ဂဏန်းဗေဒင်ဟောကိန်း (နိုဝင်ဘာ ၊ ၂၀၂၀)

အင်္ဂလိပ်လို မွေးဖွားတဲ့ရက်အလိုက် ဒီလအတွက် ဂဏန်းဗေဒင်ဟောကိန်းကို တင်ပေးလိုက်ပါတယ်။ ယေဘုယျ ဆန်ပေမယ့် တချို့အတွက် အကျိုးရှိ ထိရောက်နိုင်တာကြောင့် အလေးထားမှတ်သားပေးပါခင်ဗျား… ။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – လူရောစိတ်ပါ မအားမလပ်နိုင်အောင် ဖြစ်လာမယ်။ အတွေးက များ၊ စိတ်လှုပ်ရှားစရာတွေလည်း များလို့ ခေါင်းရှုပ်ရတတ်တယ်။ အလုပ်တာဝန်တွေ ခေါင်းပေါ် စုပြုံကျလာတတ်ပြီး အလုပ်ကြီးတွေ စလုပ်ရမယ်။ အခက်အခဲတွေ ရှိရင်လည်း ခဏတာပဲ မှတ်ယူပါ။ မကြာခင်မှာ အသစ်တွေ စပြီး အဟောင်းတွေ ထားခဲ့ရလိမ့်မယ်။ နေရာသစ်၊ အလုပ်သစ်တွေ စတင်လာနိုင်လို့ အားအင်တွေ ကြိုပြင်ထားပါ။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ) – ကံကောင်းခြင်းတွေ သယ်ဆောင်လာမယ့်လ ဖြစ်တယ်။ အလုပ်မှာပဲ ဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာပဲဖြစ်ဖြစ် စိတ်ချမ်းသာ ပျော်ရွှင်စရာတွေ ကြုံရလိမ့်မယ်။ အခွင့်အရေးတွေ ရလာပြီး အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်မယ်။ ဘယ်လို ပြဿနာတွေပဲ ရှိရှိ ဒီလမှာ အဆုံးသတ် ဖြေရှင်းသွားနိုင်မယ်။ ကျန်းမာရေးအရ နည်းနည်း ညံ့တတ်တယ်။ ဒါပေမယ့် တစ်လတာလုံးကို ခြုံကြည့်ရင် ကံကောင်းနေလိမ့်မယ်။

