တစ်ပတ်စာ ဟောစာတမ်း (သြဂုတ် ၁၅ – သြဂုတ် ၂၂ ၊ ၂၀၂၁)

တနင်္ဂနွေနေ့ဖွားများ – ကိုယ့်အတွက်ရော သူတပါးအတွက် စိတ်ပင်ပန်းစရာတွေ ဖြစ်လာမယ်။ ပရဟိတတွေနဲ့ အချိန်ကုန်ရတတ်တယ်။ တစ်ပတ်တာ အလုပ်စီးပွားကံ ကောင်းနိုင်တယ်။ လုပ်ထားတာလေးတွေ အောင်မြင်မှု အခွင့်အလမ်း ပေါ်လာတော့မယ်။ အကြီးအကဲတွေက မစကူညီမယ်။ အောက်လူငယ်သားနဲ့ အဆင်မပြေတာ ဖြစ်တတ်တယ်။ ငွေဝင်ပြီးမှ လက်ထဲ မမြဲဘဲ ပြန်ကုန်လွယ်မယ်။ အမှုအခင်း၊ ပဋိပက္ခတွေ မဖြစ်အောင် ရှောင်ပါ။

တနင်္လာနေ့ဖွားများ – နေထိုင်မကောင်းသူတွေ နာလန်ထူမယ်။ ဆေးကောင်းဝါးကောင်း၊ ဆရာကောင်းတွေရော ရလာတတ်တယ်။ အလုပ်ကိစ္စတွေ အရှိန်ရလာမယ်။ ကြိုးစားနေသူတွေ အောင်မြင်ချိန် ရောက်လာမယ်။ ငွေကံ စီးပွားကံတွေ ထူးခြားလာနိုင်တယ်။ အလုပ်သစ်၊ နေရာသစ် စတင်လို့ ကောင်းတယ်။ အိမ်တွင်းရေး ပူပန်စရာ ရှိလာနိုင်တယ်။ ကိုယ့်ကို ရန်ရှာတိုက်ခိုက်သူတွေ ပေါ်လာတတ်တယ်။ မေတ္တာရေး ကံခေမယ့်ကာလဖြစ်တယ်။

အင်္ဂါနေ့ဖွားများ – တစ်ပတ်တာလုံးမှာ စိတ်ရောကိုယ်ပါ အားအင်သစ်တွေ ရလာမယ်။ အဆင်မပြေမှုတွေကို ပြန် ကောင်းအောင် လုပ်နိုင်တယ်။ အလုပ်အကိုင်မှာတော့ လုံးလည်ချာလည် ဖြစ်နေဦးမယ်။ အလုပ်နေရာအတွက် စိုးရိမ်ရတတ်တယ်။ လူလိမ်လူကောက်တွေ၊ မလည်ရှုပ်တွေနဲ့ ပတ်သက်ရတတ်တယ်။ ဘယ်သူ့ကိုမှ ကျောချပြီး မယုံဖို့ သတိပြုရမယ်။ သူများပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်တယ်။ မိသားစုနဲ့ ကတောက်ကဆ ရှိနိုင်တယ်။

ဗုဒ္ဓဟူးနေ့ဖွားများ – နံပါတ်တစ် ကျန်းမာရေး ဂရုစိုက်ရမယ်။ ရောဂါရှာမရဘဲ ဟိုဟာဖြစ်လိုက်၊ ဒီဟာညံ့လိုက်နဲ့ ဖြစ်နေတတ်တယ်။ ဝေဒနာဟောင်းတွေ ပြန်ပေါ်တတ်တယ်။ ကျန်းမာရေး ကောင်းသူဆိုရင်လည်း ဒီအပတ်မှာ အာရုံနောက်စရာတွေ များမယ်။ သူများကိစ္စ ကြားဝင်ခံရတတ်တယ်။ အလုပ်တွေ တစ်ခုမက လျှောက်လုပ်ရပြီး အကျိုးအမြတ်တော့ နည်းလိမ့်မယ်။ မိသားစုအရေး စိတ်ညစ်ရတတ်ပေမဲ့ မိတ်ဆွေတွေက ကူညီဖေးမမယ်။

