ဘင်္ဂဖွား ကြာသပတေးသားသမီးများအတွက်

ဘင်္ဂဖွားဆိုရင် တော်တော်များများ ဗေဒင်ဆရာတို့က …အောက်တန်းဖွား အပုပ်သုံးအိမ်ဖွား ညံ့တယ်ဆိုပြီး ဟောဆိုလေ့ရှိခဲ့ကြပါတယ်။

တစ်ကယ်တော့ ကျွန်တော့်အတွေ့အကြုံအရ ဘင်္ဂဖွားတွေ အများစု ရဲ့ သက်လတ်ပိုင်းဟာ အောင်မြင်မှုတွေ ၊ ဘ၀အခြေအနေ မြင့်မားလာမှုတွေ တွေ့ခဲ့မြင်ခဲ့ ကြုံခဲ့ ကြားခဲ့ ….ဟောဆိုခဲ့ရသည် များခဲ့ပါတယ်။

ဒီအတွေ့အကြုံတွေထဲမှာ …ကြာသပတေး ဘင်္ဂဖွားတွေ ရဲ့ သက်လတ်ပိုင်းသည် စွန့်စွန့်စားစား လုပ်ကိုင် အောင်မြင်မှုတွေ ရောယှက်နေပြီး …တစ်ချို့သည် အလွန်အင်မတန် ဘ၀အခြေအနေ မြင့်တက် ချမ်းသာ ကြွယ်ဝလာကြတာကိုလည်း တွေ့ရပါတယ်။

ကျွန်တော် သင်ပေးခဲ့ရဖူးတဲ့ ပညာသင်ဝါသနာရှင် လူငယ်တစ်ဦး ရှိခဲ့ဖူးပါတယ်။ ပြည်ပနိုင်ငံသား ဘ၀ကို ခံယူသွားသည့်အပြင် …သူ့ရဲ့ သက်လတ်ပိုင်းအောင်မြင်မှုဟာ ပြည်ပနိုင်ငံမှာ အိုးအိမ်ပိုင် ယာဉ်ကားပိုင် အလုပ်အကိုင်ကောင်းမွန်သည့် အဆင့်ထိ ရောက်ရှိသွားတာလည်း တွေ့ခဲ့ရဖူးပါတယ်။

ဒီတပည့်လူငယ်ကတော့ အမည်အင်အားလည်း ကောင်းမွန်တဲ့ ကြာသပတေးဘင်္ဂဖွားပါပဲ။ ကြာသာပတေး ဘင်္ဂဖွားတွေရဲ့ အသက် ၃၁နှစ်တင်းတင်း ပြည့်ပြီးချိန်မှ …၅၂နှစ်အတွင်း သက်လတ်ပိုင်းကာလသည် အများစုအတွက် တိုးတက်မှု အောင်မြင်မှု

ကံကောင်းစွာ စွန့်စားလုပ်ကိုင်မှုများ လမ်းကြောင်းတည့်မတ်မှု ကြုံနိုင်သော ကာလများလည်း ဖြစ်ပါတယ်။ မှည့်ခေါ်ထားသည့်  အမည်သာ မမှားယွင်းခဲ့ဘူးဆိုရင် ၊ သင့်တင့်ညီညွတ်ခဲ့မယ်ဆိုရင် အရွယ်ကောင်းမှာ ကြီးပွားချမ်းသာနိုင်သော ဇာတာရှင်တွေလို့ ဆိုရပါမယ်။

ကြာသာပတေးဘင်္ဂဖွားတွေသည် အနီရောင် ၊ အစိမ်းရောင် များနှင့် အကျိုးပေးကြပါတယ်။ ကြာသာပတေး ဘင်္ဂဖွားတွေရဲ့ အဓိက အားနည်းချက် အကုသိုလ်ကံအကျိုးပေးကတော့ ….

သူတစ်ပါးအပြစ်ကို မိမိက ခေါင်းခံပေးရတတ်ခြင်း၊ အာမခံမိ လက်မှတ်ထိုးပေးမိရာကနေ အပြစ်ခံရတတ်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါဥပါဒ်များ ပေးလွယ်ခြင်း၊ အမျိုးသမီး ဇာတာရှင်များတွင် မီးယပ်ပိုင်းဆိုင်ရာ ရောဂါများ ခံစားရတတ်ခြင်းပဲ ဖြစ်ပါတယ်။

ကြာသာပတေး ဘင်္ဂဖွားတွေအတွက် အကောင်းဆုံး အဆောင်ကတော့ …သန္တာကျောက်ပဲ ဖြစ်ပါလိမ့်မယ်။ အားလုံးပဲ ကျန်းမာချမ်းသာခြင်း ဖြင့် ပြည့်စုံနိုင်ကြပါစေ။ လေးစားလျက် –

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)