ငလျင် ရှေ့ပြေးနိမိတ်များ

ကမ္ဘာပေါ်မှာ တနေ့ကို ငလျင်ငယ်လေးတွေ အကြိမ်ရေများစွာ လှုပ်ခတ်နေပေမယ့် တကယ့် အင်အားပြင်း အဆင့် ရှိတဲ့ ငလျင်ကြီးတွေကတော့ ရံဖန်ရံခါမှသာ လှုပ်လေ့ ရှိပါတယ်။ ငလျင်တွေနဲ့ အသားကျနေတဲ့ ဂျပန်မှာ ဆိုရင် စကားပုံတစ်ခုတောင် ရှိပါသေးတယ်။ “ငလျင်ဟာ သူ့ကို မေ့လောက်ပြီဆိုရင် တကျော့ပြန်လာတယ်” တဲ့။

ဒီနေ့ခေတ်မှာ ဘယ်လောက်ပဲ သိပ္ပံနည်းပညာတွေ တိုးတက်ပါစေ၊ ငလျင်ကြီးတွေ ဘယ်နေရာမှာ ဘယ်တော့ လှုပ်မယ် ဆိုတာကို ကြို မသိနိုင်ကြသေးပါဘူး။ နက္ခတ်ဗေဒင်၊ ရေုးရိုးရာ အတွက်အချက်ပညာတွေနဲ့ ဟောကိန်း ထုတ်ကြည့်တာတွေ ရှိပေမယ့် တကယ့် အတိအကျ မသိနိုင်သေးဘဲ အမှန်အမှားတွေလည်း ရောထွေးနေဆဲပါ။

ဒါပေမယ့် လပြည့်နေ့အနီးတဝိုက်မှာတော့ ငလျင်ကြီးတွေ လှုပ်ခတ်တယ်ဆိုတာ သုတေသနတွေအရ တွေ့ရှိထားပါတယ်။ ပြီးတော့ နေလကြတ်အပြီး ရက်ပိုင်းတွေနဲ့ လပြည့်လကွယ် ရက်ပိုင်းတွေကို သတိပြုရပါမယ်။

မြန်မာ့ရိုးရာ အတိတ်နိမိတ်ပညာမှာတော့ (အင်အားပြင်း) ငလျင်ကြီးတွေ မလှုပ်ခင် တိရိစ္ဆာန်လေးတွေက ခုလို နိမိတ်တွေ ပြသတယ်လို့ ရှေးဟောင်းကျမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒီနိမိတ်တွေ မြင်တွေ့တိုင်း ငလျင်ကြီး လှုပ်တော့မယ်လို့ ယတိပြတ် မပြောနိုင်ပေမယ့် ကြိုတင် သိထားမယ်၊ သတိပြုနိုင်မယ်ဆိုရင် မိမိတို့ အသက် အိုးအိမ် စည်းစိမ်တွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ အများကြီး ပြုနိုင်မှာ ဖြစ်ပါတယ်။ ကဲ ငလျင်ကို ကြိုတင် ပြောပြနေတဲ့ တိရစ္ဆာန်လေးတွေရဲ့ နိမိတ်ပုံတွေကို လေ့လာကြည့်ရအောင်ဗျာ။

