ဘုမ္မိစက်ကွင်းနှင့် အကာအကွယ်ယတြာ

မြန်မာဗေဒင်ပညာတွင် ဘုမ္မိကျရောက်သည့် အသက်ပိုင်းခြားကာလများကို နေ့သားအလိုက် ရှေးဆရာကြီးများ သတ်မှတ်ခဲ့ကြသည်။ ဘုမ္မိစက်ကွင်းထဲ ကျရောက်လာသည့်အခါ ညာတိဗျသန-ဆွေမျိုးညာတိတို့ ပျက်စီးခြင်း၊ ဘောဂဗျသန-စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း၊ ရောဂါဗျသန- အနာရောဂါ ဖိစီးနှိပ်စက်၍ ပျက်စီးခြင်းတို့ ဖြစ်တတ်သည်။

မြန်မာ့လက်ဆန်းဗေဒင်ပညာအရ မိမိတို့၏ ဂြိုဟ်နံသင့်အိမ်မှ လေးခွင်မြောက် ကျရောက်သော အဌလဂ်ခွင်သို့ ရောက်ခြင်းကို ဘုမ္မိစက်ကွင်းသို့ ကျရောက်သည်ဟု သတ်မှတ်ထားသည်။ နေ့သားအလိုက် ဘုမ္မိဂြိုဟ်အိပ် ကျရောက်သော အသက်ပိုင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

-တနင်္ဂနွေနေ့ဖွားများသည် ဗုဒ္ဓဟူးဂြိုဟ်အိပ်ဖြစ်သော အသက် ၃၀နှစ် မှ ၄၆ နှစ်အတွင်း

-တနင်္လာနေ့ဖွားများသည် စနေဂြိုဟ်အိပ်ဖြစ်သော အသက် ၄၁နှစ် မှ အသက် ၅၀ နှစ်အတွင်း

-အင်္ဂါနေ့ဖွားများသည် ကြာသပတေးဂြိုဟ်အိပ်ဖြစ်သော အသက် ၃၆ နှစ်မှ ၅၄ နှစ်အတွင်း

-ဗုဒ္ဓဟူးနေ့ဖွားများသည် ရာဟုဂြိုဟ်အိပ်ဖြစ်သော အသက် ၄၇ နှစ်မှ ၅၈ နှစ်အတွင်း

-ကြာသပတေးနေ့ဖွားများသည် တနင်္ဂနွေဂြိုဟ်အိပ်ဖြစ်သော အသက် ၅၃ နှစ်မှ ၅၈ နှစ်အတွင်း

-သောကြာနေ့ဖွားများသည် အင်္ဂါဂြိုဟ်အိပ်ဖြစ်သော အသက် ၄၃ နှစ်မှ အသက် ၅၀ နှစ်အတွင်း

-စနေနေ့ဖွားများသည် သောကြာဂြိုဟ်အိပ်ဖြစ်သော အသက် ၄၂ နှစ်မှ ၆၂ နှစ်အတွင်း

ဖော်ပြပါ အသက်ပိုင်းများသည် (၇) နေ့ဖွားအလိုက် ဘုမ္မိဂြိုဟ်အိပ်သော အသက်ပိုင်းများဖြစ်ပြီး အဝင်နှစ် အထွက်နှစ်များတွင် ပိုမို ဂရုစိုက်သတိပြုရမည်ဖြစ်ပေသည်။

ဘုမ္မိကျသော အသက်ပိုင်းများတွင် မိမိတို့၏ အာယုအရပ်တွင် မွေးနံပင်ကို ရှင်သန်အောင် စိုက်ပျိုးခြင်းဖြင့် ဘုမ္မိဆိုးကျိုးကြောင့် ဖြစ်ပေါ်လာသော အညံ့များကို ကာကွယ်နိုင်မည်။ ဤကားရှေးခေတ်ပညာရှင်ကြီးများ၏ ဘုမ္မိအကာကွယ်ယတြာ နည်းလမ်းကောင်း တစ်ခုပင်ဖြစ်သည်။ နေ့သားအလိုက်ဆောင်ရွက်ရန်မှာ …

-တနင်္ဂနွေနေ့ဖွားများသည် အရှေ့အရပ်တွင် အုန်းပင် စိုက်ရမည်။

-တနင်္လာနေ့ဖွားများသည် အရှေ့တောင်အရပ်တွင် ကံကော်ပင် စိုက်ရမည်။

-အင်္ဂါနေ့ဖွားများသည် တောင်အရပ်တွင် ဇီးပင် စိုက်ရမည်။

-ဗုဒ္ဓဟူးနေ့ဖွားများသည် အနောက်တောင်အရပ်တွင် ရွက်လှပင် (သို့) ဝါးပင် ရရာတစ်ပင် စိုက်ပျိုးရမည်။

-ကြာသပတေးနေ့ဖွားများသည် အနောက်မြောက်အရပ်တွင် ပျဉ်းမပင် သို့မဟုတ် ပိန်းပန်းပင် စိုက်ရမည်။

-သောကြာနေ့ဖွားများသည် အရှေ့မြောက်အရပ်တွင် သီဟိုဠ်ပင် (သို့) သီးပင် ရရာစိုက်ပျိုးရမည်။

-စနေနေ့ဖွားများသည်။ အနောက်အရပ်တွင် ဒန်းပင် (သို့) ထန်းပင် စိုက်ပျိုးရမည်။

ဤကား ဘုမ္မိဂြိုဟ်အိပ်၏ ကံဇာတာအညံ့များကို ကျော်လွှားစေနိုင်သော ဘုမ္မိကျော် ဓာတ်သစ်ပင်စိုက် ယတြာ ဖြစ်ပါသည်။ ဤအကာအကွယ်ယတြာဖြင့် ဘုမ္မိစက်ကွင်းကာလတွင် ဖြစ်ပေါ်လာနိုင်သော ညာတိဗျသန၊ ဘောဂဗျသနနှင့် ရောဂါဗျသနများကို လျော့ပါးသက်သာ ပျောက်ကွယ်စေနိုင်ပါလိမ့်မည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)