စနေနေ့ဖွားနှင့် စနေနာမည်အဖျားစာလုံးများအတွက်

ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ကနေစပြီး မြန်မာနှစ် ၁၃၈၃ ခုနှစ် တစ်နှစ်တာကာလအတွင်းမှာ စနေနေ့ဖွား အများစုနဲ့ အမည် နောက်ဆုံးမှာ စနေနံဖြင့် မှည့်ခေါ်ထားသူများအဖို့ မင်းမျက်မသင့်အောင် ( ဘယ်အစိုးရ တက်လာသည် ဖြစ်စေ) ဂရုစိုက် နေထိုင်ကြရပါလိမ့်မယ်။

အမည်နောက်ဆုံးမှာ စနေနံနှင့် မှည့်ခေါ်သူများမှာ ဥပမာ – အောင်လင်းထွန်း၊ ကျော်ဌေး၊ စိုးထက်၊ ဝင်းထွဋ်၊ ဘုန်းနိုင်၊ သန်းဌေး၊ အောင်ထက် စသည်တို့ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စနေအဖျားစာလုံးမို့…. တပေါင်းလပြည့် နောက်ပိုင်း ပိုဂရုစိုက်ရမှာပါ။

အကောင်းဆုံးကတော့ ဗုဒ္ဓဘာသာဝင်လည်း ဖြစ်ပါမူ  စနေနေ့ဖွားတွေနဲ့ စနေနံ အမည်အဖျားစာလုံး မှည့်ခေါ်ထားသောသူများအဖို့ လာမယ့် နှစ်ဆန်းတစ်ရက်နေ့ကနေ စပြီး တစ်နှစ်အတွင်းမှာ တရားစခန်း (ယောဂီဝတ်ဖြင့်) ၀င်ခြင်း၊ သို့မဟုတ် သာသနာ့ဘောင်သို့ ခေတ္တဖြစ်စေ ဝင်ထားခြင်း ပြုသင့်ပါတယ်။ ( လောကီအဝတ်ကို ခဏ ချွတ်ပေးသင့်ပါတယ်) (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အားလုံး စိုးရိမ်ရသည့် အနေအထားတော့မဟုတ်ပါ။  သို့သော်…. မူလကတည်းက မဟာဘုတ် လေးခုကြွင်းဖွား၊ ငါးခုကြွင်းဖွား ၊ တစ်ခုကြွင်းဖွား ဇာတာရှင်တွေလည်း ဖြစ်နေမယ်ဆိုရင်တော့ အနည်းငယ် ဂရုပြုသင့်ပါတယ်။ (မဟာဘုတ်အကြွင်းဖွားဆိုသည်မှာ မိမိ မြန်မာမွေးနှစ်ကို (၇) ဖြင့်စား၍ ရသော အကြွင်းကို ယူခြင်း ဖြစ်ပါတယ်)

ထို့အတူ မိမိအသက်ပိုင်းခြားသည် …၊ ၁၂နှစ် ၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊ ၇၅ နှစ် စသည်ဖြင့် အသက်ပိုင်းခြားလည်း ဖြစ်နေမယ် ၊ အထက်တွင်ဖော်ပြခဲ့သည့်အချက်များ နဲ့လည်း မိမိမွေးနံ ၊ သို့မဟုတ် အမည်အဖျားစာလုံးသည် ကိုက်ညီနေမယ်၊ အကြွင်းဖွားတွေလည်း ကိုက်ညီနေမယ်.. ဆိုရင်တော့ နည်းနည်း စိုးရိမ်ရတဲ့အဆင့်ပါ။

အထက်လူကြီး၊ အကြီးအကဲများနဲ့ မသင့်မြတ်ခြင်း ကံအနည်းဆုံး ရှိလာတတ်ပါတယ်။ ဒီ့ထက်ပိုလာရင်တော့ မင်းပြစ်မင်းဒဏ် သင့်လွယ်ချိန်လို့ အောက်မေ့ပါ။ ကိုက်ညီတဲ့အချက်တွေ များလာတာနဲ့အမျှ သတိပြုနေထိုင်သင့်ပါပြီ။ စာဖတ်ပရိတ်သတ် မိတ်ဆွေတွေအားလုံး ဘေးရန်ကင်းဝေးကြပါစေ။

လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)