စနေနဂါး ပြောစကား

စနေမောင်မောင် ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ဆရာကြီးမင်းသိင်္ခရဲ့ ထင်ရှားတဲ့ ဝထ္ထုဇာတ်ကောင်ကို ပြေးမြင်ယောင်မိကြမှာပါ။ ဆရာကြီးရွှေဥဒေါင်းရဲ့ ပဌမံဆရာသိန်းကို Upgarde လုပ်ပြီး မွမ်းမံထားတယ်ပဲ ပြောပြော၊ ခပ်ဆင်ဆင် ကူးယူထားတယ်ပဲ ဆိုဆို စနေမောင်မောင်ဟာ တစ်ခေတ်တစ်ခါက ဂမ္ဘီရစာပေ ပရိတ်သတ်တွေအပေါ် လွှမ်းမိုးမှု အတော် ကြီးမားခဲ့ပါတယ်။

ဒီစာစုမှာ ဆရာကြီးမင်းသိင်္ခရဲ့ စနေမောင်မောင်ဝထ္ထုထဲက အများအတွက် အကျိုးရှိလောက်မယ်လို့ ယူဆတဲ့ ဗေဒင်သုတနဲ့ လောကီပညာ သဲလွန်စတွေကို ဖော်ထုတ် တင်ပြထားပါတယ်။ ဒီပညာတွေကို အထူး စိတ်ဝင်စားတဲ့ ပရိသတ်အတွက် ရည်ရွယ်ပေမယ့် သာမန်လူတွေလည်း ဖတ်ရှုလို့ အကျိုးမယုတ်နိုင်ဘူးလို့ မျှော်လင့်မိကြောင်းပါ။ ကဲ..  စနေမောင်မောင်ဆီက ဘာတွေ လေ့လာသိရှိနိုင်မလဲ စဖတ်ကြည့်ရအောင်ပါ။

“စိတ်ညို့တဲ့ လူကိုပဲ ဖြစ်ဖြစ်၊ ဟန့်အောင် အဟန့်သွင်းတဲ့ လူကိုပဲ ဖြစ်ဖြစ်၊ သူပြောတဲ့ စကားကို စိတ်ထဲကနေ လိုက်ပြီး အတူတူပြောနေရင် စိတ်ညို့လို့လဲ မရဘူး။ အဟန့်သွင်းလို့လဲ မရဘူး။”

“သပ္ပါယ်ကြည်ညိုဖွယ်ရာ အဆင်းရှိသော မြတ်စွာဘုရားကိုတော့ နိဗ္ဗာန် ဆုတောင်းဖို့ ရှိခိုးတယ်။ ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာ အဆင်းရှိသော ဘုရားလို့ ခေါ်တဲ့ ဘီလူးရုပ်ကိုတော့ ယတြာချေတဲ့အခါ၊ အခက်အခဲ ကြုံတဲ့အခါ ရှိခိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားဟာ လောကီကိစ္စနဲ့ မပက်သက်ဘူးရယ်လို့ ကျုပ်က ကြားဖူးထားတယ်။ ဒီတော့ လောကီကိစ္စတွေအတွက် မြတ်စွာဘုရားကို တိုင်တည် ရတာ မလုပ်သင့်၊ မလုပ်အပ်ဘူးလို့ ထင်တယ်။ ဒီတော့ လောကီကိစ္စတွေ အတွက်ကိုတော့ ဘုရားနားမှာ ရှိတဲ့ ဘီလူးကိုပဲ ရှိခိုးတိုင်တည်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျုပ်မှာ ရုပ်လှသော ဘုရားနဲ့ ရုပ်ဆိုးသော ဘုရားရယ်လို့ ဘုရား နှစ်မျိုးနှစ်စား ရှိပါတယ်။”


“ငှက်တွေမှာ ထူးခြားတဲ့ အစွမ်းသတ္တိတွေ ရှိနေတတ်တယ်။ ဥပမာတစ်ခု ပြောမယ်၊ ရွှေပြည်စိုးငှက် သုံးနှစ်လုံးလုံး နေတဲ့ အပင်ကို ရအောင်ရှာပြီး အဲဒီငှက် မစင်စွန့်တဲ့ နေရာကို တူးမယ်ဆိုရင် ရွှေအိုး တွေ့လိမ့်မယ် လို့တောင် ဥတုဘောဇနကျမ်းမှာ ယောအတွင်းဝန်ဦးဘိုးလှိုင်ဟာ အတိအလင်း ရေးသား ဖော်ပြ ထားတာကို တွေ့ရတယ်။”

