နဂါးပေါ်ရက် သိမှတ်ရှောင်ဖွယ်

ရက်ရာဇာ၊ ပြဿဒါးဆိုရင် မြန်မာလူမျိုးအတော်များများက မစိမ်းကြပေမယ့် နဂါးပေါ်ရက် ဆိုရင်တော့ ဘာလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်လာနိုင်ပါတယ်။ အခါပေးပြက္ခဒိန်တွေမှာ နဂါးပေါ်ကို ဖော်ပြတတ်ကြပေမယ့် ဘာမှန်း ညာမှန်းမသိဘဲ ရှောင်ရမယ့် ရက်အဖြစ်သာ ယူလိုက်ကြပါတယ်။ ဒီနေရာမှာ နဂါးပေါ်ရက်ဆိုတာ ဘာများလဲ၊ နဂါးပေါ်ရက်ကို ဘယ်လို တွက်ချက်ယူသလဲဆိုတာ ဗေဒင်သုတအဖြစ် မျှဝေပေးချင်ပါတယ်။ ဗဟုသဉ္စ ဆိုတဲ့ အကြားအမြင်သုတ များခြင်းဟာလည်း မင်္ဂလာတစ်ပါးပဲ မဟုတ်လား…

နဂါးပေါ်ရက်ကို ဘယ်လို သတ်မှတ်ကြသလဲ – ရိုးရာအစဉ်အလာအရ နဂါးပေါ်ရက်ကို လဆန်းရက်ဟာ ဘယ်နေ့နဲ့ ဆုံသလဲ ဆိုတာပေါ် မူတည်ပြီး တွက်ချက် ဖော်ပြပါတယ်။ အောက်ပါဇယားအရ တနင်္ဂနွေနေ့ဟာ လဆန်း (၁) ရက်နေ့ ဖြစ်ရင် လဆန်း (၂) ရက်နဲ့ (၁၀ ) ရက်တွေဟာ နဂါးပေါ်ရက်တွေ ဖြစ်လာပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

နဂါးပေါ်ရက်မှာ ဘာတွေ ဖြစ်တတ်သလဲ – နဂါးဦးခေါင်း ပေါ်ချိန်လို့ သတ်မှတ်တဲ့ ဒီရက်တွေမှာ မတော်တဆ ထိခိုက်ရှနာတွေ ဖြစ်ပွားရင် အဲဒီဒဏ်ရာက တော်တော်နဲ့ မပျောက်တတ်ပါဘူး။ နဂါးပေါ်ရက်မှာ စပြီး ဖြစ်တဲ့ အနာရောဂါနဲ့ ဖျားနာမှုတွေကလည်း အချိန် အတော်ကြာကြာ ကုသမှ ပျောက်ကင်းချမ်းသာ ရတတ်ပါတယ်။

အထူးသဖြင့် မြေပြင်ပေါ် သွားလာနေသူဆို ချော်လဲကျတာ၊ ကြမ်းကျွံတာတွေ ဖြစ်တာနဲ့ မနည်း ပြန်ကုရတတ်ပြီး အဲဒီဒဏ်ရာတွေက တစ်ဆင့် အဖျားဝင်၊ ကိုယ်လက်ယောင်၊ အကြောဆိုင်းသလိုအထိ ဖြစ်သွားတတ်ပါတယ်။ ရှေးတုန်းကဆိုရင် နဂါးပေါ်ရက်မှာ လက်ဝှေ့လက်ပန်း ကစားရင်း ထိုးမိကြိတ်မိရင် တော်တော်နဲ့ နာလန် မထူနိုင်လို့ ရှောင်ရှားတတ်ကြပါတယ်။ ဒါ့အပြင် ဘယ်လိုအမှုကိစ္စ မဆို နဂါးပေါ်ရက်မှာ စမိရင် လက်စမသတ်ဘဲ ကြန့်ကြာသွားတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နဂါးပေါ်ရက်ကို ဘယ်လို ယတြာပြုသလဲ – ရှေးခေတ်တုန်းကတော့ နဂါးပေါ်ရက်ကြောင့် ဖြစ်တဲ့ အခိုက်အညံ့ကို နောက်တစ်ခါ နဂါးပေါ်ရက် ပြန်စောင့်ပြီး ဒဏ်သင့်လူနာရဲ့ ဘုမ္မိအရပ်မှာ တွင်းတူး၊ ခေါစာ ပစ်တာမျိုး လုပ်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ အဲဒီလိုတွေ လုပ်ဖို့ ခက်တဲ့အတွက် လူနာရဲ့ ခြေသည်းလက်သည်း၊ ဆံပင်စတွေကို စတိသဘော နည်းနည်းစီယူ၊ အကျီနဲ့ လုံခြည်အဟောင်းအစုတ်နဲ့အတူ ထုပ်ပြီး စီးနေတဲ့ ရေမှာ သွားမျောပစ်လိုက်ရင် အခိုက်အညံ့ သက်သာပါတယ်။

မြန်မာ့ဗေဒင်ပညာရပ်နဲ့ မြန်မာ့ဆိုရိုးစကားတွေမှာ နတ်နဲ့နဂါး မလှည့်စားနဲ့၊ နဂါးမျက်စောင်း အကြောင်းသုံးပါး မရွေး ဆိုတဲ့ နဂါးအကြောင်း ဖွဲ့ဆိုမှုတွေ အခိုင်အမာ ရှိနေတဲ့အတွက် နဂါးပေါ်ရက် ဆိုတာကိုလည်း သတိမမူ၊ ပေါ့ပေါ့ဆဆ မထားအပ်ဘူးဆိုတာ ဗေဒင်သုတအဖြစ် တင်ပြပေးလိုက်ရပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)