နာမည်နဲ့ ယတြာချေမယ်

မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်ပညာနဲ့ လူတစ်ယောက်ရဲ့ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စီးပွားရေးပေါင်းစုံကို ဟောပြောပြနိုင်သလို နာမည်ကို ထောက်ဆပြီးတော့ ယတြာပေးတာမျိုးကိုလည်း ဆောင်ရွက်နိုင်ပါတယ်။

မြန်မာနာမည်တွေက ဘယ်လောက်ပဲ အမျိုးမျိုး ကွဲပြားနေပေမယ့်လည်း အနည်းဆုံး အဓိပ္ပါယ်တစ်ခုဆီတော့ ရှိနေပါတယ်။ ရှေးတုန်းက ဆန်းကျမ်းဗေဒင်ပညာရှင်တွေက စက္ခု၊ သောတ၊ ဃာန၊ ဇီဝှါ၊ ကာယ၊ မန ဆိုပြီး နာမည်တွေကို အုပ်စု (၆) စု ခွဲခြားပြခဲ့ပါတယ်။ အဲဒီ ပါဠိစာလုံးတွေကို မြန်မာပြန်ရရင် အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့နဲ့ စိတ်ကို ရည်ညွှန်းပါတယ်။ ဒီနာမည်အမျိုးအစား (၆) ခုကို အောက်ပါအတိုင်း ယတြာ ပြုလုပ်နိုင်ပါတယ်။ တစ်သက်တာလုံး အခါအခွင့်သင့်သလို ယတြာ ပြုသွားနိုင်ပါတယ်။

၁။ စက္ခု- အမြင်အာရုံနှင့် ဆက်စပ်သော အမည်များ –  ဥပမာ ကျော်ဝင်း၊ အောင်လင်း၊ ဝင်းထိန်၊ လင်းလက် စတဲ့ နာမည်တွေဟာ အရောင်အဆင်း အမြင်ဓာတ်နဲ့ သက်ဆိုင်တဲ့ အတွက် ဘုရားမှာ ဆီမီးအလင်းတွေ ပူဇော်တာ၊ ရွှေသင်္ဃန်း၊ ထုံးသင်္ဃန်း ကပ်လှူတာ၊ ရောင်တော်ဖွင့်တာ၊ စေတီ၊ ဘုန်းကြီးကျောင်းတွေမှာ ဆေးသုတ်တာ စတဲ့ အလှူဒါနမျိုးကို ဥာဏ်ရှိသလို ကွန့်မြူး လှူဒါန်းနိုင်ပါတယ်။ အဲဒီလို အလှူဒါနတွေ အခါအခွင့်သင့်သလို မကြာခဏ လုပ်ပေးရင် ကိုယ့်ဘဝမှာလည်း ဘေးကင်းရန်ကွာနဲ့ အောင်မြင်မှု ရလွယ်စေတတ်ပါတယ်။ ကိုယ်တိုင်ကလည်း သန့်ရှင်းတောက်ပြောင်စွာ နေထိုင်ရမှာ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) သောတ- အကြားအာရုံဆိုင်ရာ အမည်ရှင်တွေ – ဥပမာ ချိုလွင်၊ သံသာ၊ အောင်မောင်း အစရှိတဲ့ နာမည် မှည့်ထားသူတွေဟာ ပဌာန်းပွဲ၊ တရားပွဲတွေမှာ ကိုယ်တိုင် ပါဝင် လုပ်အားပေးကူညီတာ၊ ဘုရားစေတီတွေမှာ ခေါင်းလောင်း၊ ကြေးစည်တွေ လှူဒါန်းတာ၊ တရားခွေတွေ ဒါနပြုတာ၊ အသံချဲ့စက်ပိုင်းကို တာဝန်ယူပေးတာ စတဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ ကုသိုလ် အရှိန်အဟုန် ကြီးမားလာသလို ကိုယ့်ကံကလည်း မြင့်သည်ထက် မြင့်မားလာမယ်ဆိုတာ မလွဲဧကန် ဖြစ်သလို အသံကြား သနားစေ ဆုလည်း ပြည့်ဝပါလိမ့်မယ်။

