ဘုန်းမြင့်ကံမြင့်အဓိဌာန်ကျင့်စဉ်

နွေဦး၏ လေပွေရိုင်းတို့ တစ်ချက်တစ်ချက် တိုးဝေ့တိုက်ခတ်နေစဉ် သစ်ရွက်ဟောင်းတို့ တဖြုတ်ဖြုတ် ကြွေကျနေသည်ကို ဘာရယ်မဟုတ် တစိမ့်စိမ့်ကြည့်နေခဲ့မိ၏။

ထိုစဉ်..”ဤသို့ပြုရမြတ်ပုညကို….”ဟူသောအသံကို အသံနေအသံထားဖြင့် ရွတ်ဖတ်ပူဇော်သံကို ကြားရသောကြောင့် အဘ၏ အဓိဌာန်ပုတီးစိပ် ပြီးသွား၍ အမျှဝေတာ့မည်ဟု သိလိုက်၏။ မြို့ဒေါင့်စေတီ၏ ဗုဒ္ဓဟူးထောင့်တွင် အဓိဌာန်ဝင်နေခြင်းဖြစ်ပါ၏။

“လူလေး…ပျင်းနေပြီလားကွ”ဟုမေးရာ ကျွန်တော်လည်း “မပျင်းပါဘူးအဘ…သစ်ရွက်ကြွေတာလေးတွေ ထိုင်ကြည့်နေတာပါ” ဟုပြန်ဖြေလိုက်၏။ ထိုအခါ အဘက”အေးပေါ့ကွာ…မမြဲခြင်း ပြောင်းလဲခြင်း နိယာမတွေပေါ့…”ဟု ဆို၏။

ပြီးနောက်အဘသည် စီးကရက်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ထုတ်၍ မီးညှိရှိုက်ဖွာနေစဉ် ကျွန်တော်မှ “အဘကိုမေးစရာရှိတယ်… အဘက ဗုဒ္ဓဟူးညနေမွေးတဲ့ ရာဟုဆိုပြီး ဘာလို့ ရာဟုထောင့်မှာ အဓိဌာန်မ၀င်ဘဲ ဗုဒ္ဓဟူးထောင့်မှာ ပုတီးစိပ်အဓိဌာန် ၀င်ရတာလဲ”ဟု မေးရာ…

အဘက”လူတစ်ဦးတစ်ယောက်မှာ သူ့နေ့သူ့နံအရ ဘုန်းကံနဲ့ဆိုင်တဲ့ဂြိုလ် ဆိုတာ ရှိတယ်…အဲ့ဒီ ဂြိုလ်ကိုတေဇလို့ ခေါ်တယ်။ လူလေးကို အဌလဂ်ခွင်သင်ပေးတုန်းက ပရိဝါယ အာယု…စတဲ့အရပ်၈ပါး ရှိတာကို သင်ပေးခဲ့တာမှတ်မိတယ်မလား”ဟု ပြောရာ” မှတ်မိပါတယ်အဘ”ဟုဖြေလိုက်၏။

“အေး…အဲ့ဒီမှာ တေဇဟာ ဘယ်နှခွင်မြောက်လဲ… “၆ခွင်မြောက်ပါအဘ”… အဲ့ဒါဆို ရာဟုရဲ့ ခြောက်ခွင်မြောက်ကရော “ဟုမေးရာ ကျွန်တော်လည်း လက်ချောင်းလေးများ ထောင်၍ “ရာ…သီ…အ…ကျော်…စံ…၀ယ်……..ဆိုတော့ ဗုဒ္ဓဟူးပါအဘ…”ဟု မဆိုင်းမတွ ပြန်ဖြေလိုက်၏။

