တစ်ခုကြွင်းဖွားနဲ့ နေရာထိုင်ခင်းကံအကျိုးပေး

ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇ နဲ့ စားလို့ (၁) ခုကြွင်းဖွားတွေသည် အိုးအိမ်မိသားစုကို ဖော်ညွှန်းသော တနင်္ဂနွေဂြိုဟ် ဘင်္ဂမှာ ရပ်တည်ထားသည့် ဖွားဇာတာရှင်တွေ ဖြစ်သည့်နည်းတူ ဘဝမှာ အိုးအိမ် အပြောင်းအရွှေ့ ၊ မိသားစုအပြောင်းအရွှေ့ (ဟိုမိသားစုနဲ့ အတူနေလိုက် ဒီမိသားစုနဲ့ အတူဒွန်တွဲလိုက် ) ဖြင့် အတူနေမိသားစု ဘဝတည်ငြိမ်မှု အားနည်းသည့် ဇာတာရှင်တွေလို့လည်း ဆိုနိုင်ပါတယ်။

တစ်ခုကြွင်းဖွားတွေထဲမှာ

  • နေရာထိုင်ခင်းကံ အကောင်းဆုံးနေ့နံသည် တနင်္လာပုတိဖွား ဖြစ်ပါတယ်။
  • ဒုတိယအားဖြင့် စနေအထွန်းဖွား တို့သည် နေရာထိုင်ခင်းကံ အားကောင်းကြပါတယ်။
  • တတိယအားဖြင့်တော့ ရာဟုမရဏဖွား သည် နေရာထိုင်ခင်းကံ အားကောင်းပြီး
  • စတုတ္ထအားဖြင့် ဗုဒ္ဓဟူး မရဏဖွားသည် နေရာထိုင်ခင်းကံ အားသာသူများဟု ဆိုနိုင်ပါတယ်။

နေရာထိုင်ခင်းကံ ချာတူးအလံဆုံး နေ့နံ နှစ်မျိုးကတော့ ကြာသပတေး အဓိပတိဖွားနဲ့ တနင်္ဂနွေဘင်္ဂဖွားများ ဖြစ်ကြပြီး သူတို့တွေသည် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဒီကံတစ်ချက် လှုပ်ခတ်လိုက်တိုင်းမှာ ဖြစ်သလိုနေရ၊ ကြုံရာထိုးအိပ်၊ ရုံးတင်ပဲ ထိုးခွေသလိုလို စသည်ဖြင့် နေရာထိုင်ခင်းနဲ့ အခြေချမှုကံမှာ အားနည်းတတ်ကြပါတယ်။ သူတို့ရဲ့ ဌာနဂြိုဟ်သည် မရဏဌာနတွင် ရပ်တည်နေရခြင်းကြောင့် မွေးရပ်မြေနဲ့ ဝေးသည်ထက် ဝေးဝေးမှာ အခြေချခြင်းမျိုး ပြုမှသာလျှင် နေရာထိုင်ခင်းကံ အညံ့က သက်သာလာစေပါတယ်။

ဒုတိယချာတူးအလံဆုံးဆုကိုတော့ အင်္ဂါနေ့ဖွား သိုက်ဖွားများ ရရှိတတ်ကြပြီး ဌာနဂြိုဟ်သည် နံတူပက္ခ မိနေသော အနေအထားကြောင့် တောင်ဘက်လိုက်နေလည်း အဆင်မပြေ မြောက်ဘက်လိုက်နေလည်း အဆင်မချော လွန်းထိုးလွန်းပြန် ဟိုသည်ပြောင်းရွှေ့ နေရတတ်သော ကံမျိုး ရင်ဆိုင်ကြရတတ်သူများလည်း ဖြစ်ကြပါတယ်။

မိမိတို့ နေရာထိုင်ခင်းကို မင်းအစိုးရများသိမ်းယူခံရတတ်ခြင်းမျိုး ၊ နေရာထိုင်ခင်းအတွက် အမှုအခင်း ဖြစ်လွယ်ခြင်းမျိုးကံ ရှိသော ဖွားဇာတာတွေသည် အင်္ဂါသိုက်ဖွားတွေပါပဲ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