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ)  – အာရုံနောက်စေမယ့် လူတွေနဲ့ ဝေးဝေးနေပြီး ကိုယ်လုပ်စရာရှိတာ လုပ်သွားပါ။ ကြိုးစားမှုတိုင်းမှာ အောင်မြင်မှုကလည်း ဒွန်တွဲ ပါလာလိမ့်မယ်။ လုပ်ချင်တာ ဖြစ်ချင်တာတွေကို ဒီလထဲမှာ အကောင်အထည် ဖော်နိုင်မယ်။ ပုံမှန်ဝင်ငွေတင်မကဘဲ ဝင်ငွေရလမ်းသစ်တွေလည်း ပေါ်လာမယ်။ ဖြစ်နေတဲ့ အခက်အခဲတွေ ရှိရင်လည်း ဖြေရှင်းသွားနိုင်မယ်။ ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံးလုပ်ပါ။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) – ကျန်းမာရေးပြဿနာ သတိထားရမယ်။ ဒါပေမယ့် ကျန်တဲ့ကိစ္စတွေ အားလုံး အဆင်ပြေ စိတ်ချမ်းသာဖို့ များတယ်။ မိသားစုအရေး၊ လူမှုဆက်ဆံရေးတွေမှာ ပျော်ရွှင်စရာကိစ္စတွေ ပေါ်ပေါက်လာလိမ့်မယ်။ ဒါပေမယ့် အချစ်ရေး၊ အိမ်ထောင်ရေးမှာ နားလည်မှုလွဲတာလေးတွေ ရှိလာနိုင်တယ်။ စိတ်ညစ်စရာတွေ ကြုံလာရင်တောင် ကြိုးစားတောင့်ခံထားပါ။ အချိန်တန်ရင် သူ့ဖာသာ ပြေလည်သွားပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) – အာရုံနောက်ရ၊ စိတ်ရှုပ်ရမယ့် ပြဿနာတွေ ဝိုင်းဝိုင်းလည်လာလိမ့်မယ်။ ကိုယ်ဘာလုပ်ရမယ်ကိုသာ အာရုံစိုက် လုပ်ကိုင်သွားပါ။ မဟုတ်ရင်တော့ အရှုပ်ထုပ်တွေထဲမှာပိတ်မိသွားမယ်။ ဘယ်ကိစ္စမဆို လွယ်လွယ်နဲ့ မပြီးသွားနိုင်လို့ ကိုယ့်ဘက်က မပေါ့ဆဘဲ ကြိုးစားပြင်ဆင်ထားရမယ်။ စိတ်ဖိစီး ပင်ပန်းစရာတွေလည်း ပေါ်လာလိမ့်မယ်။ ကျန်းမာရေး၊ အိမ်ထောင်ရေးမှာလည်း ကံဇာတာ အားနည်းမယ်။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ) – အခက်အခဲတွေ ကြားထဲက အောင်မြင်မှုတွေ ရရှိခံစားရမယ့်လ ဖြစ်တယ်။ အဘက်ဘက်က ဝိုင်းဝန်း ကူညီမယ့်သူတွေလည်း ပေါ်လာလိမ့်မယ်။ မိသားစုတင်မကဘဲ လူစိမ်းတွေဆီကပါ အကူအညီ အထောက်အပံ့တွေ ရမယ်။ ရပ်ထားရတဲ့အလုပ်တွေ ပြန်စနိုင်မယ်။ အလုပ်ရ ၊  ရာထူးတိုးတာတွေ ကြုံရနိုင်တယ်။ ရင်/ဝမ်းနဲ့ပတ်သက်လို့ သတိထားရမယ်။ ငွေကြေးအရ ကျေနပ်ဝမ်းမြောက်စရာတွေ ရှိလာမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) – စိတ်ရောကိုယ်ပါ မကျန်းမမာ ဖြစ်လာနိုင်တယ်။ နေရင်းထိုင်ရင်း စိုးရိမ်စရာ ပူပန်စရာတွေ များနေလိမ့်မယ်။ ကိုယ့်ကို ကန့်လန့်တိုက် အပြစ်ရှာဒုက္ခပေးသူတွေ ပေါ်လာတတ်တယ်။ စုံတွဲနဲ့ အိမ်ထောင်သည်တွေကြား အချင်းများရမယ်။ ပထမလဝက်မှာ ကံကောင်းပေမယ့် ဒုတိယလဝက်မှာ ကံဇာတာ အားနည်းနိုင်တယ်။ ကျန်းမာရေးအရ အားနည်းတတ်တဲ့ကာလ ဖြစ်လို့ အစစအရာရာကို သတိထားရလိမ့်မယ်။

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – စိတ်တိုင်းမကျစရာတွေ၊ စိတ်ပျက်စရာတွေကြားထဲကနေ အဆင်ပြေစရာ ဝမ်းသာစရာတွေကိုလည်း ကြားသိမြင်တွေ့ရလိမ့်မယ်။ အခက်အခဲတချို့ ပေါ်ပေါက်လာတတ်ပြီး ကြိုးစားရင်းနဲ့ ဖြေရှင်းသွားနိုင်မယ်။ မိတ်ဆွေအပေါင်းအသင်းတွေဆီကလည်း အကူအညီကောင်းတွေ ရမယ်။ မိသားစုအရေး အိမ်ထောင်ရေးတွေမှာ စိတ်ညစ်စရာတချို့ ရှိလာနိုင်တယ်။ ဒါပေမယ့် ငွေရေးကြေးရေးကံတော့ ကောင်းမယ်။

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ) – ဘယ်ကိစ္စမဆို စိတ်နောက်ကိုယ်ပါ မလုပ်သင့်ဘဲ သတိထားရမယ့် ကာလ ဖြစ်တယ်။ စိတ်လိုက်မာန်ပါနဲ့အလျင်စလို လျှောက်လုပ်ရင် အမှားများပြီး နစ်နာလိမ့်မယ်။ ထစ်ခနဲဆို ကိုယ်တိုင် စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲလွယ်နေမယ်။ ပြဿနာသေးသေးကို ကြီးကြီး လုပ်မိမယ်။ တတ်နိုင်သမျှ သည်းခံပြီး စိတ်ရှည်ပေးပါ။ ခံစားချက်နောက် မလိုက်ဘဲ စနစ်တကျ ထိန်းလုပ်တတ်ရင် ဒီလက အဆင်ပြေသွားပါလိမ့်မယ်။

မွေးရက်ဂဏန်းအားလုံး ကံကောင်းပျော်ရွှင်အောင်မြင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)