တရုတ်ရိုးရာ ၁၂ ရာသီခွင် စရိုက်သဘာဝဟောကိန်း

တရုတ်လူမျိုးတွေရဲ့ ၁၂ ရာသီခွင်ဗေဒင်မှာ မွေးဖွားရာနှစ်အလိုက် ဘယ် ရာသီရုပ် ဖြစ်တယ်၊ ဘယ်လို စရိုက်နဲ့ စိတ်ထားတွေ ရှိတတ်တယ်ဆိုတာ တွက်ချက်ခန့်မှန်းလေ့ရှိပါတယ်။ အောက်ဖော်ပြပါအတိုင်း ကိုယ်မွေးဖွားတဲ့ အင်္ဂလိပ်လို နှစ်အလိုက် ကိုယ်က ဘယ်ရာသီရုပ်လဲဆိုတာ ကြည့်ပြီး ဟောကိန်းတွေကို ဖတ်ရှုနိုင်ပါတယ်။

တရုတ်ရိုးရာဗေဒင်အရ ကိုယ်က ဘယ်ရာသီရုပ် ဖြစ်လို့ ဘာစရိုက်တွေ ၊ ဘယ်လိုမျိုး ပင်ကိုယ်အရည်အသွေးတွေ ရှိနေသလဲ ဆိုတာ သိနိုင်မယ့်အပြင် ကိုယ်နဲ့ တွဲဖက်၊ မိတ်ဆွေတွေ၊ ချစ်ခင်ရသူတွေရဲ့ စရိုက်သဘာဝကိုလည်း မှန်းဆနိုင်ပါတယ်။ ကဲ.. တရုတ်တွေရဲ့ ၁၂ ရာသီခွင် ဟောကိန်းကို ဖတ်ကြည့်ရအောင်ဗျာ…

ကြွက် (1924, 1936, 1948, 1960, 1972, 1984, 1996, 2008, 2020) – သူများနဲ့မတူတဲ့ ထူးခြားတဲ့ ပြုမူ နေထိုင်ပုံတွေ ရှိတယ်။ အများအားဖြင့် ကျန်းမာသန်စွမ်း၊ ဥာဏ်ရည်ထက်ပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတယ်။ သတိနဲ့ လေ့လာမှုလည်း ကောင်းလို့ အခွင့်အရေးတွေ ပိုမြင်တတ်တယ်။ သူများတွေထက် ရှေ့ ပိုရောက်ပြီး ဖန်တီးနိုင်စွမ်းလည်း မြင့်မားတယ်။ အလုပ်ကို အားကြိုးမာန်တက် လုပ်ပြီး ချမ်းသာနိုင်ကြတယ်။

နွားထီး (1925, 1937, 1949, 1961, 1973, 1985, 1997, 2009, 2021) – ရိုးသားတဲ့သူ၊ စိတ်ရောကိုယ်ပါ ကြံ့ခိုင်သန်စွမ်းသူတွေ ဖြစ်တယ်။ ဘယ်လို အခက်အခဲမဆို ဇွဲနဘဲနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်တယ်။ အရမ်းကို ချစ်တတ်ပြီး သစ္စာလည်း ခိုင်မြဲကြတယ်။ ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းပြီး လုံ့လဝီရိယ ကောင်းသူတွေ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုလုပ်ကိုင်တတ်ပြီး အမှီအခို ကင်းကင်းနဲ့ ရပ်တည်ရှင်သန်လိုသူ ဖြစ်တယ်။ (ဗေဒင်သုတ Page ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကျား (1926, 1938, 1950, 1962, 1974, 1986, 1998, 2010) – စွန့်စားချင်စိတ်တွေ၊ ပြိုင်ဆိုင်လိုစိတ်တွေ ပြင်းထန်တယ်။ ဒေါသလည်း ကြီးတတ်ပြီး သတ္တိလည်း ကောင်းမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြင်းထန်ပြီး အမြဲ တက်ကြွဖြတ်လတ်နေတတ်တယ်။ တခါတလေမှာတော့ သွေးဆူပေါက်ကွဲလွယ်တတ်သူတွေ ဖြစ်တယ်။ လိုချင်တာတွေအတွက် ဘယ်တော့မှ လက်မလျှော့တတ်ဘဲ သူရဲကောင်းဆန်ချင်သူတွေလည်း ဖြစ်ကြတယ်။