ရာဟုဖွားများ – အိမ်မှာ နေချင်စိတ် နည်းနေမယ်။ ဟိုသွားချင်ဒီလာချင်နဲ့ ဂဏှာမငြိမ် ဖြစ်နေမယ်။ လုပ်ချင်တာ ဖြစ်ချင်တာတွေက တလွဲတချော် ဖြစ်တတ်တယ်။ နဂိုကမှ အသွားအလာ များသူဆိုရင်တော့ အဆင်ပြေမယ်။ အလုပ်တွေက အရာမထင်တာ များမယ်။ လုပ်သာလုပ်ပြီး ဘာမှ မထူးသလို ခံစားရမယ်။ ဘော်ဒါရောင်းရင်းနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ ကိုယ့်ကို မကောင်းသတင်းပြောတာသွားပုပ်လေလွင့်ပြောဆိုတာ ခံရတတ်တယ်။

ကြာသပတေးနေ့ဖွားများ – ဒီအပတ်မှာ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စ စိတ်ညစ်စရာ များမယ်။ အချင်းချင်းက ညှိမရလို့ ရန်များ၊ စကားများရတတ်တယ်။ လူပျိုလူလွတ်တွေဆို နှလုံးသားရေးပြဿနာ ပေါ်မယ်။ အဆင်မပြေ စိတ်ဆင်းရဲရမယ်။ အလုပ်တွေ ကောင်းပေမဲ့ ကိုယ်တိုင်က စိတ်မပါလက်မပါ ဖြစ်နေမယ်။ အိမ်မှာ မနေချင်ဘဲနဲ့ ခရီးသွားချင်စိတ်များမယ်။ လုပ်သမျှ အကြံအစည်တွေက ဟိုမရောက် ဒီမရောက်နဲ့ တပိုင်းတစ ဖြစ်လိမ့်မယ်။

သောကြာနေ့ဖွားများ – ကံကောင်းမယ့်ကာလ ဖြစ်တယ်။ သတင်းကောင်းတွေ ကြားရမယ်။ လက်ဆောင်တွေပါ ရရှိတတ်တယ်။ စိတ်ကူးအကြံအစည်တွေ အထမြောက်မယ်။ အကူအညီပေးမယ့်၊ ဝိုင်းဝန်းမယ့် မိတ်ဆွေတွေပါ အသင့် ရှိနေမယ်။ မိတ်ကောင်းဆွေကောင်းတွေ ရလာမယ်။ ငွေရေးကြေးရေး ကံအားနည်းတယ်။ အလုပ်တွေ ပင်ပန်းမယ်။ နိုင်ငံခြားကိစ္စဆို အောင်မြင်မယ်။ ခရီးဝေးစီစဉ်ရင် သွားဖြစ်မယ်။ ပျော်စရာခရီးစဉ်လည်းဖြစ်မယ်။

စနေနေ့ဖွားများ – ရုပ်ကျန်းမာရေး အားနည်းတတ်သလို စိတ်ပိုင်းဆိုင်ရာမှာလည်း အထီးကျန်သလို အားငယ်မှု ဖြစ်တတ်တယ်။ ကြိတ်မှိတ်ခံစားစရာတွေ များလာနိုင်တယ်။ အများနဲ့ မရောဘဲ တကိုယ်တည်း နေချင်စိတ်တွေ များနေတတ်တယ်။ အလုပ်မှာ အတိုက်အခိုက်တွေ များတတ်တယ်။ စိတ်ထဲ မဖြောင့်ဘဲ ကြောင့်ကျမှုဖြစ်မယ်။ ငွေအတွက်နဲ့ စကားများရ ဖြေရှင်းရတတ်တယ်။ မိတ်ဆွေတွေက အားကိုးမရ ဖြစ်မယ်။ သတိထားနေထိုင်ပါ။

နေ့နံအားလုံး ဘေးကင်းရန်ကွာ ချမ်းသာသုခ ရရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)