သတိထားသင့်သော ခရီးသွားနိမိတ်များ

ခရီးတို ခရီးရှည် စတဲ့ အဝေးဒေသ တစ်နေရာရာကို သွားဖို့လာဖို့ ပြင်ဆင်ကြရာမှာ ဒီကိစ္စတွေ အောင်မြင်မှု ရ၊ မရ၊ ဘေးအန္တရာယ် ကင်း၊ မကင်းကို အနီးစပ်ဆုံး ကြိုတင် မှန်းဆနိုင်ရင် အများကြီး အကျိုးရှိပြီး ကြိုတင်ကာကွယ်ရာလည်း ရောက်မှာ ဖြစ်ပါတယ်။

အောက်မှာ ဖော်ပြမယ့် နိမိတ်တွေဟာ ရည်ရွယ် ဦးတည်တဲ့ အကြောင်းကိစ္စတစ်ခုမှာ  အလွဲအချော် များပြီး အဆင်မပြေ ဖြစ်လို့ လှည့်ပြန်ရတာမျိုးတွေကို ဖော်ညွှန်းပါတယ်။ ခရီးသွားလာရာမှာဆိုရင် ဘေးအနှောင့်အယှက် ပြဿနာတွေ၊ မထင်မှတ်တဲ့ ဘေးဥပါဒ်တွေကိုလည်း ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် ရည်ရွယ်ချက်တစ်ခုနဲ့ သွားလာရတဲ့ ကိစ္စတိုင်း၊ ခရီးတိုင်းမှာ နိမိတ်တွေကို တင်ကြို သတိထားကြဖို့ လိုပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါ့အပြင် ကျန်းမာရေးကိစ္စတွေ၊ ကြွေးတောင်းရမယ့် ကိစ္စတွေနဲ့ အပျော်ခရီးဘာညာ သွားလာရမယ့် သူတွေလည်း ဒီနိမိတ်တွေကို သတိပြုသင့်ပါတယ်။ မူရင်းကျမ်းတွေမှာ နိမိတ်ပေါင်းစုံကို ဖော်ပြထားပေမယ့် ဒီနေရာမှာတော့ လူသိများ၊ ထင်ရှားလောက်တဲ့ နိမိတ်တွေကိုပဲ ရွေးနုတ် တင်ပြလိုက်ပါတယ်။

၁။ သွားလာခါနီး အိမ်ပြင်အထွက်မှာ ကိုယ့်အဝတ်၊ လုံခြည်နဲ့ ဖြစ်စေ ဖိနပ်ဖြစ်စေ တစ်ခုခုက တံခါးဝနဲ့ ငြိမိတာ၊ ချိတ်မိလို့ စုတ်ပြဲတာမျိုး ဖြစ်နေရင် နိမိတ်ဆိုး ဖြစ်ပါတယ်။ ပြီးတော့ သယ်သွားမယ့် အထုပ်ဖြစ်စေ၊ အိတ်ဖြစ်စေ ရုတ်တရက် ပြုတ်ကျတာ၊ ကျပြီးတော့ အထဲက ပစ္စည်းတွေ ထွက်ကျ ပြန့်ကျဲကုန်တာဆို နိမိတ်ဆိုးဖြစ်ပါတယ်။