ယုန် (1927, 1939, 1951, 1963, 1975, 1987, 1999, 2011) – ခံစားလွယ်ပြီး ရိုးသားကြသူတွေ ဖြစ်တယ်။ အပြန်အလှန် လေးစားနားလည်မှုကို လိုလားကြတယ်။ လိမ္မာပါးနပ်ပြီး ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်း ကောင်းသူ ဖြစ်တယ်။ ဒါပေမယ့် တခါတလေ အပျင်းကြီးပြီး အလေးအနက်မထားသလိုတွေ လုပ်တတ်တယ်။ အလှအပ ကြိုက်ပြီး ကျန်းမာရေးကိုလည်း ဂရုစိုက်တတ်ကြတယ်။ အလျှော့ပေးလွန်းတော့ အနိုင်ကျင့်တာ ခံရတတ်တယ်။

 နဂါး (1928, 1940, 1952, 1964, 1976, 1988, 2000, 2012) – သူတကာထက် တက်ကြွသူတွေ ဖြစ်ပြီး ယုံကြည်ချက်တွေ ပြင်းထန်သူမျိုး ဖြစ်တယ်။ ကိုယ်လိုချင်တာကို မရရအောင် ကြံစည်အားထုတ်တတ်တယ်။ သြဇာအာဏာတွေလည်း ပြတတ်ကြတယ်။ နေရာကောင်းတွေ၊ အခွင့်ထူးတွေ ရအောင် ကြံဆောင်နိုင်တယ်။ စိတ်ဇောဆန္ဒ အားပြင်းလွန်းသူတွေ ဖြစ်လို့ တခါတလေမှာ တစ်ကိုယ်ကောင်း သိပ်ဆန်တာမျိုး ဖြစ်လိမ့်မယ်။

မြွေ (1929, 1941, 1953, 1965, 1977, 1989, 2001, 2013) – တကိုယ်တော် အေးဆေးလေး နေထိုင်ချင်ပြီး ဥာဏ်ရည်ဥာဏ်သွေးလည်း ကောင်းတယ်။ အထီးကျန် ဆန်တတ်ကြပြီး နားလည်ရ ခက်တဲ့ ၊ မှန်းရခက်တဲ့ လူမျိုးတွေ ဖြစ်တယ်။ သူစိမ်းတွေနဲ့ ခပ်ကင်းကင်းနေတတ်ပေမယ့် ခင်မင်ရင်းနှီးသူတွေနဲ့ဆို ဖက်လဲတကင်း နေထိုင်တတ်ကြတယ်။ တစ်ယောက်တည်း အလုပ်လုပ်ရတာ ကြိုက်ပြီး အငြိုးအာဃာတ ကြီးမားတတ်တယ်။ (ဗေဒင်သုတ Page ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

china zod 182

မြင်း (1930, 1942, 1954, 1966, 1978, 1990, 2002, 2014) – လွတ်လပ်မှုကို သိပ်မြတ်နိုးခုံမင်တတ်ပြီး သွားလာလှုပ်ရှားစွန့်စားရတာမျိုးကို သဘောကျတယ်။ သဘောကောင်းကြပေမယ့် ပေါက်ကွဲပြီဆိုရင်လည်း ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တယ်။ ကာယ၊ ဥာဏ ခွန်အား ကြီးမားတတ်ပေမယ့် တခါတလေ သူများတွေထက် ကြောက်တတ် လန့်တတ်တာလည်း သူတို့ပါပဲ။ ဘဝမှာ ငွေကြေးထက် စိတ်ချမ်းသာမှုကို ပိုအလေးထားတယ်။

