ဆိုင် လူ စည်ကား၊ အရောင်းသွက်စေမယ့် အစီအရင်များ

အစားအသောက်ရော ဝန်ဆောင်မှုပါ ကောင်းနေရက်နဲ့ ထင်သလောက် လူမဝင်ဘဲ ရောင်းမကောင်း ဖြစ်နေတဲ့ ဆိုင်တွေအတွက် ရည်ရွယ်ပြီး လူအဝင်များ၊ လာဘ်ပွင့်စေမယ့် အစီအရင်နည်းလမ်းတချို့ကို ညွှန်ပေးပါမယ်။

ကိုယ့်ဆိုင်ရဲ့ အစားအသောက်တွေက ညံ့နေမယ်၊ စားပွဲထိုးနဲ့ ဆိုင်ကြီးကြပ်သူတွေရဲ့ ဝန်ဆောင်မှုကလည်း အားနည်းနေမယ် ဆိုရင်တော့ ဒီအစီအရင်တွေ လုပ်လည်း မထူးဘူးဆိုတာကို ကြိုသတိပြုရပါမယ်။

အရေးအကြီးဆုံး တံခါးမကြီး (သို့မဟုတ်) ဝင်ပေါက်

ဆိုင်ဝင်ပေါက်နေရာဟာ အရေးအပါဆုံး ဖြစ်လို့ ကိုယ့် ဖောက်သည်၊ စားသုံးသူတွေ ဝင်လာတဲ့ အခါမှာ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေ ဖြစ်နေရပါမယ်။ ဝင်ပေါက်မှာ လိုက်ကာတွေ၊ ကန့်လန့်ကာတွေ မထားသင့်ပါဘူး။ ဝင်ပေါက်နဲ့ ထွက်ပေါက် တစ်တန်းတည်း မဖြစ်အောင်လည်း သတိပြုရပါမယ်။ ဆိုင်အဝင်ဝနဲ့ ပြတင်းပေါက်တွေမှာ အသံသာတဲ့ ဆည်းလည်းလေးတွေ ချိတ်ဆွဲထားသင့်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

နှစ်ဆပွားများစေမယ့် နံရံကပ်ကြည့်မှန်တွေ

ဆိုင်အတွင်းဘက်မှာ နံရံကပ်ကြည့်မှန်ချပ်ကြီးတွေ ချိတ်ဆွဲထားပါ။ မှန်ထဲမှာ လာရောက် စားသောက် အားပေးကြသူတွေ ထင်ဟပ် ပေါ်လွင်နေတာဟာ ဆိုင်မှာ လူအဝင်နှစ်ဆ တိုးပွားစေတဲ့ နိမိတ်ကောင်း ဆောင်ပါတယ်။ အစားအသောက်တွေ ဒီထက်မက ပေါလျှံကြွယ်ဝမယ့် သဘောလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ပေါက်နဲ့ မှန်နဲ့ တိုက်ရိုက် ဖြစ်နေတာမျိုးကိုတော့ ရှောင်ရပါမယ်။

ငွေသိမ်းကောင်တာရဲ့ အနေအထား

ငွေသိမ်းကောင်တာဟာ ဆိုင်တစ်ခုလုံးနီးပါးကို ခြုံငုံ မြင်နိုင်တဲ့ အနေအထားမှာ ရှိရပါမယ်။ ငွေသိမ်းတဲ့ စားပွဲနောက်မှာ မှန်တစ်ချပ် ကပ်ထားပါ။ ဝင်လာသမျှ ငွေ နှစ်ဆပွားစေတဲ့ နိမိတ်ကောင်း ဖြစ်ပါတယ်။ ငွေသိမ်းတဲ့ အံဆွဲ၊ သေတ္တာ စတဲ့ နေရာတွေမှာ ငွေအကြွေ အစုတ်အပြဲတွေ၊ ပြေစာအဟောင်းတွေနဲ့ အသုံးမဝင်တော့တဲ့ တိုလီမုတ်စအမှိုက်တွေ အားလုံးကို ရှင်းလင်းထားရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လာဘ်ဦးလာဘ်ဖျား ကုသိုလ်ယူခြင်း

ဆိုင်ဖွင့်တာနဲ့ ဝင်လာတဲ့ ငွေကို လာဘ်ဦးလာဘ်ဖျားအဖြစ် သတ်မှတ်ပြီး အဲဒီငွေထဲက အနည်းငယ်ကို မြသပိတ်တစ်လုံးထဲ ထည့်စုထားပါ။ ငွေများလာတာနဲ့ တစ်လတစ်ကြိမ် ဆိုင်ရှင်ရဲ့ မွေးရက်မနက်မှာ (၇) ရက်သားသမီး ကုသိုလ်အဖြစ် ရည်စူးပြီး ရတနာမြတ် သုံးပါးကို ဆွမ်းကပ် လှူဒါန်းပေးလိုက်ပါ။ မနက်လင်း ငွေဝင်တာနဲ့ ဆိုင်နောက်ဖေးမီးဖိုသုံး ပစ္စည်းတွေ တန်းဝယ်ပစ်တာမျိုး မလုပ်ပါနဲ့။ လုပ်မိရင် ဝင်လာသမျှ ငွေ မမြဲဘဲ အကြောင်း အမျိုးမျိုးနဲ့ ပြန်ထွက်နေပါလိမ့်မယ်။ အထက်ပါနည်းလမ်းတွေဟာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေတင် မဟုတ်ဘဲ အလှပြင်ဆိုင်၊ ၊ လက်လီဆိုင် စတဲ့ လူအများနဲ့ နေ့စဉ် ပတ်သက်နေရတဲ့ လုပ်ငန်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ဆိုင်ရှင်အားလုံး လူဝင် အရောင်းသွက်လို့ စီးပွားတက်ကြပါစေ  – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)