မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – နှစ်တစ်နှစ်၏ နောက်ဆုံးလထဲမှာပင် အလုပ်၊ စီးပွား အပြောင်းအလဲကြီးများ ဖြစ်လာနိုင်သည်။ အလုပ်နေရာ ပြောင်းလဲခြင်း၊ အလုပ်သစ်သို့ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်း အပြောင်းအလဲ စတင်ခြင်းတို့ ယခုလထဲ ဖြစ်ပေါ်လာတတ်သည်။ စီးပွားသစ် တိုးချဲ့ရန်လည်း အခွင့်အလမ်း ပေါ်လာမည်။

သို့သော် လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ အငြင်းပွား၊ စကားများရသည်များလည်း ရှိတတ်သည်။ အထူးသဖြင့် အကြီးအကဲများနှင့် ဆက်ဆံ ထိတွေ့ရာတွင် သတိထားရမည်။ ဝင်ငွေရလမ်းသစ်များ ပေါ်လာတတ်ပြီး ပိုလျှံငွေများလည်း ဝင်လာနိုင်သည်။

မေတ္တာရေးရာ – ချစ်သူစုံတွဲများ၊ အိမ်ထောင်ရှင်များကြားတွင် အချင်းချင်း စကားများလိုက်၊ ပြန်အဆင်ပြေလိုက် ဖြစ်နေပြီး တစ်လလုံးကို အကောင်းအဆိုးများ ယှဉ်၍ ဖြတ်သန်းရလိမ့်မည်။ ယခုလ ၂၀ ရက်ဝန်းကျင်၌ အချစ်၊ မေတ္တာရေးကိစ္စတိုင်းတွင် ပြဿနာ ကြီးငယ်တို့ ဖြစ်ပွားတတ်သည်။ သူတပါးအပေါ် ဖိအားမပေးရန် သတိပြုပါ။

အခြားကဏ္ဍများ – စိတ်ကူးသစ်၊ အတွေးသစ်များ စတင် ဖြစ်တည်လာနိုင်သော ကာလ ဖြစ်၍ အတွေးအကြံနှင့် စိတ်ကူးအဟောင်းများကို စွန့်ပစ်ရမည်။ ပတ်ဝန်းကျင်သစ်၊ နယ်ပယ်သစ်နှင့်လည်း စတင် ထိတွေ့ရတတ်သည်။ မိတ်သစ်ဆွေသစ်များ၊ ပါတနာအသစ်များ ရရှိတတ်သည်။ မိသားစုထဲတွင် အသေးအဖွဲ စိတ်ညစ်စရာ ဖြစ်မည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)