ရတနာတြိ – နမာမိ

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့ အိမ်တိုင်းမှာ ကိုးကွယ်ဆည်းကပ် ပူဇော်ကြတဲ့ ပုံတော်အများစုမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး တစ်ပါးတည်းသာ သီတင်းသုံး စံပယ်တော်မူနေတဲ့ ပုံတွေက များပါတယ်။ အထူးသဖြင့် ဓမ္မစကြာတရား ဟောတော်မူနေတဲ့ ပုံကို မတွေ့ရသလောက် နည်းပါတယ်။ တွေ့ရင်လည်း ဘုရားကျောင်းဆောင် တဝိုက်နဲ့ ခေါင်းရင်းနား ဘေးဘက်တွေမှာသာ ပူဇော်သမှု အနေနဲ့ ကပ်ထားတာပဲ ရှိပါတယ်။ ပုံတော်ထက် ဆင်းတု ရုပ်ပွားတော်တွေကိုပဲ ပူဇော်သူတွေ များလာတဲ့ ဒီဘက်ခေတ်မှာ မြတ်စွာဘုရားရဲ့ ဓမ္မစကြာတရား ဟောတော်မူပုံကို သီးသန့် ပူဇော်ထားသူလည်း မရှိသလောက်ကို ရှားနိုင်ပါတယ်။

ဘာ့ကြောင့် ဓမ္မစကြာဟောတော်မူပုံကို အလေးထား ပြောနေရသလဲဆိုတော့ ဒီပုံတော်မှာ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင်ရယ်၊ ပဉ္စ၀ဂ္ဂီငါးပါးရယ်၊  ဓမ္မစကြာတရားတော်ရယ်၊ သုံးမျိုးစလုံး ပါဝင်နေပြီး နေကလည်း အဝင်၊ လကလည်း အထွက်၊ နေနဲ့လ နှစ်ပါး ဆိုင်နေတဲ့ မြင်ကွင်းပါ အစုံအလင် ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒါကို ဘာသာရေးရှုထောင့်အရ ထူးခြားမှုလို့ ပြောမရပေမယ့် လောကီပညာရှုထောင့်မှာတော့ ဒီလို ရတနာ (၃) ပါးစလုံးနဲ့ အတူ နေရောလပါ နှစ်ပါးပြိုင်နေတဲ့အတွက် ဒီပုံတော်မှာ အင်မတန် ထူးခြားတဲ့ ကုသိုလ်စွမ်းအားတွေ ဖြစ်တည်ပြီး ဆည်းကပ် ပူဇော်သူတွေ အတွက် ကောင်းကျိုးချမ်းသာ၊ မင်္ဂလာကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ပုံတော်ကို ပူဇော်ခွင့် ရရုံနဲ့ မထူးနိုင်သေးဘဲ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆီမီး၊ ပန်း၊ ရေချမ်းများကို (၃)ဂဏန်း အရေအတွက်နဲ့ လှူဒါန်းပူဇော်ပြီး ဓမ္မစကြာနဲ့ အနတ္တလက္ခဏာသုတ်များကိုလည်း ရွတ်ဖတ်ပူဇော်ပေးနိုင်မှသာ ထူးခြားမှုတွေ မြင်တွေ့ ခံစားရမယ်လို့ လောကီပညာရှင်ပိုင်းက အကြံပြုထားပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒီနေရာမှာ ဗုဒ္ဓဘာသာနဲ့ မဆိုင်ပေမယ့် လောကီပညာရှုထောင့်ကနေ ဆက်စပ်မှု ဖြစ်နေတာလေးတွေကို ထပ်ပြောချင်ပါတယ်။ ဘာသာရေးမှာ ရှေးအကျဆုံးလို့ ယူဆရတဲ့ အီဂျစ်မှာ သူတို့ အထွဋ်အမြတ်ထားတဲ့ ဘုရား ၃ ဆူ ရှိပြီး အဲဒီ ၃ ဆူကို တြိဂံပုံစံ သရုပ်တင်ပြီး ပိရမစ်တွေကို တြိဂံလေးခုနဲ့ ပေါင်းစပ်ခဲ့ကြပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဟိန္ဒူဘာသာမှာလည်း ရှေးဟောင်းရှက်တိဂိုဏ်း သင်္ကေတက တြိဂံဟာ ဗြဟ္မာ၊ ဗိဿနိုးနဲ့ သီဝ ဘုရား ၃ ဆူကို ရည်ညွှန်းပါတယ်။ တြိဂံနှစ်ခု ပြောင်းပြန်ထပ်ပြီး သုံးတာကိုတော့ အနောက်တိုင်းမှာ ဒေးဗစ်စတားလို့ ခေါ်ပြီး ဟိန္ဒူတွေကတော့ ယန္တရလို့ ခေါ်ပါတယ်။ အဲဒီခြောက်မြှောင့်ကြယ်ဟာ ဖရီးမေဆင်ဂိုဏ်းက ထာဝရဘုရားရဲ့ သင်္ကေတအဖြစ် အသင်းထိပ်ဆုံးမှာ ရှိနေပါတယ်။

ဆိုလိုရင်းကတော့ သက်ဆိုင်ရာ ဘာသာတရားတွေမှာ တြိဂံသဘော စွမ်းအင်တွေကို သူ့နည်းသူ့ဟန်တွေနဲ့ ဆွဲငင် ရယူ အသုံးပြုနေတာမို့ ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ရတနာ ၃ ပါးစလုံး ပါဝင်ပြီး နေထိုင်ရာ ကမ္ဘာမြေနဲ့ အနီးဆုံး ဆက်စပ်နေတဲ့ နေနဲ့လကိုပါ ထည့်သွင်း ဖော်ပြထားတဲ့ ဓမ္မစကြာတရား ဟောတော်မူပုံကို ပူဇော်နိုင်မယ် ဆိုရင် လောကီအကျိုးစီးပွားပိုင်းမှာ ထူးခြားမှုတွေ ရှိလာနိုင်မယ် ဆိုတာတင်ပြလိုက်ပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)