ပစ္စည်းပျောက် ရှာနိုင်သော ရိုးရာဗေဒင်နည်းတစ်ခု

မြန်မာ့စကားပုံတွေမှာ ဥစ္စာပျောက် ငရဲရောက် ဆိုတာ ရှိပါတယ်။ ကိုယ့်ပစ္စည်းဥစ္စာတစ်ခုခု ပျောက်ရှတာနဲ့ ဟိုလူ ယူနိုး၊ ဒီလူ ခိုးနိုးနဲ့ ထင်မြင်စွပ်စွဲ အကုသိုလ် များတတ်လို့လည်း ရှေးလူကြီးသူမများက ဒီလို သတိပေးခဲ့တာ ဖြစ်ပါတယ်။

သူတပါးက တကယ် ခိုးယူသွားတာ မဟုတ်ဘဲ ကိုယ်တိုင်က နေရာ အထားမှားတာ၊ ကျကျန်ရစ်တာ၊ မေ့လျော့ထားမိတာမျိုး ဆိုရင်တော့ မြန်မာ့ရိုးရာဗေဒင်နည်းလေးတစ်ခုနဲ့ ပြန်ရှာဖွေကြည့်နိုင်ပါတယ်။ ဒီနည်းစနစ်ကို အိုကြင်ရာ ဥဒကေ ဆိုတဲ့ လင်္ကာသွားလေးတွေနဲ့ ရှေးပညာရှင်များက မှတ်တမ်းတင်ခဲ့ပေမယ့် ဒီဘက်ခေတ်မှာ မှတ်သားရ လွယ်အောင် လင်္ကာကို ဖြည်ချပြီး လိုရင်းကိုပဲ တင်ပြလိုက်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တနင်္ဂနွေနေ့မှာ ပစ္စည်း ပျောက်ရင် – ရေနဲ့ ဆက်စပ်ရာ၊ ရေနဲ့ နီးတဲ့ နေရာမျိုးတွေမှာ ရှိတတ်ပါတယ်။ ဥပမာ ရေချိုးခန်း၊ လက်ဆေးရေဇလုံ၊ ရေဘုံဘိုင်၊ ရေတွင်း၊ ရေပိုက်၊ ရေအိုး၊ အုတ်ကန်၊ ရေအိုင်တွေနားမှာ ပြန်ပြီး ရှာတွေ့တတ်ပါတယ်။

တနင်္လာနေ့မှာ ပစ္စည်း ပျောက်ရင် – အပင်တွေ များများ ရှိတဲ့ နေရာ၊ မြက်ခြုံ ထူထပ်ရာ၊ တောစပ်လို နေရာနဲ့ ပန်းရုံ၊ ပန်းခြုံနားတွေ၊ သစ်ပင်ကြားတွေမှာ ရှာဖွေကြည့်နိုင်ပါတယ်။ ရှုပ်ထွေးတဲ့ နေရာမှာ ရှိတတ်ပါတယ်။

အင်္ဂါနေ့မှာ ပစ္စည်း ပျောက်ရင် – အံဆွဲ၊ ဗီရို၊ ကျင်းပေါက်၊ ဂလိုင်ပေါက်၊ ချောင်ကြိုချောင်ကြား၊ ပိုက်ခေါင်းဝ စတဲ့ နေရာတွေမှာ ပြန်ရှာတွေ့တတ်ပါတယ်။ ဘူးခွံအထဲတွေ၊ ပန်းကန်၊ ခွက်အောက်တွေ ရောက်နေတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗုဒဟူးနေ့မှာ ပစ္စည်း ပျောက်ရင် – ကိုယ်တိုင် သွားလာခဲ့တဲ့ လမ်းတစ်လျှောက် ပြန်ကြည့်ပါ။ လူအသွားအလာ များတဲ့ နေရာမှာလည်း ရှိတတ်ပါတယ်။ လူစည်ကားရာမှာ ပြန်ရှာကြည့်နိုင်ပါတယ်။ လူကြားထဲ ရှာဖွေပါ။

ကြာသပတေးနေ့မှာ ပစ္စည်း ပျောက်ရင် – တန်းပေါ်၊ ဘောင်ပေါ် အမြင့်တစ်နေရာရာမှာ ရှာကြည့်ပါ။ ဗီရိုပေါ်တွေ၊ အိမ်ထဲက အမြင့်တန်းတွေ ရှိရာမှာ ပြန်တွေ့တတ်ပါတယ်။ တောင်ပို့ ကုန်းမြင့်မျိုးမှာ ရှိတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သောကြာနေ့မှာ ပစ္စည်း ပျောက်ရင် – လမ်းမှန်သမျှမှာ ရှာပါ။ အိမ်ခန်းထဲက လျှောက်လမ်းရော အပြင်ဘက်က လမ်းမတွေမှာပါ ထွက်ရှာကြည့်နိုင်ပါတယ်။ လမ်းကြောင်း တစ်နေရာရာမှာ ပြန်ရှာတွေ့တတ်ပါတယ်။

စနေနေ့မှာ ပစ္စည်း ပျောက်ရင် – ကိုယ့်အနီးအပါးမှာပဲ ပြန်တွေ့တတ်ပါတယ်။ ကိုယ့်နား ပတ်လည်လေးမှာပဲ ရှိတတ်ပြီး မျက်စိလျှမ်းလို့ မမြင်မိဘဲ ဖြစ်တတ်ပါတယ်။ နောက်ဖေး မီးဖိုတွေဘက်လည်း ရှာကြည့်နိုင်ပါတယ်။

ပစ္စည်းပျောက် ပြန်ရှာတာနဲ့ ပတ်သက်လို့ မြန်မာ့ဗေဒင်နည်းစနစ်ကောင်းတွေ အများကြီး ကျန်ပါသေးတယ်။ လောလောဆယ် ရှေးအကျဆုံး ဗေဒင်မူဟောင်းတစ်ခုကို ဦးစွာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့ကျကျ ပြန် အသုံးချနိုင်ကြပါစေ။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)