နာမည်တွေအကြောင်း တစေ့တစောင်း (၁)

ဒီဆောင်းပါးနဲ့ပတ်သက်လို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော စိတ်ဆန္ဒ အလျင်း မရှိပါ ကြောင်း ဦးစွာ ပြောကြားထားလိုပါတယ်။ နာမည်အချို့နဲ့ ပတ်သက်လို့ အကျိုးအပြစ် ပြုတတ်ပုံလေးတွေကို တင်ပြပေးခြင်းသာ ဖြစ်ပြီး မှန်၏ မမှန်၏ ဆိုတာကိုတော့ မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကို လေ့လာ ကြည့်ပြီး သိရှိနိုင်ပါလိမ့်မယ်။

အဓိကကတော့ ကာယကံရှင်ကိုယ်တိုင် ကိုယ့်ကိုယ်ကို အဖြေရှာရခက်ပြီး နားမလည်နိုင်အောင် ဖြစ်နေတဲ့ အချို့သော ဘဝ အစိတ်အပိုင်းများဟာ နာမည်ကြောင့်များဖြစ်နေခဲ့ရင် ပြုပြင်နိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း ရှိစေနိုင်ဖို့နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို နာမည်မှည့်ခေါ်ပေးရာမှာ သတိပြုစေနိုင်ဖို့ ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။

နှင်း – မြန်မာလူမျိုး တော်တော်များများ မှည့်လေ့ရှိတဲ့ နာမည်တစ်ခုပါပဲ။ နှင်း ဆိုတဲ့ ပညတ်ဟာ မိန်းကလေးအများစု မှည့်ခေါ်တတ်ကြတာကို တွေ့ရပါတယ်။ နငယ်ဟာ အသားရောင်မည်းသူတွေ နဲ့ ကိုက်ညီမှု ပိုရှိတဲ့ ဟေဌအုပ်စုဝင် အက္ခရာ တစ်မျိုးဖြစ်ပြီး အများစုသော မြန်မာတို့ကတော့ အသားဖြူလေ နှင်းဆိုပြီး မှည့်လေလေပါပဲ။

နငယ်ကို ဟထိုးသရနဲ့ ငသတ်ပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့ နှင်း ဆိုတဲ့ ပညတ်ဟာ မိန်းကလေးအများစုကို  ကာမအမှောင်အတွင်း တွန်းပို့နေတဲ့ ပညတ်တစ်ခု လို့ ဆိုရပါမယ်။ စာရေးသူအတွေ့အကြုံအရ နှင်း ဆိုတဲ့ ပညတ်နဲ့ နာမည်ကို အစပြု မှည့်ခေါ်ထားသော ဥပမာအားဖြင့် နှင်းနှင်းလွင်၊ နှင်းရတနာ၊ နှင်းပွင့်ဖြူ စသော နာမည်ရှင်များဟာ ဘ၀မှာ လက်မထပ်မီ အမျိုးသားနဲ့ ကျုးကျုးလွန်လွန်ဖြစ်စေရန် အလွန် အခွင့်အလမ်း များတာကို တွေ့ရပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အသားဖြူရင် ပိုပိုပြီး သေချာလာပါတယ်။ အားလုံးလို့ မဆိုလိုချင်သေးပေမယ့် ယနေ့ထိ တွေ့မိသမျှနဲ့အကြောင်း သိမိခဲ့ရသမျှ အဆိုပါနာမည်ရှင်တွေဟာ လက်မထပ်မီ အမှားအယွင်းနဲ့ မကင်းတတ်ကြတာ တွေ့ရပါတယ်။ ဒီ့ထက် ဆိုးဆိုးရွားရွားတွေလည်း အများအပြား တွေ့ရသော်လည်း မရေးလိုသဖြင့် ချန်လှပ်ထားခဲ့ပါတယ်။ အဓိကကတော့ အသားအရောင်ဝဏ္ဏ လွဲမှားပြီး ဟထိုးသရ တပ်ပေးလိုက်တာဟာ ဒီပညတ်မှာ အပြစ်သင့်နေတယ်လို့ စာရေးသူအနေနဲ့ ယူဆမိပါတယ်။  (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)


မီမီ၊ မီးမီး – မအက္ခရာကို လုံးကြီးတင်ဆံခတ်သရ ( -ီ ) နဲ့ တွဲမှည့်ထားတဲ့ မီ ဆိုတဲ့ အမည်ဟာလည်း မိန်းကလေးတွေနဲ့ တော်တော် ပြဿနာများတတ်တဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ မကောင်းပြောတာကို ခံရဖို့ အလွန် သေချာပြီး ဒီအမည်ကလည်း အသားဖြူလေလေ ဒုက္ခ ပိုပေးလေပါပဲ။ ဗိုင်းကောင်းကျောက်ဖိ နေတတ်ပြီး မိဘလူကြီး အသိုက်အဝန်း ကောင်းတာတောင် အပြစ်ပြောခံရဖို့ မလွတ်ပါဘူး။

