ဂဏန်းဗေဒင်ဖြင့် မင်္ဂလာရက်မြတ် ရွေးချယ်ခြင်း

ဂဏန်းဗေဒင်နည်းနဲ့ မင်္ဂလာရက်မြတ် ရွေးမယ်ဆိုရင် နှစ်ဦးသား မင်္ဂလာလက်မှတ် ရေးထိုးမယ့်နေ့ (သို့မဟုတ်) လက်မှတ် မထိုးဖြစ်ဘဲ မင်္ဂလာဧည့်ခံပွဲပဲ ကျင်းပမယ် ဆိုရင် မင်္ဂလာပွဲ ကျင်းပမယ့်နေ့ကို တွက်ချက်ယူရပါမယ်။

ဥပမာ – ဒီဇင်ဘာ ၁၀ ၊ ၂၀၂၂ မှာ နှစ်ဦး သဘောတူ မင်္ဂလာလက်မှတ် ရေးထိုးမယ် (သို့) မင်္ဂလာဧည့်ခံပွဲကြီး ကျင်းပမယ်လို့ စီစဉ်ထားတယ် ဆိုပါစို့။

နေ့စွဲအရ ၁၀.၁၂.၂၀၂၂ ဖြစ်လို့ အားလုံးကို ပေါင်းရင် (၁+၀+၁+၂+၂+၀+၂+၂ = ၁၀ = ၁) ပေါင်းခြင်း (၁) ရရှိပါတယ်။ ဒါဆိုရင် ပေါင်းခြင်း (၁) ဂဏန်း ရတဲ့နေ့ရက်များအဟောကို ဖတ်ကြည့်နိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပေါင်းခြင်း (၁) ဂဏန်းရသော နေ့ရက်များ

ဒီလိုနေ့မှာ မင်္ဂလာဆောင်မယ်ဆိုရင် နှစ်ဦးစလုံးက ရည်ရွယ်ချက်တွေ မြင့်မားပြီး ဘဝကို တင့်တင့်တယ်တယ် ဖြစ်အောင် ကြိုးပမ်းကြပါလိမ့်မယ်။ အောင်မြင်မှုလည်း အထိုက်အလျောက် ရမယ်။ ဒါပေမယ့် အတ္တမာန်မာနနဲ့ တယူသန်မှုတွေကြောင့် မကြာခဏ ငြင်းခုံစကားများရတတ်တယ်။ စီးပွားရေးဆန်တဲ့ အိမ်ထောင်ဘဝ ဖြစ်မယ်။

ပေါင်းခြင်း (၂) ဂဏန်းရသော နေ့ရက်များ

ဒီလိုနေ့မှာ မင်္ဂလာပြုမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှုနဲ့ မေတ္တာတရားကို ပေးစွမ်းနိုင်လိမ့်မယ်။ ဒါပေမဲ့ မိသားစုဘဝအစပိုင်းမှာ အခက်အခဲတွေနဲ့ နပန်းလုံးရမယ်။ အစွန်းရောက်လွယ်တဲ့ ဂဏန်းမျိုး ဖြစ်နေလို့ အချင်းချင်း လိုက်ဖက်ညီအောင်လည်း ညှိယူရလိမ့်မယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတာမျိုး ရှိနိုင်တယ်။

ပေါင်းခြင်း (၃) ဂဏန်းရသော နေ့ရက်များ

ဒီလိုနေ့မှာ မင်္ဂလာဆောင်မယ်ဆိုရင် လက်တွဲဖော်ချင်း အကူအညီတွေ ပေးနိုင်မယ်။ ကြိုးစားအားထုတ်မှုတွေပါ အတူတူ လုပ်နိုင်မယ်။ နှစ်ဦးသားရဲ့မေတ္တာတရားက လျှို့ဝှက်ဆန်းကြယ်သလောက် အလေးထားအပ်တဲ့အရာ ဖြစ်လာမယ်။ ဉာဏ်ပညာ၊ မေတ္တာနဲ့ သဟဇာတ ဖြစ်မယ်။ တောင့်တင်းတဲ့မိသားစုဘဝမျိုးကို ထူထောင်နိုင်မယ်။

ပေါင်းခြင်း (၄) ဂဏန်းရသော နေ့ရက်များ

ဒီလိုနေ့မှာ မင်္ဂလာပြုတဲ့သူတွေဟာ ငွေကြေးအကျိုးစီးပွား၊ ဥစ္စာဓနနဲ့ ပတ်သက်လို့ လိုအင်ဆန္ဒတွေ ပြည့်လွယ်၊ အောင်မြင်လွယ်မယ်။ အချိန်တိုတိုအတွင်းမှာ အချင်းချင်းကူညီစောင့်ရှောက်မှုနဲ့ ကြီးပွားတိုးတက်ကိန်း ရှိတယ်။ ဒါပေမယ့် စီးပွားဖြစ်၊ အရှိန်အဝါ ရလာတာနဲ့အမျှ မေတ္တာတရားနဲ့ ပတ်သက်လို့ စိန်ခေါ်မှုတွေ ကြီးမားလာမယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပေါင်းခြင်း (၅) ဂဏန်းရသော နေ့ရက်များ

