ဒီနှစ်မွေးတဲ့ ရင်သွေးငယ်တွေနဲ့ မပေးအပ်သော နာမည်တွဲများ

မြန်မာသက္ကရာဇ် ၁၃၈၁-ခုနှစ် (17.4.2019 မှ 16.4.2020) သည် ကောဇာမဟာဘုတ် (၂)ကြွင်းသော နှစ်ဖြစ်သည်။ မဟာဘုတ်ဗေဒင်ပညာတွင် မမှည့်အပ်သော ပက္ခတွဲများ ဟူ၍ရှိသည်။ ယခုနှစ်အတွင်း မွေးဖွားသော ရင်သွေးငယ်များအတွက် အမည်ပေးရာတွင် ရှောင်အပ်သော (၀ါ) မမှည့်သင့်သော အမည်တွဲများကို နေ့ဖွားအားလုံးအတွက် ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေနေ့ဖွား

ယခုနှစ် မွေးဖွားသော တနင်္ဂနွေနေ့ဖွားများသည် မဟာဘုတ်ဗေဒင်ပညာအရ အထွန်းဖွားများဖြစ်သည်။ အမည်ပေးရာတွင် လုံးဝရှောင်အပ်သော အမည်တွဲမှာ တနင်္ဂနွေအစ အင်္ဂါအဆုံး (၁+၃)ပေးအပ်ခြင်းကို လုံးဝရှောင်ကြဉ်အပ်ပေသည်။ (ဥပမာ – အောင်ဇော်၊ အောင်ဆက်၊ အောင်စည်)

အတတ်ပညာကို အခြေပြုပြီး ဘ၀တိုးတက်မှုကိုရရှိမည ဇာတာများဖြစ်သည်။ မိတ်ဆွေအပေါင်းသင်းပေါ် ခင်တွယ်မှု များတတ်ပြီး လူမျိုးကွဲလူမျိုးခြားများနှင့် မိတ်ဆွေစစ်ဖြစ်မြောက်ရခြင်းရှိမည်။အပြောင်းအလဲများနှင့် တိုးတက်မှုကို ရှာဖွေရမည့်ဇာတာရှင်များဖြစ်သည်။

တနင်္လာနေ့ဖွားများ

ယခုနှစ် တနင်္လာနေ့ဖွားရင်သွေးငယ်များသည် မြန်မာ့မဟာဘုတ် ဗေဒင်ပညာအရ ဘင်္ဂဖွားများဖြစ်သည်။ ၄င်းတို့ကို အမည်ပေးရာတွင် တနင်္လာအစ တနင်္လာအဆုံး ( ၂+ ၂) အမည်များကို မှည့်ခေါ်ခြင်း လုံးဝရှောင်အပ်ပါသည်။ (ဥပမာ – ခိုင်ကျော်၊ ခန့်ကြည်၊ ကြည်ခိုင်)

မွေးစမှ ၁၅နှစ်အတွင်း ကျန်းမာရေးအားနည်းတတ်သည်။ တစ်ခုထက် ပိုသော အနာဂတ်ပန်းတိုင် ရည်ရွယ်ချက်များကို လက်တွေ့ကျကျ အကောင်ထည်ဖော်နိုင်ပါက အောင်မြင်မှုရမည့်ဇာတာရှင်များဖြစ်သည်။

အင်္ဂါနေ့ဖွားများ

ယခုနှစ်တွင် အင်္ဂါနေ့ဖွားရင်သွေးငယ်များသည် မဟာဘုတ်ဗေဒင်ပညာအရ ပုတိဖွားများ ဖြစ်ပါမည်။ နာမည်ပေးအပ်မှည့်ခေါ်ရာတွင် အင်္ဂါအစ တနင်္ဂနွေအဆုံး (၃+၁) အမည်ကိုပေးအပ်ခြင်းမှ ရှောင်ကြဉ်အပ်ပေသည်။ (ဥပမာ – ဆန်းအောင်၊ စိုးဦး၊ ဥာဏ်အောင်)

ခံစားမှုကို ဦးစားပေးလွယ်တတ်သော ဇာတာရှင်များဖြစ်သည်။ အသက် ၈-နှစ်အတွင်း ဆေးမှား အစာမှားဖြစ်တတ်သော ကံရှိသည်။ ရန် အတိုက်အခံများလေ အောင်မြင်မှုရလေဖြစ်တတ်သော ဇာတာရှင်လေးများဖြစ်သည်။

ဗုဒ္ဓဟူးနေ့ဖွားများ

ယခုနှစ် ဗုဒ္ဓဟူးနေ့ဖွားများကတော့ သိုက်ဖွားများဖြစ်သည်။ အမည်ပေးအပ်ရာတွင် ဗုဒ္ဓဟူးအစ စနေအဆုံး (၄+၇) အမည်တွဲများကို ပေးအပ်ခြင်းမှ ရှောင်ကြဉ်အပ်ပေသည်။ (ဥပမာ – လွင်ထူး၊ ဝင်းထွဋ်၊ ယဉ်နု)