ဆိတ် (1931, 1943, 1955, 1967, 1979, 1991, 2003, 2015) – ကိုယ့်ဖာသာ နားအေးပါးအေး နေချင်သူ၊ စိတ်ကူးယဉ်ပြီး စကားနည်းလို့ သူများတွေနဲ့ ကွဲပြားနေသူမျိုး ဖြစ်တယ်။ စာနာတတ်သူတွေ ဆိုပေမယ့်လည်း ခေါင်းမာရင် သူများထက် ပိုမာကြတယ်။ ငွေရှာကောင်းသူတွေ ဖြစ်သလို ရက်ရောလက်လွယ်လွန်းသူလည်း ဖြစ်နေတတ်တယ်။ ကိုယ့်ကိစ္စထက် သူများကိစ္စတွေကို ဦးစားပေးတတ်ပြီး စိတ်ရှည်သည်းခံနိုင်သူ ဖြစ်တယ်။ (ဗေဒင်သုတ Page ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မျောက် (1932, 1944, 1956, 1968, 1980, 1992, 2004, 2016) – ဥာဏ်ရည်ထက်ပြီး စူးစမ်းလိုစိတ်လည်း ရှိသူ ၊ တက်ကြွပေါ့ပါးဖြတ်လတ်သူတွေ ဖြစ်တယ်။ သူတပါးကိုလည်း ကူညီဖေးမတတ်လို့ လူချစ်လူခင်လည်း များတယ်။ တခါတလေမှာ မာနကြီးတာ၊ ကလေးဆန်ပြီး အပြောင်းအလဲ မြန်တာနဲ့ ဖြစ်ချင်တာတွေ မဖြစ်ရင် ပေါက်ကွဲတတ်ပေမယ့် ကိုယ့်ကိုကိုယ် ပြုပြင်နိုင်ကြတယ်။ အသက်ရှည်ရှည်လည်း နေထိုင်နိုင်သူ ဖြစ်တယ်။

ကြက်ဖ (1933, 1945, 1957, 1969, 1981, 1993, 2005, 2017) – စေ့စပ်သေချာသူ၊ ဥာဏ်ရည် ကောင်းပြီး အရည်အချင်း ရှိသူ၊ မိသားစုကသာ ဘဝမှာ အရေးအကြီးဆုံးလို့ ယူဆသူ၊ အကာအကွယ် ပေးတတ်သူတွေ ဖြစ်တယ်။ အပေါ်ယံကြည့်ရင် စိတ်ဓာတ်ခိုင်မာသူလို့ ထင်မြင်ရပေမဲ့ တကယ်တမ်းမှာတော့ စိတ်ဓာတ် ကျလွယ် တက်လွယ်ကြတယ်။ စိတ်ဆိုးစိတ်ကောက် လွယ်တတ်ပြီး စကားနားမထောင်ရင် ဒေါသကြီးတတ်ကြတယ်။

china zod 181

ခွေး (1934, 1946, 1958, 1970, 1982, 1994, 2006, 2018) – အားလုံးနဲ့ အဆင်ပြေအောင် နေတတ်သလို မိတ်ဆွေတွေအပေါ်မှာလည်း သစ္စာစောင့်သိ ရိုးသားကြသူတွေ ဖြစ်တယ်။ တခါတလေ စိတ်တိုဒေါသထွက်ပြီး သည်းမခံတတ်ပေမယ့် အများအားဖြင့်တော့ သဟဇာတ ဖြစ်အောင် နေထိုင်တတ်ပေးကြတယ်။ လူချစ်လူခင် ပေါများသူ၊ တတ်နိုင်တာ ကူညီဖို့အသင့် ရှိပေမဲ့ သူတို့ နာကျင်တာကိုတော့ လူသိမခံချင်သူလည်း ဖြစ်တယ်။

ဝက် (1935, 1947, 1959, 1971, 1983, 1995, 2007, 2019) – ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုသူတွေ ဖြစ်ပြီး ပျော်ပျော်နေတတ်သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေ ဖြစ်တယ်။ ရိုးသား၊ ကြိုးစားတတ်သူတွေ ဖြစ်ပြီး ဘဝမှာ ဇိမ်ကျကျ နေချင်သူတွေလည်း ဖြစ်လို့ လိုချင်တဲ့ဘဝမျိုး ရအောင် ကြိုးစားရုန်းကန်တတ်တယ်။ ကံတရားကို ယုံကြည်သူ ဖြစ်လို့ သူတပါးအပေါ် စိတ်ကောင်းထားတတ်ကြပြီး ကိုယ်ချင်းစာတရား ပြည့်ဝတယ်။ တရုတ်ရိုးရာဗေဒင်လာ ၁၂ ရာသီခွင် စရိုက်သဘာဝဟောကိန်း ဖြစ်ပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)