ဒီလိုနေ့မှာ မင်္ဂလာဆောင်နှင်းမယ်ဆိုရင် လက်တွဲဖော်ချင်း အဆုံးတိုင် အပြန်အလှန် သစ္စာတည် ခိုင်မြဲကြမယ်။ မတူညီတဲ့ ဝါသနာနဲ့ အကျင့်စရိုက်တွေ ရှိတတ်ကြလို့ မကြာခဏဆိုသလို အချင်းချင်းကြားမှာ ပဋိပက္ခလေးတွေ ရှိလာနိုင်တယ်။ ဒါပေမယ့် အဆင်မပြေမှုတွေကို ညှိနှိုင်းယူရင်းနဲ့ပဲ ခိုင်မြဲတဲ့အိမ်ထောင်ရှင်တွေ ဖြစ်လာကြမယ်။

 

ပေါင်းခြင်း (၆) ဂဏန်းရသော နေ့ရက်များ

ဒီလိုနေ့မှာ မင်္ဂလာပြုမယ်ဆိုရင် နှစ်ဦးသား အပြန်အလှန် ခံစားချက်ချင်း ပေါင်းကူးဆက်သွယ်နိုင်လေ ခိုင်မြဲတဲ့ ဆက်ဆံရေးကို တည်ထောင်နိုင်လေ ဖြစ်မယ်။ တစ်ဦးနဲ့တစ်ဦးကြားမှာ သိပ်တင်းမာတဲ့ ပြဿနာမျိုး မဖြစ်နိုင်ဘဲ တည်ငြိမ်တဲ့ဘဝမျိုးကို ထူထောင်နိုင်မယ်။ ၁၅၀၀ မေတ္တာမျိုးရော ၅၂၈ ဆန်တဲ့မေတ္တာမျိုးပါ ဖန်တီးနိုင်လိမ့်မယ်။

ပေါင်းခြင်း (၇) ဂဏန်းရသော နေ့ရက်များ

ဒီလိုနေ့မှာ မင်္ဂလာပွဲလုပ်မယ်ဆိုရင် Lucky Seven ဆိုတဲ့အတိုင်း အိမ်ထောင်မှုသုခအဖြာဖြာကို ရရှိခံစားနိုင်ပြီး ငယ်ရွယ်သူစုံတွဲတွေ အဖို့လည်း မင်္ဂလာနိမိတ်ကောင်းနဲ့ ပြည့်စုံစေပါလိမ့်မယ်။ (၇) ဂဏန်းဟာ မင်္ဂလာရှိစေတဲ့ ဂဏန်းဖြစ်လို့ နှစ်ဦးသား ထူထောင်တဲ့ဘဝမှာ ဘယ်လို အခက်အခဲတွေ ရှိလာပါစေ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပေါင်းခြင်း (၈) ဂဏန်းရသော နေ့ရက်များ

ဒီလိုနေ့မှာ မင်္ဂလာဆောင်နှင်းမယ်ဆိုရင် ကျန်းမာခြင်းနဲ့ချမ်းသာခြင်းသုခတွေကို တပြိုင်တည်း ရရှိစေလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံကြွယ်ဝမှုကိုသာမက စိတ်သဘောထားချင်းတိုက်ဆိုင်ညီညွှတ်မှုကိုလည်း ဖန်တီးပေးမယ်။ အပြန်အလှန် နားလည်မှု၊ သဟဇာတ ဖြစ်မှုကို ရည်ညွှန်းတယ်။ မိသားစုလို ချစ်ခင်ရသူတွေ တိုးပွားရရှိစေမယ်။

ပေါင်းခြင်း (၉) ဂဏန်းရသော နေ့ရက်များ

ဒီလိုနေ့မှာ မင်္ဂလာပွဲလုပ်မယ်ဆိုရင် ကြာလေလေ ရိုးအီလေလေ ဆိုတဲ့ အိမ်ထောင်ရှင်ဘဝမျိုး ဖြစ်စေနိုင်တယ်။ နေ့စဉ် လုပ်ငန်းဆောင်တာတွေ၊ နိစ္စဓူဝကိစ္စတွေနဲ့ နှစ်ဦးကြား ဆက်ဆံရေးပါ သွေးအေးဆိတ်ငြိမ်သွားနိုင်တယ်။ ဒါပေမယ့် အိမ်ထောင်မှုဘဝ အကွဲအပြဲ မရှိနိုင်ဘဲ အခက်အခဲတွေကြားကနေ ရှေ့ဆက်လှမ်း တည်ငြိမ်မှုရမယ်။

ဖော်ပြပါ ဂဏန်းဗေဒင်မင်္ဂလာနေ့စွဲအဟောတွေဟာ ယေဘုယျသဘောသာ ဖြစ်ပြီး တကယ်တမ်းမှာ မင်္ဂလာ နေ့ရက်၊ မင်္ဂလာ အခါကောင်းရွေးချယ်တဲ့အခါ ဇာတာချင်းတိုက်ဆိုင် စစ်ဆေးတာ အပါအဝင် ဗေဒင်ပညာအရ အသေးစိတ် တွက်ချက် သုံးသပ်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် အခြေအနေအရ အဲဒီလို အသေးစိတ် မတွက်စစ်ဖြစ်တဲ့ စုံတွဲတွေအဖို့ မိမိတို့ မင်္ဂလာအခါယူတဲ့နေ့ ကောင်း၊ မကောင်းကို အကြမ်းဖျင်းသိနိုင်အောင် ဂဏန်းဗေဒင်ရှုထောင့်ကနေ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)