(၃) ဃာန – အနံ့အာရုံနဲ့ ပတ်သက်တဲ့ အမည်ရှင်တွေ – ဥပမာ သင်းသင်း၊ မွှေးမွှေး၊ သဇင်၊ ဇွန်ပန်း၊ ကြူသင်း စတဲ့ နာမည်သမားတွေက အဓိကအားဖြင့် ဘုရားစေတီတွေမှာ အမွှေးနံ့သာတွေ အဓိက လှူဒါန်းပေးရပါမယ်။ အမွှေးတိုင် ထွန်းညှိပူဇော်တာအပြင် နံ့သာဖြူရည် ဖြန်းပက်တာ၊ ပန်းတွေကို နေ့နံမရွေး လှလှပပ ပြင်ဆင်ပြီး ကပ်လှူ ပူဇော်တာတွေ လုပ်ပေးပါ။ ကိုယ့်နာမည် ဂုဏ်သတင်းလည်း ကျော်ကြား ထင်ရှားလာပါလိမ့်မယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၄) ဇီဝှာ- အရသာ ဆန်တဲ့ အမည် မှည့်ထားသူတွေ – ဥပမာ မောင်ချို၊ မအေးအေး စတဲ့ နာမည်သမားတွေက သိပ်တွေးစရာ မလိုပါဘူး။ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းခဲဖွယ်ဘောဇဉ်တွေ ကျကျနန ပြင်ဆင်ပြီး ကပ်လှူပါ။ အမြင့်ဆုံးရတနာ (၃) ပါးကို လှူဒါန်းမှုအပြင် အစာအဟာရ လိုအပ်ချက် ရှိတဲ့ ဘိုးဘွားရိပ်သာတွေ၊ ဆင်းရဲနွမ်းပါးသူတွေ၊ ခိုကိုးရာမဲ့ ကလေးသူငယ်တွေကိုလည်း တတ်နိုင်သမျှ အာဟာရအလှူ ပေးနိုင်ပါတယ်။

(၅) ကာယ – အထိအတွေ့ ကိုယ်ထည်ဆိုင်ရာ အမည်ရှင်တွေ – ဥပမာအားဖြင့် ဖိုးတုတ်၊ မောင်ပိန်၊ ပိစိ၊ ပွကြီး၊ ဖက်တီး၊ လှလှ စတဲ့ နာမည်မျိုး မှည့်ထားသူတွေကတော့ ကိုယ်ကာယကို အရင်းပြုတဲ့ ကုသိုလ်ကောင်းမှုမျိုး မကြာခဏ ပြုလုပ်ရပါမယ်။ ဘုရားစေတီတွေမှာ တံမြက်လှည်းတာ၊ အုတ်သယ်ကျောက်သယ် လုပ်ပေးတာ၊ ဘုန်းတော်ကြီးတွေရဲ့ ကုဋီကို သန့်ရှင်းပေးတာ၊ လူအများသုံးတဲ့ လမ်း၊ တံတားတွေကို အပင်ပန်းခံ ပြင်ပေးတာ စတဲ့ ကုသိုလ်တွေကို ရယူနိုင်ပါတယ်။ ကျန်းမာသက်ရှည်ပြီး ဘုန်းတန်ခိုးကို အထောက်အပံ့ ဖြစ်စေပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၆) မန – နာမ်ပိုင်းကို ဖော်ညွှန်းတဲ့ အမည်မျိုးတွေ – ဥပမာ မောင်ဥာဏ်ထက်၊ မောင်မေတ္တာ၊ မနောဖြူ စတဲ့ အမည်ရှင်တွေက ကိုယ့်စိတ်နှလုံးကို အတတ်နိုင်ဆုံး ဖြူစင်ရှင်းသန့်အောင် ထားရှိတာဟာ အကောင်းဆုံးသော ယတြာပဲ ဖြစ်ပါတယ်။ စိတ်ဓာတ် တည်ကြည် သန့်ရှင်းလေ၊ ဘဝက တိုးတက်အောင်မြင်လေပဲ ဖြစ်ပါတယ်။ လူမှုရေး၊ ကုသိုလ်ရေးတွေမှာ စိတ်အားထက်သန်စွာ ပါဝင်ပေးတာ၊ သီလစောင့်၊ အဓိဌာန် ဝင်တာတွေကလည်း ဘဝတက်လမ်းကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ နာမ်ပိုင်းအစောင့်အရှောက် ရရှိတတ်ပါတယ်။

ကိုယ့်နာမည်အလိုက် ကုသိုလ်ပြုရင်း ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာပါစေသော်ဝ်.. – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)