“မန္ထန်ဆိုတာ ဒီလို ကူးရုံနဲ့ အစွမ်းမထက်ဘူးဗျ၊ တစ်ယောက်ယောက်က နူတ်တိုက်ချပေးမှ မြန်မြန် အစွမ်းထက်တာ၊ စာအုပ်ထဲမှာ ရေးထားတဲ့ မန္ထန်ဟာ ဒက်မန္ဒြလို့ ခေါ်တယ်၊ မန္တန်အသေပေါ့ဗျာ။ အဲဒီ မန္တန်အသေကို နိုးထလာအောင် အကြိမ်ပေါင်းများစွာ ရွတ်ရတယ်၊ အကောင်းဆုံးကတော့ မန္တန်ကို ဆရာက နူတ်တိုက် သင်ပေးရတယ်၊ ရွတ်တဲ့သူက မန္တန်စောင့်ကို ဖယောင်းတိုင် ပူဇော်ပြီး ရွတ်ရတယ်၊ ရွတ်တဲ့ အခါမှာလဲ ညသန်းခေါင်ကနေ နေ့မွန်းတည့်အတွင်းမှာ ဆိုရင် အရှေ့ဘက်ကို မျက်နှာမူပြီး ရွတ်ရတယ်၊ ကျန်တဲ့အချိန်တွေမှာတော့ မြောက်ဘက်ကို မျက်နှာမူပြီး ရွတ်ရမယ်။”


“ရသေ့ရှစ်သောင်းက များများမ, ဖို့ မလိုပါဘူး။ ရသေ့တစ်ပါးကို ငွေတစ်ကျပ်ပဲ ခင်ဗျားကို မ, စမယ် ဆိုရင်တောင် ရသေ့ရှစ်သောင်းဆိုတော့ ငွေရှစ်သောင်း လောက်တော့ အောက်ထစ်ရလိမ့်မယ်။ အခုလို ခင်ဗျား ဆင်းရဲနေတာ သူတို့က မ, မ လို့ပေါ့ဗျာ။”

“အမှန်ကတော့ အထက်မြက်ဆုံးအရာဟာ သစ္စာ ဖြစ်တယ်ဗျ။ ဒါ့ကြောင့် အနည်းဆုံး ကံ (၂) ပါးလောက် ကိုတော့ ထိန်းရမယ်၊ အဲဒီကံတွေကို လုံခြုံအောင် ထိန်းထား ပြီးရင် လိုအပ်တဲ့အခါမှာ ထိန်းထားတဲ့ ကံများ လုံခြုံကြောင်း သစ္စာပြုရမယ်၊ ခင်ဗျားမှာ ပြုခဲ့တဲ့ ကံက နည်းရင်တော့ နည်းနည်းပဲ ရမယ်ပေါ့၊ ဒါပေမဲ့လို့ ကံကို သစ္စာပြုပြီး ထိန်းတဲ့ သစ္စာရှင်တစ်ဦး သစ္စာဆိုပြီ ဆိုရင်တော့ သမ္ဖါဒေဝ နတ်တွေက ဝိုင်းဝန်း ကူညီကြတဲ့ သဘော ရှိတယ်။”


“ဒုက္ခများများ ရောက်ဖူးတဲ့လူဟာ အတွေ့အကြုံတွေ များများရတယ်၊ ခံနိုင်ရည်လည်း သူများထက် ပိုရှိတယ်၊ လူတော်တစ်ယောက်လို့ အများက ပြောလာပြီဆိုရင် ဒီလူဟာ ပယ်ပယ်နယ်နယ် ဒုက္ခ ရောက်ဖူး ပြီးသားလို့ မှတ်ပေတော့။ ဒုက္ခဆိုတာ လူတော်တွေရဲ့ လှေခါးထစ်တွေပဲ။”

“မုတ်ဆိတ်မွှေး ရှည်ရှည်ထားပြီး ညှင်းသိုးသိုးနဲ့ တောင်ဝှေးလိုလို၊ ဆေးကြိမ်လုံးလိုလို ကိုင်ထားတဲ့ လူတိုင်းကို ဝိဇ္ဇာ ဖြစ်နေပြီလို့ ထင်ရင် ခင်ဗျားဟာ စဉ်းစားဥာဏ်ကို အသုံးမချတတ်တဲ့ လူညံ့တစ်ယောက်လို့ ဆိုရမယ်။ ဝိဇ္ဇာလမ်းဟာ အူကြောင်ကြောင်လူတွေ၊ လုပ်ချင်သလို လုပ်နေတဲ့ သဘော ဖြစ်နေတယ်။ အမှန်တကယ်က အတွေးအခေါ်ပညာရှင်ကြီးတွေ၊ သင်္ချာပညာရှင်ကြီးတွေ၊ အဘိဓမ္မာ ဆရာကြီးတွေရဲ့ အလုပ်ပဲ။”

“အုန်းသီး ခူးချင်တဲ့အခါမှာ အုန်းပင်တက်သမားဟာ ပညာရှိပါ။ တခြားကိစ္စမှာ သူဟာ ပညာမဲ့ တစ်ယောက် ဖြစ်ချင် ဖြစ်နေမယ်။ အုန်းပင်တက်တဲ့ ကိစ္စမှာတော့ သူဟာ ပဏ္ဍိတပညာရှိ တစ်ဆူ ဖြစ်ပါတယ်။”

(ဆရာကြီးမင်းသိင်္ခ၏ စနေမောင်မောင် ဝထ္ထုမှ)

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)