ပရိတ်၊ ပဋ္ဌာန်း၊ ဂါထာများ အစွမ်းထက်အောင် ရွတ်ဖတ်နည်း

မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် ပရိတ်တော်များ၊ ဂါထာတော်များက အစွမ်းထက်မြက်ပြီးသား တရားတော်များသာ ဖြစ်ပါတယ်။ ရွတ်ဆိုသူများဘက်က ချွတ်ယွင်းချက်များ မရှိရင် အမှန်ပင် အစွမ်း ထက်မြက်လှတယ်လို့ ဆိုရမှာပါ။

ရွတ်ဖတ်သူများဘက်က နည်းစနစ်မကျ၍သော်လည်းကောင်း၊ ချွတ်ယွင်းချက်များရှိ၍သာ အကျိုးပေးမမှန် ဖြစ်ရသလို အစွမ်း မထက်မြက်သလို ဖြစ်နေတာပါ။ ဒါကို တစ်ချို့က မိမိချွတ်ယွင်းချက်၊ စနစ်မကျမှုတွေကို သတိမထားဘဲ ပရိတ်တော်၊ ဂါထာတော်များက အစွမ်း မထက်မြက်သလို ထင်နေကြပါတယ်။ အဲဒီလို သံသယတွေ ကင်းဝေးစေဖို့ ပရိတ်၊ ဂါထာတွေ ရွတ်ဆိုတဲ့အခါ သတိထား ဆင်ခြင်စရာများနှင့် တန်ခိုးထက်မြက်အောင် ဘယ်လိုရွတ်ဆိုရမလဲ ..စတဲ့ ရွတ်ဆိုပုံလေးကို ပြောပြချင်ပါတယ်။

(၁) အဝတ်အစားများကို လဲသင့်လျှင် လဲရမည်။ (ဆိုလိုတာက မြတ်စွာဘုရားရှင်နှင့် တရားတော်များကို မရိုမသေဖြစ်စေမည့် အဂါရဝ အဝတ်အစားများကို လဲသင့်သည်ဟု ဆိုလိုခြင်းဖြစ်ပါတယ်) ယောဂီ အဝတ်အစားကို (လုံးဝ) ဝတ်ဆင်ပြီးမှ ရွတ်ဆိုရမည်ဟု မဆိုလိုပါ။ သင့်တင့်မည့်၊ ရိုသေစေမည့် (ဂါရဝ) ဖြစ်စေမည့် အဝတ်အစားမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ခြေ၊လက်၊ ခံတွင်းတို့ကို သုတ်သင် ကြည်လင်သန့်ရှင်း စေရပါမည်။

(၂) ပရိတ်ရွတ်ဆိုသော ပုဂ္ဂိုလ်များကဲ့သို့ မိမိတို့ ရွတ်ဆိုသော ပရိတ်တော်၊ဂါထာတော်၊ဂုဏ်တော်များ၏ အနက်၊ အဓိပ္ပါယ်ကိုလည်း သိထားရမည်။ သိအောင် လုပ်ရမည်။(အတိအကျ မသိတာတောင် အကြမ်းဖျဉ်း) သိထားရမည်။ အတိအကျ သိထားပါက ပိုကောင်းမည်။ ကျက်သင့်သောအရာကို ကျက်ထားသင့်သည်။ မိမိ ရွတ်ဆိုလိုက်သော ပါဠိ၏ အဓိပ္ပါယ်ကို ရွတ်ဆိုရင်း နှလုံးသွင်းနေရမည်။

(၃) ရွတ်ဖတ်တဲ့အခါ “ကြောက်ခြင်း၊လိုချင်ခြင်း၊မိရိုးဖလာ လုပ်ရိုးလုပ်စဉ်” ကြောင့် လုပ်ရသောစိတ်၊ (ယုံကြည်မှုသဒ္ဓါ၊ ပိုင်ခြားဝေဖန်တဲ့ပညာ မပါသော မလေးနက်သော စိတ်) မျိုး မဖြစ်စေရ။