သောကြာနေ့ဖွား ရာဇဖွားတွေကတော့ နေရာထိုင်ခင်းကံမှာ ရန်နှင့် ယှဉ်တွဲပြီး နေထိုင်ကြရလေ့ရှိပါတယ်။ နေရာထိုင်ခင်းအတွက် ရန်များတတ်သော ၊ သို့မဟုတ် နေရာထိုင်ခင်းအတွက် အားပြိုင် ယှဉ်ပြိုင်ရတတ်သော ဖွားဇာတာများ ဖြစ်ကြပြီး အထူးသဖြင့် အမည်ရဲ့အဆုံး စာလုံးမှာ ဗုဒ္ဓဟူး/ရာဟုနံ (ယ၊လ၊၀၊ရ) ဖြင့် မှည့်ခေါ်ထားမိသူ သောကြာရာဇဖွား တွေသည် နေရာလုပွဲတွေ၊ နေရာထိုင်ခင်းနှင့် ပတ်သက်သော ရန်သူတွေ အလွန် ပေါများတတ်ကြပါတယ်။

နေရာထိုင်ခင်းကံအတွက် ပြုအပ်သော သဘာဝယတြာ

တနင်္ဂနွေနေ့ဖွားများသည် ၊ စနေနေ့တွင် (နေ့ခင်း ၁၂နာရီနောက်ပိုင်း) ၊ ရာဟုထောင့်တွင် ကုသိုလ်ပြု ၊ ရာဟုဂြိုဟ်နတ်မင်းကြီးကို မေတ္တာပို့ အမျှဝေ ဆုတောင်းခြင်း ..။

တနင်္လာနေ့ဖွားများသည် ၊ တနင်္လာနေ့တွင်၊  သောကြာထောင့်တွင် ကုသိုလ်ြပု
သောကြာဂြိုဟ်နတ်မင်းကြီးကို မေတ္တာပို့ အမျှဝေ ဆုတောင်းခြင်း ..။

အင်္ဂါနေ့ဖွားများသည် ၊ ဗုဒ္ဓဟူးနေ့တွင် ၊ တနင်္ဂနွေထောင့်တွင် ကုသိုလ်ပြု
တနင်္ဂနွေဂြိုဟ်နတ်မင်းကြီးကို မေတ္တာပို့ အမျှဝေ ဆုတောင်းခြင်း..။

ဗုဒ္ဓဟူးနေ့ဖွားများသည်၊ ကြာသပတေးနေ့တွင် တနင်္လာထောင့်တွင် ကုသိုလ်ပြု
တနင်္လာဂြိုဟ်နတ်မင်းကြီးကို မေတ္တာပို့ အမျှဝေ ဆုတောင်းခြင်း။

ရာဟုဖွားတို့သည် အင်္ဂါနေ့တွင် ၊ စနေထောင့်တွင် ကုသိုလ်ပြု၊ စနေဂြိုဟ်နတ်မင်းကြီးကို မေတ္တာပို့အမျှဝေ ဆုတောင်းခြင်း။

ကြာသာပတေးနေ့ဖွားတို့သည်၊ စနေနေ့တွင် ( မနက်ပိုင်းတွင်) ဗုဒ္ဓဟူးထောင့်တွင် ကုသိုလ်ပြု၊ ဗုဒ္ဓဟူးဂြိုဟ်နတ်မင်းကြီးကို မေတ္တာပို့ အမျှဝေ ဆုတောင်းခြင်း။

သောကြာနေ့ဖွားများသည် တနင်္ဂနွေနေ့တွင် ၊ ကြာသာပတေးထောင့်တွင် ကုသိုလ်ပြု ၊ တနင်္ဂနွေဂြိုဟ် နတ်မင်းကြီးကို မေတ္တာပို့ အမျှဝေ ဆုတောင်းခြင်း။

စနေနေ့ဖွားများသည် သောကြာနေ့တွင် ၊ အင်္ဂါထောင့်တွင် ကုသိုလ်ပြု၊ အင်္ဂါဂြိုဟ်နတ်မင်းကြီးကို မေတ္တာပို့ အမျှဝေ ဆုတောင်းခြင်း။

စသည်ဖြင့်တို့ကို အပတ်စဉ်ပြုလုပ်သွားခြင်းအားဖြင့် လ၊ နှစ်တွေ ချီလာသည့်အခါ ကောင်းစွာသော နေရာထိုင်ခင်းကံသည် ပြည့်စုံလာတတ်သည် ဖြစ်ပါကြောင်း။  (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

မှတ်ချက် / အိုးအိမ်နေရာထိုင်ခင်းကံ တစ်ခုတည်းသာ မဟုတ်ပါ။ အလုပ်နေရာ၊ ရာထူးနေရာ စသည်ဖြင့် နေရာတည်းဟူသော အချင်းအရာနှင့်ပတ်သက်သမျှ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ပြုလုပ်၍ သင့်လျော် အလွန် အကျိုးရှိစေပါသည်ခင်ဗျား။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)