တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – အခက်အခဲများကြားက ဖြတ်သန်းအောင်မြင်မည့်လ ဖြစ်သည်။ မည်သည့်လုပ်ငန်းမျိုးတွင်မဆို ကြိုးစားအားထုတ်မှု၏ရလဒ်ကို ပြန်ခံစားရလိမ့်မည်။ အပြိုင်အဆိုင်များရှိနေသည့်တိုင် ကိုယ်က နှာတစ်ဖျားမက ကျော်ဖြတ်နိုင်မည်။ နိုင်ငံရပ်ခြားနှင့် ဆက်နွယ်သော အခွင့်အလမ်းများလည်း ပေါ်လာတတ်သည်။

ကာလရှည် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုများ အကျိုးပေးမည်။ လုပ်ငန်းကိစ္စအတွက် သွားလာလှုပ်ရှား ခရီးများပြီး အကျိုးအမြတ် ရရှိမည်။ လုပ်ဖော်ကိုင်ဖက်၊ ပါတနာများက ကူညီလိမ့်မည်။ ငွေရေးကြေးရေးကံဇာတာလည်း ကောင်းမွန်သည်။

မေတ္တာရေးရာ – ချစ်သူ၊ အိမ်ထောင်ဖက်တို့ကြားတွင် ကတောက်ကဆ အနည်းငယ် ဖြစ်တတ်သည်မှအပ ယခု ဒီဇင်ဘာလအတွင်း အဆင်ပြေ စိတ်ချမ်းသာသည်က များလိမ့်မည်။ အပြန်အလှန် နားလည်မှုများ ပိုရလာနိုင်ပြီး အပေးအယူလည်း မျှတလာမည်။ လက်တွဲဖော် ရှာနေသူများလည်း လိုက်ဖက်သူနှင့် ဖူးစာဖက်ရကိန်း ရှိသည်။

အခြားကဏ္ဍများ – လဆန်းပိုင်းရက်များတွင် ကိစ္စများမြောင် ရှုပ်ထွေးနေ၍ လူရောစိတ်ပါ ပင်ပန်းမှု များနေမည်။ လလယ်နှောင်းပိုင်းတွင်မူ ပေါ့ပေါ့ပါးပါး ပျော်ရွှင်စရာများ ရှိလာမည်။ လနှောင်းပိုင်း၌ မိသားစုအရေးကိစ္စအတွက် ပူပန်သောက များရတတ်သည်။ ယခုလတွင် ရင်ဘတ်ပိုင်း၊ ဦးခေါင်း၊ မျက်နှာပိုင်း၌ ဝေဒနာ ခံစားရတတ်သည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)