(၄) ရောဂါဖြစ်သောအခါ ၊တစ်စုံတစ်ရာ ဒုက္ခဖြစ်သောအခါတို့၌ မိမိတို့ ရွတ်ဆိုအပ်သော ပရိတ်တော် ဂါထာတော်များ ပို၍ အစွမ်းအာနိသင် ထက်စေလိုလျှင် ရေ၊ဆီ၊သဲ၊ချည် ၊ လက်ကိုင်ပဝါစသည်တို့ကို ရွတ်ဆိုသူ၏ လက်နှင့် ထိတွေ့ကိုင်တွယ်ထားပြီး ရွတ်ဆိုပါ။ ဤသို့ ပြုလုပ်ခြင်းကို မြတ်စွာဘုရားရှင်တို့၏ အာဏာစက်သွင်းခြင်းဟု ခေါ်ပါသည်။ လောကီနည်းမဟုတ်၊ “ဝိနည်းအဋ္ဌကထာ”၌လာသော လုပ်ထုံးလုပ်နည်း ဖြစ်၏။

(၅) မိမိလုပ်နေကျ ဓမ္မဝတ်ကို ပုံမှန်လုပ်ရမည်။ စွဲစွဲမြဲမြဲ ဝတ်ထားပြီး လုပ်ရမည်။ သို့မှသာ ပို၍ထိရောက်မည်။  ဆွမ်းဝတ်၊ ရေတွင်း ရေကန် ကျောင်းဝတ်နှင့် ရွတ်ဆို နှလုံးသွင်းမှု(အိမ်မှာ အမြဲရွတ်ဆိုသူ၊ အလုပ်သွားရင်း ကားပေါ်၊ရထားပေါ် ရွတ်ဆိုလေ့ရှိသူ၊ ဘုရားသွားသည့်အခါ ရွတ်ဆိုလေ့ရှိသူ)စတဲ့  ဝတ်ထားပြီး ပြုအပ်သော ကုသိုလ်ဝတ်ရှိသူသည်  “သရဏဂုံ ငါးပါးသီလ” မြဲသောသူဖြစ်သဖြင့်  အပါယ်မကျနိုင်ပါ။ ဤဝတ်တွေ မြဲသောသူသည် သောတာပန်နှင့်တူသည် ဟု ဆိုလိုခြင်းဖြစ်ပါသည်။

(၆) ပရိတ်၊ ဂါထာတွေ ရွတ်ဖတ်ရာ၌လည်းကောင်း၊တရားဘာဝနာလုပ်၌ လည်းကောင်း၊ထေရဝါဒစစ်စစ် ဘာသာရေး အလုပ် မှန်သမျှ၌ ပုတီးဘယ်နှစ်ပတ် စိပ်ရမည်။ ဂါထာကို ဘယ်နှစ်ခေါက်ရွတ်ရမည်ဟု သတ်မှတ်ချက် မထားသင့်ပါ။ ဤသတ်မှတ်ချက်များသည် “ဂိုဏ်း”မှ ကူးစက်လာသော  အမူအကျင့်များ ဖြစ်သည်။ ဂိုဏ်း အမူအကျင့်နှင့် ထေရဝါဒ ကွဲပြားခြားနားအောင် ကျင့်ဆောင်ရမည်။ ထို့ကြောင့် မိမိ စိပ်နိုင်သလောက်၊ ရွတ်နိုင်သလောက် ရွတ်ဖတ်ပူဇော်ပါ။

(၇) ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ရွတ်ဆိုအပ်သော ပါဠိတော်များသည် ကမ္ဘာပေါ်ရှိ ဘာသာစကားတို့တွင်  အမြတ်ဆုံးသော စကားဖြစ်ကြသည်ဟု ဟောတော်မူထား၏။ စကားလုံးတိုင်း စကားလုံးတိုင်း၌ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ကျင့်အပ်သော ပါရမီအင်အားများ  ပါနေသောကြောင့် ဤသို့ အစွမ်းထက်သည်ဟု အာရုံပြုရမှာဖြစ်ပါသည်။