အထူးသဖြင့်  မီထက် မီးမီး ဆိုတဲ့ နာမည်ဟာ ပိုမို ပြဿနာပေးပါတယ်။ ပတ်ဝန်းကျင်က မကောင်း ဘယ်လိုပြောပြော အမည်ရှင်တွေကလည်း ဂရုကိုမစိုက်ဘဲ ကိုယ်ထင်ရာကိုယ် ဇွတ်တရွတ် လုပ်လေ့ရှိတတ်ကြတာကို အမြဲတွေ့ ရတဲ့အမည်ပါပဲ။ မူလမဟာဘုတ်မှာ အင်္ဂါဂြိုဟ်နဲ့ တနင်္ဂနွေဂြိုဟ်တို့ အနေအထား ညံ့ ဖျင်းတာ၊ နာမည်နဲ့ ပက္ခ မိနေတာများ ရှိခဲ့ရင် သက်ဆိုင်ရာအမည်ရှင်ကို တစ်ဘဝလုံးလိုက် အရှက်ခွဲတတ်တဲ့အမည်လို့ ဆိုချင်ပါတယ်။


မြင့် – အမျိုးသားကော အမျိုးသမီးပါ အမှည့်များတဲ့ ဒီနာမည်ဟာလည်း တော်တော်လေးကို ဒုက္ခများတဲ့ နာမည်တစ်ခု ပါပဲ။ အသားအရောင်အမဲရောင် အညိုရောင်ကို ကြိုက်ပြီး ပညတ်သဘောအရ အရပ်မြင့်မြင့်လူတွေသာ မှည့်အပ်တဲ့ ဒီအမည်ဟာ အမည်အရင်းစာလုံးကို မြင့်နဲ့ မှည့်ပြီး ဥပမာအားဖြင့် (မြင့်မြင့်နိုင်၊ မြင့်သူ၊ မြင့်ခိုင်၊ မြင့်မြင့်ကြည်) စသည်ဖြင့် မှည့်ထားပြီး အရပ်ပုပု ဖြစ်ခဲ့မယ်ဆိုရင် ဘဝမှာ ဗြုန်းခနဲ နိမ့်ကျတတ်တဲ့ ကံတရားမျိုးကို စရံသတ်ထားသလိုပါပဲ။

အရပ်ပုလေလေ ကံအကျိုးပေး ယိမ်းယိုင်တတ်လေလေမို့ သတိထား မှည့်သင့်တဲ့ နာမည်မျိုးပါ။ အသားဖြူလေလေ အိမ်ထောင်ရေးမှာ ဆိုးကျိုးပေးလေလေပါပဲ။ အသားညိုသူမည်းသူများအဖို့ တနင်္ဂနွေဂြိုဟ်လည်း အားကောင်းခဲ့မယ်ဆိုရင်တော့ အိမ်ထောင်ရေးမှာ ပြဿနာ မပေါ်ဘဲ ကောင်းကျိုးပေး တတ်ပေမယ့် အသားဖြူပြီး အရပ်ပုပုနဲ့ တနင်္ဂနွေဂြိုဟ်ပါ အင်အားနည်းပါးခဲ့မယ်ဆိုရင်တော့ အိမ်ထောင်ရေးမှာ ကံခေကြပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)


စိုး – အမျိုးသားကော အမျိုးသမီးပါ အမှည့်များတဲ့ စာလုံးတစ်ခု ဖြစ်ပါတယ်။ အသားဖြူမှ အကျိုးပေး ဖြောင့်ဖြူးကြပါတယ်။ အသံသြဇာရှိရင် နောက်ထပ် ကံအကျိုးပေး ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။ အသားညိုသူ မည်းသူများမှာ အိမ်ထောင်ရေးမှာ အခက်အခဲ မကင်းတတ်သလို ၊ စီးပွားရေး လူမှုရေးမှာလည်း ခဲရာခဲစစ်အနေအထားအချို့ ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

လက်တွေ့လေ့လာကြည့်တော့လည်း တော်တော်များများ တိုက်ဆိုင်နေတာကိုတွေ့ရသလို စိုး ဆိုတဲ့ နာမည် အစပြု မှည့်ခေါ်ထားသော စိုးအောင်၊ စိုးမင်း၊ စိုးစိုးသန့်၊ စသည်ဖြင့် နာမည်ရှင်တွေမှာ အသားညိုသူမည်းသူ ဖြစ်ခဲ့ရင် ဘဝခရီး ပိုမို ကြမ်းတမ်းတတ်ပါတယ်။ မိန်းကလေးတွေမှာ ဒီနာမည် အစပြု မှည့်ထားရင် အပျိုကြီး ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် အမျိုးသားများနဲ့ နင်လားငါလား နေတတ်တဲ့ စရိုက်မျိုး ရလာကြတာကို အထူးသဖြင့် တွေ့ရတတ်ပြီး အမျိုးသားအမျိုးသမီး အားလုံးဟာ မာနကြီးပြီး အထီးကျန်ရတဲ့ စိတ်ခံစားချက်တွေကို ပိုင်ဆိုင်ရတတ်တဲ့ သဘာဝကို အများအပြား တွေ့ရပါကြောင်း…

အမည်ဆိုင်ရာ ဗေဒင်သုတ ရရှိကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

 

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)