ဒီနှစ်မှာ နေရာဌာန အပြောင်းအရွှေ့ ဖြစ်လာနိုင်တဲ့ရာသီခွင်များ

ဒီနှစ် ၂၀၂၂ ထဲမှာ အိုးအိမ်တည်နေရာ ဖြစ်စေ၊ လုပ်ငန်းနေရာဌာန ဖြစ်စေ အပြောင်းအလဲ ကြုံလာနိုင်တဲ့ ရာသီခွင်တွေကတော့…

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

၂၀၂၂ ခုနှစ်ထဲမှာ ဘဝတစ်ဆစ်ချိုးလောက်တဲ့ အလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ တစ်သက်တာ ကာလအတွင်း မတွေ့ဖူး၊မကြုံဖူးတာတွေ ဖြစ်ပျက်လာနိုင်သလို မရောက်ဖူး၊ မသွားလာဖူးတဲ့အရပ်ဒေသတွေကို ရောက်ရှိတတ်ပါတယ်။ ကိုယ်တိုင်ကလည်း အရင်ကနဲ့မတူတဲ့ အမူအကျင့်တွေ ဖြစ်လာနိုင်ပြီး တစ်သက်လုံးမှာ ကိုင်စွဲလာတဲ့ တွေးခေါ်ရှုမြင်ပုံတွေ၊ စရိုက်သဘာဝတွေကို ပြောင်းလဲမိတတ်ပါတယ်။ အရင်က စွဲစွဲမြဲမြဲဆက်ဆံ ပေါင်းသင်းနေတဲ့ ပတ်ဝန်းကျင်ဟောင်းကို စွန့်ခွာပြီး ပတ်ဝန်းကျင်သစ်၊ နယ်ပယ်သစ်ကို ရောက်တတ်ပါတယ်။

သတိပေးချက် – အပြောင်းအလဲတွေ ဖြစ်လာချိန်မှာ တင်းခံမနေဘဲ အလိုက်သင့်အလျားသင့် နေတတ်ဖို့သာ လိုရင်းပါ။ ရုတ်တရက် မထင်မှတ်တဲ့ အဖြစ်အပျက်တွေလည်း ကြုံရတတ်လို့ ဘာမဆို အသင့်ပြင်ထားရပါမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)

၂၀၂၂ ခုနှစ်ထဲမှာ ကုမ်ရာသီဖွားတွေဟာ အိုးအိမ်နေရာထိုင်ခင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ နှစ်အတော်ကြာစွဲမြဲနေထိုင်လာတဲ့အရပ်ဒေသကို စွန့်ခွာပြီး နေရာဒေသသစ်ဆီ ရွှေ့ပြောင်းရကိန်း ရှိနေပါတယ်။ မိသားစုထဲမှာလည်း ရုတ်ချည်းဆိုသလို မထင်မှတ်တာတွေ ဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် မိသားစုဝင်တွေ ခရီးထွက်သွားတာ၊ တော်တော်နဲ့ မဆုံဖြစ်တော့တာတွေ ရှိတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်လို့လည်း နေရာကို ပြောင်းလဲပေးရတတ်ပါတယ်။ ယာဉ်ကားရှိသူတွေ၊ အမြဲစီးနင်းသူတွေအဖို့ သတိထားရမယ့်နှစ် ဖြစ်နေပါတယ်။

သတိပေးချက် – ဒီနှစ်မှာ နေရာဒေသ ရွှေ့ပြောင်းရကိန်း ရှိနေပြီး တစ်နေရာတည်းမှာ အထိုင်မကျဘဲ ခဏခဏ ရွှေ့ပေးရတတ်ပါတယ်။ ဘယ်နေရာကိုမှ စိတ်တိုင်းမကျတတ်လို့ ရောက်ရာအရပ်မှာပဲ အဆင်ပြေဖို့ ကြိုးစားပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

၂၀၂၂ ခုနှစ်ထဲမှာ အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင်၊ ရာထူးဌာနပိုင်း အပြောင်းအလဲ ဖြစ်မယ့် ရာသီဖွား ဖြစ်ပြီး အလုပ်ထဲမှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ၊ မျက်လှည့်ပြသလို အံ့အားသင့်စရာတွေ ကြုံရကိန်း ရှိနေပါတယ်။ လုပ်ငန်းနေရာ ရွှေ့ရတာ၊ ရာထူးဌာန ပြောင်းလဲတာ၊ နေရာသစ်ဆီ ရောက်သွားတာမျိုး ရှိနိုင်ပြီး တစ်နေရာတည်း အလုပ်ကို အထိုင်ချလို့ မရနိုင်အောင် ဖြစ်တတ်ပါတယ်။ အကြီးအကဲ၊ အာဏာပိုင်တွေနဲ့လည်း အဆင်မပြေ ဖြစ်တတ်လို့ သည်းခံလုပ်ကိုင်သင့်ပါတယ်။ ဒါပေမယ့် ကံတရားက သင့်ဘက်မှာ ရှိနေပါလိမ့်မယ်။

သတိပေးချက် – ဒီနှစ်မှာ အလုပ်ပြောင်း၊ နေရာပြောင်းချင်သူတွေ လိုအင်ဆန္ဒ ပြည့်ဝတတ်ပေမယ့် ဒီနေရာမှာပဲ အထိုင်ကျချင်သူတွေကတော့ အဆင်မပြေဖို့ များပါတယ်။ မထင်မှတ်တာတွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

ဖော်ပြပါရာသီဖွားတွေလောက် အပြောင်းအလဲ ကြီးကြီးမားမား မရှိနိုင်ပေမယ့် အိမ်ထောင်ရေး၊ အချစ်ရေးကံမှာ အတက်အကျ၊ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရတတ်တာ ဗြိစ္ဆာရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၂ ထဲမှာ နှလုံးသားရေး ရှုပ်ထွေးမှု ဖြစ်တာ၊ အိမ်ထောင်ရေး ပြဿနာ ပေါ်တာတွေ အနည်းနဲ့အများ ကြုံရတတ်ပါတယ်။ လူအများနဲ့ဆက်ဆံရတဲ့ အလုပ်မျိုး လုပ်နေသူတွေဆိုရင် အတော်လေး သည်းညည်းခံ လုပ်ကိုင်ရမယ့်ကာလ ဖြစ်ပါတယ်။ ကိုယ့်အပေါ် သူတပါးက ဆက်ဆံပုံ ပြောင်းလဲသွားတာမျိုးတွေကို မကြာခဏ ကြုံတွေ့ပါလိမ့်မယ်။

သတိပေးချက် – ဒီနှစ်မှာ ဖြစ်ချင်ရာဖြစ်ဆိုပြီး တစ်ဇွတ်တိုး၊ တစ်ဇောက်ကန်းတွေ လုပ်ချင်စိတ် များလာတတ်လို့ ဒါကို သတိနဲ့ ထိန်းချုပ်ရပါမယ်။ မဟုတ်ကဟုတ်ကတွေ၊ မကောင်းမှုတွေဘက်ကို အာရုံ ပိုကျလာတတ်ပါတယ်။

၂၀၂၂ မှာ အပြောင်းအလဲတွေနဲ့ နေသားကျနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)