(မှတ်ချက်)။ ။ အိမ်မှာရွတ်ဆိုသူ၊ဘုရားသွားတဲ့အခါ ရွတ်ဆိုသူများဟာ အထက်ပါအချက်များ အားလုံး ပြည့်စုံမည် ဆိုပါက ပရိတ်တော်များ အစွမ်းထက်မည်ဖြစ်ပါသည်။ လမ်းသွားရင်း၊ကားစီးရင်၊ရထားစီး ရင်းသွားတဲ့အခါမှာတော့ နံပါတ်(၁) အချက်က ခက်ခဲနေပါလိမ့်မည်။ မကိုက်ညီဘဲ ဖြစ်နေနိုင်ပါသည်။ထို(၁) အချက်နဲ့ မကိုက်ညီလို့ မရွတ်ဖတ်တော့ဘဲ တောင်တွေး မြောက်တွေး တွေးနေမည့်အစား နံပါတ်(၁)အချက်ကို ကြဉ်ပြီး ရွတ်ဆိုမှု ပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။

အလုပ်လုပ်ရင်း ၊ခရီးသွားရင်း ကားစီးရင်း ရထားစီးရင်း၊ ပရိတ်တော်၊ဂါထာတော်၊ ဂုဏ်တော် များကို ပွားများ အားထုတ်ပါလို့ ထပ်ဆင့်တိုက်တွန်းလိုက်ပါတယ်။  ထိုသို့ရွတ်ဆိုမည်ဆိုပါကလည်း မြတ်စွာဘုရား တရားတော်များကို ကြည်ညိုခြင်းဖြစ်သဖြင့် ဓမ္မဒေသနာကုသိုလ်တရားများဖြစ်စေပါတယ်။

ပရိတ်၊ ပဌာန်း၊ ဂါထာာတော်များ အစွမ်းထက်မြက်စေရန် နောက်ထပ်တစ်နည်းက ….

ဟူသော အင်္ဂါငါးရပ်နှင့်ပြည့်စုံစွာ ရွတ်လျှင် အမှန်မုချ အစွမ်းသတ္တိ ထက်မြက်စေနိုင်ပါသည်။ယင်းသို့ ရွတ်ဆိုခြင်းဖြင့် ဆန္ဒ၊ဝီရိယ၊ သမာဓိ၊ပညာ၊ စိတ်ဟူသော အစွမ်းသတ္တိကြီးမား၍ စူးရှထက်မြက်သည့် တရားကြီးများ ဖြစ်ပေါ်လာကာ  ဟေတု၊အာရမ္မဏ၊ အဓိပတိ၊ အနန္တရ စသော  ပဋ္ဌာန်းပစ္စည်းသတ္တိများစွာ၏ အင်အားများ  ပေါင်းစပ်ပါဝင်သောကြောင့် ဖြစ်ပါသည်။

တစ်ဆက်တည်းအနေနဲ့ တရားခွေများမှ ပရိတ်တော်များကို နာကြားသူ၊ဆရာတော်များ ရွတ်ဆိုတဲ့အခါ နာကြားသူ၊ သူတစ်ပါး ရွတ်ဆိုတဲ့အခါ“နာကြားသူများ” အနေနဲ့ ပြည့်စုံရမယ့်အင်္ဂါလေးပါးကိုပါ ထည့်သွင်း ဖော်ပြလိုက်ပါတယ်။

(၁) (အမိကိုသတ်ခြင်းစတဲ့)  ပဉ္စာနန္တရိယကံ ဟူသော ကမ္မန္တရာယ်မရှိခြင်း။ (၂) (ကံ ကံ၏ အကျိုးကို မယုံကြည်ခြင်း) နိယတ မိစ္ဆာဒိဋ္ဌိဟူသော ကိလေသန္တရာယ် မရှိခြင်း။ (၃) ပရိတ်ပါဠိတော်၏ ဂုဏ်ကျေးဇူးကို သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့်ပြည့်စုံခြင်း။ (၄) ပရိတ်ပါဠိတော်ကို ရိုသေလေးစားစွာနာယူခြင်း တို့ဖြစ်ပါတယ်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ မူရင်းရေးသားသူ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) အား လေးမြတ်စွာ ဦးခိုက်ပူဇော်ပါ၏။ ဗေဒင်သုတ Admin Team

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)