၂။ ကိုယ့်မိဘက ဖြစ်စေ၊ ကိုယ်လေးစားကြည်ညိုရတဲ့ အကြီးအကဲ တစ်ယောက်ယောက်က ဖြစ်စေ၊ ကလေးသူငယ်က ဖြစ်စေ အတင်း တားမြစ် ပိတ်ပင်လာရင် သတိထားရပါမယ်။ ပြီးတော့ သွားလာခါနီးမှ ဝတ်ထားတဲ့ အကျီ၊ ဘောင်းဘီ၊ လုံခြည်တစ်ခုခု အလိုလို ပြဲကုန်တာဆိုရင်လည်း နိမိတ်ဆိုး ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၃။ လမ်းသွားလာရင်းက ခလုတ်တိုက်တာ၊ သွေးထွက်သံယို ဖြစ်တာ၊ သစ်ကိုင်း၊ တန်းတစ်ခုခုနဲ့ ရိုက်မိတာမျိုး ဖြစ်လာရင် နိမိတ်ဆိုး ဖြစ်ပါတယ်။ လမ်းမှာ လက်ခါ ပြတာတွေ မြင်ရရင်၊ ကိုယ့်ရှေ့ ရုတ်တရက် တည့်တည့်ကြီး ပိတ်ရပ်တာမျိုး ခံရရင် သတိထားရမယ့် နိမိတ်ဆိုး ဖြစ်ပါတယ်။ ရန်ဖြစ်တာ မြင်ရရင်လည်း နိမိတ်ဆိုးပါပဲ။

၎။  လမ်းသွားလာရင်း ခွေး ၂ ကောင် ကိုက်ခဲ သတ်ပုတ်တာ၊ (အချိန်အခါမဟုတ်) ခွေးတွေ ထအူတာ မြင်ရရင် နိမိတ်ဆိုး ဖြစ်ပါတယ်။ ကိုယ့်ရှေ့မှာတင် တိရစ္ဆာန် တစ်ကောင်ကောင် ရုတ်တရက်ကြီး သေဆုံးသွားရင်လည်း မကောင်းတဲ့ နိမိတ်ပါပဲ။ ကျီးကန်းတွေ ရုတ်တရက်ကြီး ဝိုင်းအာလို့ ကျီးပြိုရင်လည်း နိမိတ်ဆိုး ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၅။ သွားလာနေရင်းက ကိုယ့်ရှေ့မှာ ကုန်တွေ ထမ်းပိုးလာတဲ့ လူတစ်ယောက်က ထမ်းထားတဲ့ ပစ္စည်းတွေ မနိုင်မနင်း ဖြစ်ပြီး ပြုတ်ကျတာ မြင်ရရင်၊ ရန်ဖြစ် ငြင်းခုံ စကားများတာမျိုးတွေ မြင်ရရင် နိမိတ်ဆိုး ဖြစ်ပါတယ်။ ရှိုက်ကြီးတငင် ထငိုတာတွေ ကြားရရင်လည်း မကောင်းသလို လက်ထပ်တန်းလန်း ဖမ်းခေါ်သွားတာတွေ မြင်ရင်လည်း နိမိတ်ဆိုးလို့ ယူဆနိုင်ပါတယ်။

၆။ စိတ်မနှံ့သူက ကိုယ့်ကို ကြည့်ပြီး အော်ရယ်တာမျိုး၊ တစ်ယောက်ယောက်က လုံခြည်လှန်ပြတာမျိုးတွေနဲ့ ကိုယ်ပိုင် ပစ္စည်းတစ်ခုခု သွားလာရင်း ပြုတ်ကျ၊ ကွဲပျက်တာမျိုး ဖြစ်ရင် နိမိတ်ဆိုး ဖြစ်ပါတယ်။ အရေးကြီး ပစ္စည်းတစ်ခုခု ကျန်တာ၊ မေ့ခဲ့တာဆိုရင်လည်း အကြံအစည် ရည်ရွယ်ချက် ပျက်ပြားတတ်ပါတယ်။

မှတ်သားရတာ များပြီး မေ့သွားနိုင်တဲ့အတွက် ဒီလောက်နဲ့ပဲ နိမိတ်ဆိုးတွေအကြောင်းကို ရပ်နားထားပါရစေ။ နောက်ပိုင်းမှာ လုပ်ငန်းအကြံအစည် ရည်ရွယ်ချက်တွေ အောင်မြင်စေနိုင်တဲ့ နိမိတ်ကောင်းတွေကို ဆက်လက် ဖော်ပြဖို့ ရှိပါတယ်။ အားလုံးအတွက် အသုံးတည့်မယ်လို့ ယုံကြည်ပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)