောက်ပြောင်နေအောင် ထားရပါမယ်။

၉။ ခေါင်းဆောင်းတွေ နေရာမှန်ဖို့ – နေပူမိုးရွာရင် သုံးနေကျ ထီးတွေကို ခြေရင်းဘက်တွေ၊ ချောင်ကြိုချောင်ကြားတွေမှာ ပစ်မထားပါနဲ့။ အိမ်သုံး တံမျက်စည်းနဲ့လည်း ရောမထားမိပါစေနဲ့။ ထီးကို အမြင့်မှာ ချိတ်ချင်ချိတ်၊ မချိတ်နိုင်ရင် ခေါင်းရင်းဘက်မှာသာ ထောင်ထားပါ။ ဦးထုပ်တွေ၊ ခေါင်းစွပ်တွေ ကိုလည်း ချောင်ထိုးထားတာ၊ ညစ်ပတ်ပေရေတာမျိုး မဖြစ်ပါစေနဲ့။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၁၀။ အိမ်မြှောင်တွေရဲ့ သတိပေးချက် – အိမ်ပဲ ဖြစ်ဖြစ် တိုက်ခန်းပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်နေရာဖြစ်ဖြစ် အိမ်မြှောင်နဲ့ မကင်းကြပါဘူး။ အိမ်မြှောင် စုတ်ထိုးသံတွေကို သတိထားပြီး နားစွင့်ကြည့်ပါ။ တကျွတ်ကျွတ်နဲ့ ခဏခဏ ထိုးရင် ကိုယ်စောင့်နတ်တွေ၊ အိမ်စောင့် လမ်းစောင့်နတ်တွေကို မေတ္တာပို့ အမျှဝေပေးပါ။ လုပ်ငန်းစီးပွား တိုးတက်ပါလိမ့်မယ်။ ဒါပေမယ့် အိမ်မြှောင်စုတ်ထိုးသံက လေးလေး နှေးနှေးကြီး ဖြစ်ရင်တော့ သတိထားရပါမယ်။ ကုသိုလ်ကောင်းမှုတွေ များများလုပ်ဖို့ သတိပေးတာ ဖြစ်ပါတယ်။

ကျက်သရေ ထွန်းတောက် ကံကောင်းခြင်းတွေ ရောက်စေဖို့ ဆိုတဲ့ စာစဉ်ကို ရေးသားရာမှာ ဆောင်ရန်တွေနဲ့ ရှောင်ရန်အချက်တွေ ကျန်ရှိနေသေးပေမယ့် အများ သိလွယ်၊ ပြင်လွယ်နိုင်မယ့် အချက်တွေကိုပဲ ဦးစားပေး တင်ပြလိုက်ပါတယ်။ အထက်ပါ အချက်တွေကို သတိထားပြီးတော့ ပြင်ဆင်၊ ဆောင်ရွက်နိုင်ရင်ပဲ လတ်တလော ညှိးမှိန်နေတဲ့ ကံဇာတာတွေ တဖန် ပြန်လည် တောက်ပလာမယ်လို့ ယုံကြည်လိုက်ပါဗျာ.. မိသားစုတိုင်း စိတ်အေးချမ်းသာ၊ လိုရာဆန္ဒ ပြည့်ဝကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)