ဘီလ်ဂိတ် ကြိုဟောခဲ့သော ဝူဟန်ဗိုင်းရပ်စ်

မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ကမ္ဘာကျော် သူဋ္ဌေးကြီး ဘီလ်ဂိတ်ဟာ အခု တရုတ်ပြည်နဲ့ နိုင်ငံတစ်ချို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်ဗိုင်းရပ်စ် ကိစ္စကို မနှစ်ကတည်းက ကြိုတင် ဟောကိန်း ထုတ်ခဲ့တယ် လို့ သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

ကမ္ဘာကြီးဟာ ဗိုင်းရပ်စ်ပိုး အလျင်အမြန် ကူးစက်ပျံ့ပွားနိုင်တဲ့ အန္တရာယ် ရှိနေပြီး (၆) လအတွင်းမှာ လူပေါင်း ၃၃ သန်း အထိ သေဆုံးနိုင်တာကြောင့် စစ်ပွဲတွေအတွက် ကြိုတင် ပြင်ဆင်ကြတဲ့အတိုင်း ဒီကိစ္စကို အလေးအနက်ထားရမယ် လို့ ဘီလ်ဂိတ်က မနှစ်က ဟောပြောပွဲတစ်ခုမှာ ပြောဆိုခဲ့တာပါ။

တရုတ်ပြည်၊ ဝူဟန်မှာ စဖြစ်ခဲ့တဲ့ ဒီအဆုတ်ရောင်ရောဂါပိုးသစ်ဟာ တရုတ်နိုင်ငံအတွက် အရေးပေါ် အခြေအနေ ဖြစ်ပေမယ့် နိုင်ငံတကာအဆင့်အထိ စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်သေးဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၅ မနက်ပိုင်းအထိ ကမ္ဘာအနှံ့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၁၃၀၀ ကျော်နဲ့ သေဆုံးသူ ၄၀ ကျော်အထိ ရှိလာခဲ့ပါပြီ။

ဒီဗိုင်းရပ်စ်ပိုး ကူးစက်မခံရအောင်လို့ (လူထူထပ်တဲ့ နေရာတွေ မသွားဖို့ ၊ ဖျားနာချောင်းဆိုးနှာချေစတဲ့ ဖျားနာသူတွေနဲ့ အနီးကပ် မနေဖို့၊ နှာချေ ချောင်းဆိုးတဲ့အခါ နှာခေါင်းစည်းနဲ့ အကာအကွယ်ကို သုံးဖို့၊ တိရစ္ဆာန်တွေနဲ့ တိုက်ရိုက် မထိတွေ့ဖို့၊ လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာ ဆေးကြောဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးထားတာ တွေ့ရပါတယ်။ ဗေဒင်ဟောကိန်း၊ ဗေဒင်အကြောင်းအရာ မဟုတ်ပေမယ့် ဗေဒင်သုတစာဖတ်သူတွေ ရောဂါကင်းဝေး၊ ကျန်းမာရေးအတွက် သတင်းနဲ့ ဗဟုသုတ မျှဝေရခြင်း ဖြစ်ပါတယ်။ အားလုံး ဘေးကင်း ကျန်းမာကြပါစေ.. ။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)