ကျီးငှက်တွေ ဝေါခနဲ လန့်ပြိုတာမျိုး ဖြစ်လာရင် ငလျင် သတိထားရပါမယ်။ အလှမွေးငါးတွေ မွေးတတ်သူဆိုရင် ငါးကန်ထဲမှာ ငါးတွေ ဂဏှာ မငြိမ်တော့ဘဲ ဟိုကူးဒီခတ် ဖြစ်လာရင် ငလျင် သတိထားရပါမယ်။ အိမ်ထဲက ကြွက်တွေ အိမ်ပြင် ထွက်ပြေးမယ်၊ မြေတွင်းအောင်း ကြွက်ကြီးတွေလည်း တွင်းထဲကနေ ထွက်ခွာပြီး ယောက်ယက်ခတ် ပြေးလွှားနေပြီဆိုရင် ငလျင် လှုပ်လာနိုင်ပါတယ်။ အဲဒီလိုပဲ တွင်းအောင်းသတ္တဝါတွေ စုပြုံပြီး ဦးတည်ရာမဲ့ လျှောက်ပြေးနေပြီဆိုရင် ငလျင်ဘေးကို သတိထားရပါတော့မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ပိုးပုရွက်ကောင်တွေ အုံလိုက်ကျင်းလိုက် အသိုက်ပြောင်းတာ မြင်ရရင်၊ အိမ်ထဲမှာမွေးထားတဲ့ ခွေးနဲ့ကြောင်တွေ အိမ်နဲ့ ဝေးရာကို ထွက်ပြေးကြရင် ငလျင် သတိထားရပါမယ်။ ပြီးတော့ ရေမှာ ပျော်တဲ့ စင်ရော်ငှက်တွေ ကုန်းပေါ် တက်လာရင်၊ မြေပြင်မှာ နေနေကျ ဘဲငန်းတွေ သစ်ပင်၊ ခြုံဖုတ်ပေါ် တက်ကုန်ရင် ငလျင်ကို သတိထားရပါတော့မယ်။ ဝက်မွေးတတ်သူတွေဆိုရင် သတိထားနိုင်တာက ဝက်တွေ အချင်းချင်း ကိုက်ခဲတာမျိုး မြင်ရရင် ငလျင်ကို ကြိုတင် သတိထားရမှာ ဖြစ်ပါတယ်။

အထက်ပါအချက်တွေက ကျမ်းတွေမှာ ပါလေ့ရှိတဲ့ ငလျင် ကြိုတင် နိမိတ်ပြ တိရိစ္ဆာန်လေးတွေရဲ့ အမူအကျင့် ပုံစံတွေ ဖြစ်ပြီး အောက်ပါအချက်တွေကတော့ ပြင်ပလောကမှာ လက်တွေ့ ဖြစ်ပျက်သွားတဲ့ ငလျင် ကြိုတင် နိမိတ်ပြ ပုံစံတွေပဲ ဖြစ်ပါတယ်။

၂ဝ၁၁ က ရှမ်းပြည်မှာ တာလေ ငလျင် မဖြစ်ခင် နာရီဝက်အလို တာလေမြို့ထဲက ငါးကန်တစ်ခုမှာ ငါးတွေ ထပွက် ခုန်ပျံခဲ့ပါတယ်။ ၂ဝဝ၃ တောင်တွင်းကြီး ငလျင် မဖြစ်ခင် နာရီပိုင်းအလိုမှာလည်း နွားတွေ ခွာယက်ပြီး ချည်တိုင်မှ ရုန်းကန်ခဲ့ပါတယ်။  ၂ဝဝ၄ ဒီဇင်ဘာ အင်ဒိုနီးရှား ဆူနာမီ မဖြစ်ခင် တနင်္လာရီဘက်က ငါးဖမ်း ပိုက်ကွန်တွေမှာ နှစ်ရက်လောက် ကြိုပြီး ငါးတွေ အလျှံပယ် စုပြုံ ဝင်တိုးခဲ့ပါတယ်။ ၂ဝဝ၈ မေလ တရုတ် စီချွမ်ငလျင် မဖြစ်ခင် တစ်ရက်အလိုမှာ ဖားတွေ ထောင်သောင်းချီပြီး တွင်းထဲကနေ အပြင် ထွက်လာခဲ့ပါတယ်။ (အောက်ဖော်ပြပါ သတင်းဓာတ်ပုံကို ကြည့်ပါ)

ကုန်းနေ ရေနေ တိရိစ္ဆာန်တွေဟာ ငလျင်ကြီးတွေ မလှုပ်ခင် အရင် ရှေ့ပြေးလာတဲ့ ငလျင်လှိုင်းလေးတွေကို ခံစား သိရှိနိုင်တဲ့အတွက် သူတို့ရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေကို သတိထားနိုင်ရင် အသက်အိုးအိမ်စည်းစိမ်ကို ကြိုတင် ကာကွယ်ရာ ရောက်မှာ ဖြစ်ပါတယ်။

အားလုံး ငလျင်ဘေးက ကင်းဝေးချမ်းသာကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)