ဆဌမအာရုံပိုင်ရှင် ရာသီခွင်များအကြောင်း

တချို့လူတွေဟာ ထူးထူးခြားခြား ဆဌမအာရုံ (အကြားအမြင်) ရနေသူတွေလို ရှေ့မှာ ဘာတွေ ဖြစ်တော့မယ် ဆိုတာ ကြိုမြင်တတ်ကြပါတယ်။ တချို့ကျတော့လည်း လူတစ်ယောက်ကို မြင်ရုံနဲ့ ဒီလူရဲ့စိတ်နေစိတ်ထားကို အလိုလို မှန်ကန်အောင် အကဲခတ်သိမြင်နိုင်စွမ်း ရှိနေတတ်ပါတယ်။

၁၂ ရာသီခွင်ထဲမှာ အဲဒီလို ဆဌမအာရုံကို အလိုလို ပါလာတဲ့၊ တနည်းအားဖြင့် စိတ်အာရုံခံတာ ကောင်းမွန်တဲ့၊ စိတ်စွမ်းအား အနည်းနဲ့အများ ပါလာတတ်တဲ့သူတွေကတော့…

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)

တနင်္လာဂြိုဟ်စိုးမိုးတဲ့ ရေဓာတ်ရာသီခွင်သမား ဖြစ်လို့ တစ်ခုခု ဖြစ်တော့မယ်ဆို အလိုလို သိနိုင်စွမ်း ရှိပါတယ်။ ဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ် ဖြစ်လာခါနီးမှာ ကြိုတင်ခံစားနိုင်ကြပါတယ်။ မကောင်းတာတွေ ဖြစ်ခါနီးဆို အလိုလို ငိုချင်တာ၊ စိတ်လေးလာတာ၊ ဝမ်းနည်းလာတာတွေ ဖြစ်တတ်ပါတယ်။ သူတပါးရဲ့ခံစားချက်ကိုလည်း ကူးစက်ခံစားလွယ်တတ်ကြပြီး ထပ်တူထပ်မျှ လိုက်ခံစားပေးတတ်ကြပါတယ်။ ခံစားမှုအားကောင်းလွန်းသူတွေ ဖြစ်လို့ စိတ်ပိုင်းဆိုင်ရာကျင့်စဉ်တွေများ ကျင့်ကြံအားထုတ်မယ်ဆို အမြင်အကြားတွေပါ ရလွယ်တတ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

ဆဌမအာရုံမှာ စူးရှထက်မြက်လွန်းသူတွေ ဖြစ်ပြီး တစ်ခုခု ဖြစ်တော့မယ် ဆိုတာနဲ့ အလိုလို စိတ်ထဲ လေးလံပြီး ကြိုမြင်ကြိုမှန်းနိုင်ကြသူတွေ ဖြစ်ပါတယ်။ စိတ်ထဲ စနောင့်စနင်း ဖြစ်လာပြီဆို တစ်ခုခု ဖြစ်တော့မှာ ကြိုသိနေပြီး ဗြိစ္ဆာဖွားတွေ ပြောလာပြီဟေ့ဆို ကြိုသာ ပြင်ထားလိုက်ကြပါ။ ဆဌမအာရုံက မွေးရာပါလို ဖြစ်နေတဲ့အပြင် အရာရာကိုလည်း ကျကျနန စူးစမ်းလေ့လာတတ်လို့ ပင်ကိုယ်ပါရမီရော အစွမ်းအစပါ ရှိနေတတ်ကြပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)

ရာသီခွင်အားလုံးရဲ့အဆုံးသတ် ဖြစ်ပြီး နက်ပကျွန်းလို စိတ်ဝိညာဉ်ဆိုင်ရာ ဂြိုဟ်က စိုးမိုးထားလို့ မှော်ဆန်တဲ့ ရာသီဖွားတွေ ဖြစ်ပါတယ်။ စိတ်ထဲ ထင်မြင်မိရင်၊ အလိုလို ခံစားမိလာရင် မိန်ရာသီဖွားတွေရဲ့စကားတွေက အလိုလို မှန်လာတတ်ပါတယ်။ လူတစ်ယောက် ကံနိမ့်နေပြီဆိုရင် မကောင်းတဲ့နိမိတ်တွေကို မြင်တတ်ကြပြီး အိပ်မက်ကနေလည်း မြင်မက်သိရှိနိုင်ကြသူတွေ ဖြစ်ပါတယ်။ ပြောလိုက်ရင်လည်း မှန်နေတတ်ကြပါတယ်။

ဖော်ပြပါ ရာသီဖွား ၃ မျိုးဟာ စိတ်ဝိညာဉ်ပိုင်းတွေ၊ သမထစွမ်းအားတွေနဲ့ နီးစပ်သူတွေ ဖြစ်ပြီး ဆဌမအာရုံ ရလွယ်သူတွေ ဖြစ်လို့ ကိုယ့်စိတ်ကို တည်ငြိမ်အောင် ထားနိုင်လေ ၊ ထူးခြားတဲ့အစွမ်းတွေကို အသုံးချနိုင်လေ ဖြစ်မယ်လို့ မှာချင်ပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)