အသက် ၄နှစ် ၁၁နှစ် အတွင်း ကျန်းမာရေး ချူခြာအားနည်းတတ်သော ကံရှိသည်။ စိတ်သဘောသဘာဝ နူးညံ့လွယ်ပြီး အနုပညာ ခံစားတတ်မှု ၀ါသနာပါမှု ရှိမည်။ စိတ်ပါသောအရာများအပေါ် စူးစိုက်ပြီး လုပ်ကိုင် ဆောင်ရွက်တတ်သော ဇာတာရှင်များဖြစ်သည်။

ကြာသပတေးနေ့ဖွားများ

ယခုနှစ်ဖွား ကြာသပတေးနေ့ဖွားများသည် မဟာဘုတ်ဗေဒင်ပညာအလိုအရ မရဏဖွားများဖြစ်ကြသည်။ ၄င်းတို့ကို အမည်ပေးရာတွင် ကြာသပတေးအစ သောကြာအဆုံး (၅+၆) အမည်တွဲကို ပေးအပ်ခြင်း လုံးဝရှောင်အပ်သည်။ (ဥပမာ – မြင့်သန်း၊ မျိုးသက်၊ ဘုန်းသစ်)

ထင်ရာ တဇွတ်ထိုး လုပ်တတ်ခြင်း၊ ခေါင်းမာတတ်ခြင်း၊ မှန်သည်ထင်က မည်သူ့ကိုမှ ဂရုမစိုက်ခြင်း စသောသဘောဝများ ရှိတတ်သည်။ ကိုယ်တိုင်ရှာဖွေသော အကျိုးစီးပွားကို ကိုယ်တိုင်ခံစားခွင့် အားနည်းတတ်သော ကံရှိသည်။ နိုင်ငံရပ်ခြား လူမျိုးကွဲ လူမျိုခြားနှင့် ပက်သက်သော ကံအားကောင်းသည်။ ဇွဲရှိမှု အနစ်နာခံမှု အကျိုးကျေးဇူးကို အပြည့်အ၀ ခံစားရမည့် ဇာတာမျိးဖြစ်သည်။

သောကြာနေ့ဖွား

ယခုနှစ်ဖွားများ သောကြာနေ့ဖွားများသည် အဓိပတိဖွားများဖြစ်သည်။ အမည်ပေးရာတွင် သောကြာအစ ကြသပတေးအဆုံး (၆+၅) အမည်တွဲပေးအပ်ခြင်းမှ ရှောင်ကြဉ်အပ်ပေသည်။ (ဥပမာ – ဟိန်းမင်း၊ သိန်းမြင့်)

တစ်ပါးသူအပေါ် ဦးဆောင်ဦးရွက်ပြုရခြင်း ၊ သြဇာညောင်းခြင်း၊ အသင်းဖွဲ့ပေါ် ဦးဆောင်နိုင်စွမ်း မြင့်မားသူများဖြစ်သည်။ စပ်တူလုပ်ငန်း လူအများနှင့်ပက်သက်ဆက်နွယ်ရသောလုပ်ငန်းများ အဆင်ပြေမှုအားနည်းတတ်သော ကံဇာတာများဖြစ်သည်။ ၀န်ထမ်းလုပ်ငန်း မင်းအစိုးရနှင့် ပက်သက်သော အလုပ်များတွင် အကြီးအကဲဖြစ်ရခြင်း ကံအားကောင်းသည်။

စနေနေ့

ယခုနှစ် စနေနေ့ဖွားများသည် မြန်မာ့မဟာဘုတ်ဗေဒင်ပညာအရ ရာဇဖွားများ ဖြစ်သည်။ ၄င်းတို့ကို အမည်ပေးရာတွင် စနေအစ ဗုဒ္ဓဟူးအဆုံး (၇+၄) အမည်တွဲကို ပေးအပ်ခြင်းမှရှောင်ကြဉ်ရပါမည်။ (ဥပမာ – ဌေးဝင်း၊ ထိန်လင်း၊ နုနုလွင်)

ကိုယ်ပိုင်အစွမ်းအစဖြင့် အောင်မြင်မှုရလွယ်သော ဇာတာများ ဖြစ်သည်။ ဆရာသမားကောင်း တွေ့လွယ်သောကံ အားကောင်းသည်။ သူတပါးပေါ် အမိန့်ပေး စေခိုင်းနိုင်သော စိုးမိုးအုပ်ချုပ်နိုင်စွမ်း မြင့်မားမည်။ စကားပြောနောက်ကျတတ်တတ်သော ဇာတာရှင်လေးများ ဖြစ်သည်။

ဤနေရာတွင် ပက္ခအမည်တွဲများကို အဓိကရှောင်အပ်သော အခန်းကဏ္ဍဖြင့် ဦးစားပေးထားပါသည်။ နာမည်ပေးခြင်းသည် ဗေဒင်ပညာ၏ သိမ်မွေ့လှသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ဆရာသမားများထံ နှစ်နဲ့ချီ၍ သင်ယူသင်ကြားခဲ့ရသော အစိတ်အပိုင်းများ လက်တွေ့ဘ၀ကံများကို သုသေတန ပြုရခြင်းဖြင့် နက်ရှိုင်းစွာ တည်ရှိနေပါသည်။

ရင်သွေးငယ်များ အမည်ပေးမှားခြင်းဘေးမှ ကင်းဝေးကြပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့်ကေပီရှေ့ဆောင်နက္ခတ်ဗေဒင်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)