ကျက်သရေ ထွန်းတောက်၊ ကံကောင်းခြင်းတွေ ရောက်စေဖို့ (၂)

လုပ်ငန်းစီးပွားရေးမှာ လွဲချော် မှားယွင်းမှုတွေ များနေတာ၊ အိမ်တွင်းမှာလည်း မိသားစုဝင်တွေအချင်းချင်းကြား နားလည်မှုတွေ လွဲပြီး အမြင်မကြည် ဖြစ်နေတာ၊ ငွေကြေးကိစ္စ အကျပ်အတည်းတွေ မကြာခဏ ဖြစ်လာတာ၊ လူမှုရေးမှာလည်း အများနဲ့ တစ်ယောက် ဆန့်ကျင်ဘက်တွေ ဖြစ်နေတာ စတဲ့ ကံဇာတာ အားနည်းမှုတွေ ဖြစ်ပေါ်လာပြီဆိုရင်…..

ဘယ်ဗေဒင်ဆရာဆီကိုမှ မသွားခင် ကိုယ့်အိမ်၊ ပတ်ဝန်းကျင်နဲ့ ကိုယ့်အပြုအမူ အနေအထိုင်တွေကို အောက် ဖော်ပြပါအချက်တွေနဲ့ အရင် တိုက်ဆိုင် စစ်ဆေးကြည့်ပါ။ ပြင်လို့ရတာတွေ အရင်ဆုံး ပြင်ဆင်ပြီးမှသာ ဗေဒင်ဆရာနဲ့ တိုင်ပင်ဆွေးနွေးပါ။ ကိုယ်တိုင်ကသာ ကျက်သရေ မင်္ဂလာရှိရှိ နေထိုင် လုပ်ကိုင် ပြောဆိုနိုင်ရင် တော်ရုံ ကံညံ့တာလောက်ကို အလိုလို ဖြေရှင်းပြီးသားလည်း ဖြစ်သွားမှာပါပဲ။

၁။ အချိန်မှန်ရမယ့် နာရီတွေ

အိမ်က နာရီတွေ ရပ်နေရင် အမြန်ဆုံး ပြန်ပြင်ပါ။ အချိန်နာရီမှန်ကို ပြသနိုင်အောင်လည်း သေချာ ညှိယူပါ။ တိုင်ကပ်နာရီမျိုး ထားရင် ခြေရင်းဘက်မှာ မထားပါနဲ့။ ခေါင်းရင်းဘက်မှာသာ ထားသင့်ပါတယ်။ လုံးဝ သုံးမရ ဖြစ်နေရင်တော့ စွန့်ပစ်ပါ။ ရပ်နေတဲ့ နာရီ၊ သုံးမရတော့တဲ့ နာရီတွေကို ဆက်သိမ်းမထားပါနဲ့။

၂။ ပုံတော် စာစောင်တွေကိစ္စ

ဘာသာရေးဆိုင်ရာ ပုံတော်တွေ၊ စာစောင်တွေကို ခြေရင်းဘက်တွေ၊ ကြမ်းပြင်ပေါ်တွေမှာ ပစ်စလတ်ခတ် မထားသင့်ပါဘူး။ အမြင့်တစ်နေရာမှာ ဒါမှမဟုတ် သပ်ယပ်သန့်ရှင်းရာမှာသာ ထားပါ။ ခြေနဲ့ နင်းမိ၊ ထိမိနိုင်တဲ့ အလွယ်နေရာတွေမှာ မထားပါနဲ့။ အဲဒီလိုပဲ အိမ်ရဲ့ အကြီးအကဲတွေ ပုံကိုလည်း ခြေရင်းဘက် မထားသင့်ပါ။

၃။ သောက်ရေအိုး သတိ

သောက်ရေအိုး (ဒါမှမဟုတ်) ခုခေတ် လူသုံးများတဲ့ သောက်ရေသန့်ဗူးကြီးတွေကို အိမ်ခြေရင်းဘက်ခြမ်းမှာ မထားပါနဲ့။ ခေါင်းရင်းဘက်မှာ ထားရပါမယ်။ ထားလို့ အဆင်မပြေရင်တောင် ခြေရင်းဘက် ဖိနပ်ချွတ်နဲ့ နီးရာမှာ မထားသင့်ပါဘူး။ သောက်ရေအိုးကို ရေမပြတ်အောင်နဲ့ သန့်ရှင်းတောက်ပြောင်နေအောင် ထားရပါမယ်။

၎။ ခေါင်းဆောင်းတွေ နေရာမှန်ဖို့

နေပူမိုးရွာရင် သုံးနေကျ ထီးတွေကို ခြေရင်းဘက်တွေ၊ ချောင်ကြိုချောင်ကြားတွေမှာ ပစ်မထားပါနဲ့။ အိမ်သုံး တံမျက်စည်းနဲ့လည်း ရောမထားမိပါစေနဲ့။ ထီးကို အမြင့်မှာ ချိတ်ချင်ချိတ်၊ မချိတ်နိုင်ရင် ခေါင်းရင်းဘက်မှာသာ ထောင်ထားပါ။ ဦးထုပ်တွေ၊ ခေါင်းစွပ်တွေကိုလည်း ချောင်ထိုးထားတာ၊ ညစ်ပတ်ပေရေတာမျိုး မဖြစ်ပါစေနဲ့။

၅။ အိမ်မြှောင်တွေရဲ့ သတိပေးချက်

အိမ်ပဲ ဖြစ်ဖြစ် တိုက်ခန်းပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်နေရာဖြစ်ဖြစ် အိမ်မြှောင်နဲ့ မကင်းကြပါဘူး။ အိမ်မြှောင် စုတ်ထိုးသံတွေကို သတိထားပြီး နားစွင့်ကြည့်ပါ။ တကျွတ်ကျွတ်နဲ့ ခဏခဏ ထိုးရင် ကိုယ်စောင့်နတ်တွေ၊ အိမ်စောင့် လမ်းစောင့်နတ်တွေကို မေတ္တာပို့ အမျှဝေပေးပါ။ လုပ်ငန်းစီးပွား တိုးတက်ပါလိမ့်မယ်။ ဒါပေမယ့် အိမ်မြှောင်စုတ်ထိုးသံက လေးလေး နှေးနှေးကြီး ဖြစ်ရင်တော့ သတိထားရပါမယ်။ ကုသိုလ်ကောင်းမှုတွေ များများလုပ်ဖို့ သတိပေးတာ ဖြစ်ပါတယ်။

ကျက်သရေ ထွန်းတောက် ကံကောင်းခြင်းတွေ ရောက်စေဖို့ ဆိုတဲ့ စာစဉ်ကို ရေးသားရာမှာ ဆောင်ရန်တွေနဲ့ ရှောင်ရန်အချက်တွေ ကျန်ရှိနေသေးပေမယ့် အများ သိလွယ်၊ ပြင်လွယ်နိုင်မယ့် အချက်တွေကိုပဲ ဦးစားပေး တင်ပြလိုက်ပါတယ်။ အထက်ပါ အချက်တွေကို သတိထားပြီးတော့ ပြင်ဆင်၊ ဆောင်ရွက်နိုင်ရင် လတ်တလော ညှိးမှိန်နေတဲ့ ကံဇာတာတွေ တဖန် ပြန်တောက်ပပြီး အဆင်ပြေ အောင်မြင်လာမယ်လို့ ဆိုချင်ပါတယ်ဗျာ။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)