ဂျူပီတာ နောက်ပြန်နဲ့ ရာသီဖွားတွေရဲ့ အချစ်ရေး

အနောက်တိုင်း နက္ခတ်ဗေဒင်အရ ဗြိစ္ဆာရာသီမှာ ရပ်တည်နေတဲ့ ဂျူပီတာ (ခေါ်) ကြာသပတေးဂြိုဟ်ကြီးဟာ ဒီလ ၈ ရက်ကနေ ဇူလိုင် ၁၀ အထိ ဗေဒင်အခေါ် နောက်ပြန် (ဝကြ) လှည့်သွားနေပါတယ်။

ဂျူပီတာဂြိုဟ်ရဲ့ နောက်ပြန်အလှည့်ကာလမှာ ရာသီဖွား (၃) ခုက ချစ်ကံခေလာမှာ ဖြစ်ပြီး ရာသီဖွား (၃) ခုက ချစ်ရေးချစ်ရာ ကံကောင်း သာယာလာမှာ ဖြစ်ပါတယ်။ ကျန်ရာသီဖွားတွေကတော့ ထူးခြားမှု မရှိပါဘူး။

 

မတ်လ ၈ ရက်ကနေ ဇူလိုင် ၁၀ အတွင်းမှာ ချစ်ခရီးလမ်း ကြမ်းတမ်းလာနိုင်တဲ့ ရာသီဖွား (၃) ခုက ဗြိစ္ဆာ၊ ဓနုနဲ့ မိန်တွေပဲ ဖြစ်ပါတယ်။ ပန်းခင်းလမ်းမှာ သာယာနေမယ့် ရာသီဖွား (၃) ခုက မေထုန်၊ ကရကဋ်နဲ ကုမ်တွေပဲ ဖြစ်ပါတယ်။ ရာသီဖွား တစ်ခုချင်းအလိုက် ဖြစ်ပျက်လာနိုင်တာတွေကတော့

ဗြိစ္ဆာရာသီဖွားများ (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)

အတိတ်က နာကျင်ခံစားခဲ့ရတာတွေ တကျော့ပြန် ပေါ်လာတတ်ပါတယ်။ အဲဒီဒဏ်ရာဟောင်းတွေ ကန်ထွက် ပေါက်ကွဲလာလို့ပဲ လက်ရှိကာလမှာ နှစ်ခါပြန် ဝမ်းနည်းပူဆွေးစရာ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်အပေါ် နားလည်မှု ပိုပေးနိုင်တဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ နီးနီးကပ်ကပ် နေထိုင်သင့်ပါတယ်။

ဓနုရာသီဖွားများ (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ)

အရင်တုန်းက ချစ်ခြင်းမေတ္တာဟာ ဘယ်လိုအရာ ဖြစ်တယ်လို့ ယူဆထားတဲ့ ကိုယ်ပိုင်အမြင်တွေဟာ ပုံသဏ္ဍာန် ပြောင်းလဲလာနိုင်ပါတယ်။ အယူအဆဟောင်းတွေကို မေးခွန်းတွေ ထုတ်ပြီး အသစ် ပြောင်းလဲချင်လာလို့လည်း လက်တွဲဖော်နဲ့ အမြင်မတူတွေ ဖြစ်ပြီး ပြဿနာဆီ ဦးတည်သွားနိုင်ပါတယ်။

မိန်ရာသီဖွားများ (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ)

လုပ်ငန်းခွင်မှာရော လက်တွဲဖော်နဲ့ပါ ဆက်ဆံ ပြောဆိုရာမှာ ထိလွယ်ရှလွယ် ခံစားလွယ်သလို ဖြစ်လာတတ်လို့ အများနဲ့ ခပ်ဝေးဝေးမှာ တစ်ကိုယ်တော် နေထိုင်ကြည့်တာ ပိုကောင်းပါလိမ့်မယ်။ ချစ်သူနဲ့လည်း ဆက်ဆံရေး ခဏ ကျဲပြီး သိပ် မဆုံ ဖြစ်ကြတာက နှစ်ဦးနှစ်ဖက် ပိုအဆင်စေပါလိမ့်မယ်။

မေထုန်ရာသီဖွားများ (မေ ၂၁ မှ ဇွန် ၂၀ ထိ)

ဂျူပီတာ နောက်ပြန်လည်တုန်း ချစ်ကံကောင်းမယ့် စာရင်းထဲမှာ ထိပ်ဆုံးက ဖြစ်နေတာက မေထုန်ရာသီဖွားပါ။ တစ်ဖက်သတ်သမားတွေအဖို့ ကိုယ့်အချစ်ကို ထုတ်ဖော်ဖွင့်ဟဖို့ အကောင်းဆုံး ဖြစ်သလို ချစ်သူတွေကလည်း နားလည်မှု၊ ကြင်နာဂရုစိုက်မှုတွေ အပြည့်အဝ ရလာမှာ ဖြစ်ပါတယ်။

 

ကရကဋ်ရာသီဖွားများ (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)

ကိုယ့် ပျော်ရွှင်ဝမ်းနည်းမှုတွေကို မျှဝေခံစားပေးမယ့်သူတွေ ရရှိလာနိုင်ပါတယ်။ ထိခိုက် ခံစားလွယ်တတ်တဲ့ ဒီရာသီဖွားတွေအတွက် ဒီကာလမှာ ကိုယ့်အပေါ် နားလည် ထွေးပွေ့ပေးနိုင်သူတွေနဲ့သာ ဆုံရပါလိမ့်မယ်။ စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ရှိသူတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

ကုမ်ရာသီဖွားများ (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

တွေဝေ သံသယတွေကို ခေါက်ထားပြီး အချစ်နဲ့ ပတ်သက်ရင် ဘာမဆို ရင်ဆိုင်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ဖြစ်တည်လာနိုင်ပါတယ်။ ရဲရဲ စဉ်းစား၊ သွက်သွက် လုပ်တတ်တဲ့ ကိုယ့်ရဲ့ ဥာဉ်အတိုင်းလည်း ဆုံးဖြတ်သွားပါ။ နှလုံးသားရေးမှာ တောင်ပံတွေ တပ်သလို လွတ်လပ် ပျော်ရွှင်ရပါလိမ့်မယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)