ထိုအခါ အဘသည်”အေး…အဘရဲ့တေဇဂြိုလ်ဒေါင့်ဟာ ဗုဒ္ဓဟူး မဟုတ်လား…ဒါ့ကြောင် ဗုဒ္ဓဟူး ထောင့်မှာ အဓိဋ္ဌာန် ပုတီးစိတ်တယ်။ ဒါဆိုရှင်းပြီလား”ဟုမေးရာ “ဟုတ်ကဲ့အဘ ရှင်းပါပြီ ဟု ပြန်ပြောလိုက်၏။

“ဟုတ်ပြီ…ဒါဆိုကိုယ့်ရဲ့တေဇထောင့်မှာ ဘုရားဂုဏ်တော်၉ပါးကို ပုတီးကိုးပတ် စိတ်ပြီး မေတ္တာသုတ် ရွတ်ဖတ်ပြီး အဓိဋ္ဌာန် ၀င်ရတောပေါ့။ အချိန်ကရော တစ်ပတ်တစ်ခါပဲလား အဘ ဟုမေးရာ…အင်္ဂ၀ိဇ္ဇာမှာ တြိရန်းနေ့ရဲ့ စတုရန်းအခါပေါ့ကွဲ့…အဲ့အချိန်ဟာ အဓိဌာန်အတွက် အကောင်းဆုံးပါပဲ”ဟု ဆို၍ ကျွန်တော်လည်း အသေအချာ မှတ်သားထားလိုက်၏။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

“လူတွေမှာ တစ်ခါတစ်ရံ လုပ်သမျှအဆင်မပြေ စိတ်တိုင်းမကျ ပြောရေးဆိုရေး လုပ်ရေးကံရေးတွေ ကမောက်ကမဖြစ်တဲ့အခါ သုံးကြိမ်သုံးပတ်လောက် အဓိဌာန်ဝင်လိုက်တာနဲ့ တော်ရုံအခက်ခဲတွေ ပြေပျောက်သွားရတာပါ့ကွာ။ ကဲ….အဘတို့ သွားကြရအောင် လူလေး” ဟုဆိုသောကြောင့် ကျွန်တော်နှင့် အဘလည်း မြို့ဒေါင့်စေတီမှ ပြန်လာခဲ့ပါတော့၏။

ဤအဓိဌာန်သည် အခက်အခဲ ကြုံတိုင်း ဘုန်းကံနိမ့်ပါးသောအခါမျိုးတွင်သာမဟုတ် အဆင်ပြေသလို ဖြည့်ကျင့်နိုင်သော ရိုးရှင်းလှသော ကျင့်စဉ်တစ်ခုဖြစ်ပါသည်။ ပုတီးစိပ်ရမည့် တေဇဂြိုလ်ထောင့် နှင့် အချိန်အခါတို့အား ဗေဒင်ပညာနှင့်စိမ်းသူများ သိရှိနိုင်စေဖို့ တင်ပြပေးလိုက်ပါသည်။ (ပုံတွင်ကြည့်ပါ)

နေ့သားအလိုက်သတ်မှတ်ထားသောအချိန်တွင်မိမိတို့တေဇဂြိုလ်တိုင်တွင် တုနှိုင်းမဲ့သောဘုရားရှင်၏ ဂုဏ်တော်ကိုးပါးကို တစ်ပါးလျှင် ပုတီးတစ်ပတ်စီဖြင့် ၉ပတ်စိပ်ပါ။ ပြီးလျှင် မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ရပါမည်။ အမွှေးတိုင်ဖယောင်းတိုင်ကို မိမိတို့ သဒ္ဒါတရားရှိသလို ကပ်လှူနိုင်ပါသည်။ နေ့အချိန်ဖြစ်စေ ညအချိန်ဖြစ်စေ အဆင်ပြေသလို ဖြည့်ကျင့်နိုင်ကြပါသည်။

ဘုန်းမြင့်ကံပွင့်ကြပါစေ – ဆရာလင်းဝေအောင် (ဆန်းကျမ်းနှင့်ကေပီရှေ့ဆောင်နက္ခတ်ဗေဒင်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)